မဇ္ဈိမသတင်းဌာန |
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 12:32 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးရသည့် အရေအတွက်မှာ ၂ဝဝ၇ ခုနှစ်အတွင်း တဟုန်ထိုး တိုးတက်လာခဲ့ပြီး ဒဏ်ရာရသူ သေဆုံးသူအများစုမှာ အရပ်သားများ ဖြစ်သည်ဟု နိုင်ငံတကာ မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အဖွဲ့ကြီး၏ အစီရင်ခံစာတွင် ရေးသား တင်ပြထားပါသည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် နွယ်သော ထိခိုက်သေဆုံးမှုပေါင်း အနည်းဆုံး ၄ဝ၉ ခုဖြစ်ပွါးခဲ့ပြီး၊ လူ ၄၇ ဦး သေဆုံးခဲ့သည်ဟု အတည်ပြု၍ ရသည်။ ယခင်နှစ်က ထိုသို့ ထိခိုက်သေဆုံးမှု ၂၃၂ ခုဖြစ်ခဲ့ပြီး လူပေါင်း ၂ဝ သေဆုံးခဲ့သည်။ ၂ဝဝ၇ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ထိုသို့ ထိုခိုက်သေဆုံးခဲ့မှုများ၏ ၆ဝ% နီးပါးမှာ ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် ဖြစ်ပွါးခဲ့သည်ဟု ပထဝီဝင် ဒေသအလိုက် ခွဲခြားဖေါ်ပြသော အစီရင်ခံစာတွင် ရေးသားထားသည်။ နိုင်ငံတွင်းတွင် အချက်အလက်ကိန်းဂဏန်း ကောက်ယူသည့် ယုံကြည်ကိုးစားရသော စနစ်တရပ်မရှိသဖြင့် ဤအချက်အလက် ကိန်းဂဏန်းများသည်လည်း အမှန်ဖြစ်ပေါ်ခဲ့သော ကိန်းဂဏန်းများထက် လျော့နည်းမည်မှာ သေချာသည်။ ဤနှစ်အတွက် မြန်မာ နှင့် ရုရှ နှစ်နိုင်ငံထဲသာ လူသတ်မိုင်းအသစ်များအသုံးပြုခဲ့သည့် နိုင်ငံများအဖြစ် ရွေးချယ်ဖေါ် ပြထားခြင်းခံရသည်။ ၂ဝဝ၇ ခုနှစ်အတွင်း သိရှိခဲ့ရသော အရေအတွက်အနက် ၉ ဦးမှာ အရပ်သားများ ဖြစ်သည်။ အရပ်သားများ ထိခိုက်သေဆုံးမှုတွင် အများဆုံး ဖြစ်ပွါးသည့်ကိစ္စများမှာ သိရှိရသော အသေးစိတ် အချက်အလက်များ အရ ထင်းရှာစဉ် ထိခိုက်သေဆုံးသူ ၄၆ ဦး၊ ခရီးသွားစဉ် ၂၂ ဦး၊ စိုက်ပျိုးထွန်ယက်စဉ် ၁၉ ဦး၊ ပေါ်တာထမ်းစဉ် ၁၈ ဦး နှင့် အဓမ္မလုပ်အားပေး ခိုင်းစေခံရစဉ် ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးတို့ဖြစ်ကြသည်။ မြန်မာစစ်တပ်က မိုင်းရှာကိရိယာများအဖြစ် အရပ်သားများကို အဓမ္မ အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက် အများအပြားကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) က ရရှိခဲ့သည်။ ဤစွပ်စွဲချက်များသည် လွတ်လပ်စွာ စုံစမ်းကောက်ယူပြုစုထားသော မြေမြှုပ်မိုင်း အစီရင်ခံစာပါ အချက်အလက်များနှင့်လည်း ကိုက်ညီမှု ရှိပါသည်။ မြန်မာစစ်တပ်သည် မြေမြှုပ်မိုင်းများကို ရွာသားများ သူတို့ အိုးအိမ်များသို့ ပြန်မလာစေရန်နှင့် သီးသန့် ခွဲထုတ်ထားသော ရွာစုများ၏ အပြင်သို့ မထွက်စေရန်အတွက် အသုံးပြုခဲ့ကြသည် ဟု မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများ၌ လှုပ်ရှားနေကြသော လူ့အခွင့်အရေး အဖွဲ့များ အဆိုအရနှင့် လက်လှမ်းမီသမျှ အခြေအနေများအရ သိရပါသည်။ နိုင်ငံတော် စစ်တပ်မဟုတ်သော လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း သူတို့ထက် လက်နက်အင်အား အဆမတန် သာလွန်သည့် မြန်မာ့တပ်မတော်ကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အသုံးပြုသည့် သူတို့တွင် ရှိသော လက်နက်အနည်းငယ် အနက် ဤမြေမြှုပ်မိုင်းများကိုလည်း ထည့်သွင်း အသုံးပြုကြသည်ဟု နာမည်ကြီးသည်။ တခါတရံတွင် မိုင်းတလုံးကို ဖေါက်ခွဲလိုက်ခြင်းသည် ရွာသားများကို သူတို့ အိုးအိမ်များကို စွန့်ခွါကြရန် သတိပေးချက်ထက် မပိုပါ။ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ အကူအညီ မရနိုင်သဖြင့် မိုင်းထိ ဒုက္ခသည်များသည် မိမိတို့ဘာသာ ရှာဖွေ ကုသစားသောက်ကြရသည်။ "ကျန်းမာရေး စောင့်ရှောက်မှုစရိတ် ကြီးမြင့်ခြင်းသည် ကုသမှုခံယူရေးတွင် အကြီးမားဆုံး အဟန့်အတား ဖြစ်သည်။ ဆက်လက် ဖြစ်ပွါးနေသော ပဋိပက္ခများနှင့် သွားလာရေး ခက်ခဲခြင်းသည် နောက်ထပ် အခက်အခဲ အတားအဆီးများ ဖြစ်ကြသည်" ဟု အစီရင်ခံစာတွင် ရေးသားထားသည်။ မပြည့်စုံသော အစိုးရ ကျန်းမာရေး ဌာနများနှင့် ကျန်းမာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု မလုံလောက်ခြင်းသည်လည်း နောက်ထပ် အကြောင်းအချက်များ ဖြစ်သည်။ ပဲခူးတိုင်းတွင်ရှိသော အစိုးရပိုင် မြန်မာကာကွယ်ရေးပစ္စည်း စက်ရုံသည် ထိုရှာဖွေ ဖေါ်ထုတ်၍ မရနိုင်သော လူသတ်မိုင်းများကို ပြည်တွင်းတွင် ထုတ်လုပ်နေသည်ဟု သိရှိကြသည်။ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးကမူ မြန်မာနိုင်ငံတွင် တရုတ်၊ အိန္ဒိယ၊ အီတလီ၊ ရုရှ နှင့် အမေရိကန်လုပ် နိုင်ငံခြားမိုင်းများလည်း အသုံးပြုနေသည်ဟု ဆိုပါသည်။ အစိုးရမဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့များအနက် ၂ဝဝ၇ ခုနှစ်အတွင်း မြေမြှုပ်မိုင်းများ အသုံးပြုခဲ့သည့် တပ်ဖွဲ့များ မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ၊ ကရင်နီတပ်မတော်၊ ကရင် ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် တပ်မတော် (DKBA) ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ၊ မွန်ပြည်သစ်ပါတီ နှင့် ဝပြည်တပ်မတော် (UWSA) တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် မြေမြှုပ်မိုင်းများ ပျံ့ကျဲနေရာတွင် အဓိကအားဖြင့် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများတွင် စုပုံတည်ရှိသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးကတဲက မြန်မာ ဗဟိုအာဏာပိုင်များသည် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာနှင့် ပြတ်ပြတ်တောင်းတောင်း တိုက်ခိုက်ခဲ့သည်။ ယင်းတို့ထဲမှ အများစုမှာ နယ်စပ်ဒေသများတွင် လှုပ်ရှားနေကြသည်။ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေး စာချုပ်ဟုခေါ်သော ၁၉၉၈ ခုနှစ် အော့တာဝါ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံတခု မဟုတ်ပါ။ တရုတ်၊ အိန္ဒိယ၊ ရုရှ နှင့် အမေရိကန်နိုင်ငံတို့မှာလည်း ယင်းသို့ လက်မှတ် မရေးထိုးရသေးသည့် နိုင်ငံများ ဖြစ်ကြပါသည်။ |