Saturday, November 29, 2008

မောင်ဝိတ်ကို လူဝင်မှုကြီးကြပ်ရေး အမှုတိုးတပ်ပြန်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008 20:34 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်ကို နောက်ထပ် အမှုတခု တိုးလိုက်ပြန်သည်။ မလေးရှား နိုင်ငံသားတဦးကို သူ၏ ရုံးခန်းအတွင်း တရားမ၀င် နေထိုင်ခွင့် ပြုထားသည် ဆိုကာ မောင်ဝိတ်ကို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပုဒ်မတခုဖြင့် ထပ်မံ စွဲဆိုထားသည်။

လမ်းမတော်မြို့နယ် ရဲစခန်းက ဇူလိုင်လ ၁၅ ရက်နေ့တွင် အမှုဖွင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ရဲအရာရှိ တဦးက ပြောသည်။ လူဝင်မှုဥပဒေ ၁၃ (၅) အောက်မှ အမှုတွဲအမှတ် (ပ) ၁၈၇-၀၈ ဖြစ်သည်။

"အာဏာပိုင်တွေကို အကြောင်းမကြားဘဲ မလေးရှား တယောက်ကို လက်ခံထားတယ်လို့ သံသယ ရှိနေတယ်" ဟု ရဲသတင်း ရပ်ကွက်က ပြောသည်။

မလေးရှားနိုင်ငံသား မစ္စတာ ပီတာတူးဟောက်ဟော Mr. Peter Too Haut Haw ကို မောင်ဝိတ် အပါအ၀င် မြန်မာနိုင်ငံသား ၅ ဦးနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထားသည်။

အက်စ်တစီ၊ မက်တာဖီတမင်းနှင့် ကီတမင်းဆေးပြားများ ရောင်းဝယ် ဖောက်ကားမှုဖြင့် အသက် ၃၅ နှစ်အရွယ် မောင်ဝိတ်နှင့်မိသားစု ကုမ္ပဏီလိမိတက် မန်းနေးဂျင်း ဒါရိုက်တာ ကိုမောင်ဝိတ်ကို ရဲက စွဲဆိုထားပြီး အမှုထင်ရှားပါက ထောင်ဒဏ် တသက်အထိ ကျခံရနိုင်သည်။

အမှုဖွင့်ဆိုထားသော ရဲစခန်း သတင်းရပ်ကွက် အဆိုအရ မလေးရှားနိုင်ငံသားသည် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ရပ်ကွက် ၁ ၊ အနော်ရထာလမ်းပေါ်ရှိ မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ လိမိတက်ရုံးချုပ် ပရ၀ုဏ်အတွင်း ၂၀၀၃ ခုနှစ်ကတည်းက နေထိုင်လျက် ရှိသည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates