Tuesday, March 4, 2008

နေပြည်တော်တွင် ထိပ်သီးအစည်းအဝေး ပြုလုပ်

နေသွင်
Tuesday, 04 March 2008 18:53 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရ၏ အရေးပါသော မူဝါဒဆိုင်ရာ အစည်းအဝေး တရပ်ကို တက်ရောက်ရန် စစ်တိုင်းမှူးများ ယမန်နေ့က စ၍ နေပြည်တော်သို့ ထွက်ခွာသွားကြောင်း စစ်ဘက် သတင်းရပ်ကွက်များနှင့် လေ့လာသူများ အပြောအရ သိရသည်။

လျို့ဝှက်နိုင်လွန်းသည့် တိုင်း (၁၃) တိုင်းမှ စစ်တိုင်းမှူးများ အပါအဝင် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များသာ တက်ရောက်သော အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ဖွယ် ရှိသည်။

အစည်းအဝေးတွင် မည်သည့်အကြောင်း ကိစ္စများ ဆွေးနွေးမည်ကို အတိအကျ မသိနိုင်သော်လည်း လေ့လာသူများက မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်နေနိုင်မည်ဟု ခန့်မှန်းထားကြသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက “လေးလပတ် သဘောလည်း ဆောင်တယ်။ နောက်တခုက ဆန္ဒခံယူပွဲ အတွင်းမှာ ရပခ နေရာမှာ အရပ်သားတွေက ယာယီ တာဝန်ယူမလား မသိဘူး။ အများအမြင်မှာ တပ်က ကိုင်တာမဟုတ်ဘူး ဖြစ်ရအောင်၊ အရပ်ဘက်က ကိုင်ခိုင်းမယ်။ ဒေသဆိုင်ရာက ဖြစ်ရင်တောင် ကြံ့ဖွံ့ဥက္ကဌတွေ ဖြစ်ရင်ဖြစ်မယ်။ လူဟောင်းကြီးတွေ အပြင် ထုတ်ထားတဲ့ လူဟောင်းတွေ ဖြစ်ဖို့များတယ်” ဟု သုံးသပ်သည်။

မေလတွင်ပြုလုပ်မည့် လူထုဆန္ဒ ခံယူပွဲကို ရည်ညွန်း၍ “(၅) လပိုင်း လုပ်မယ့်ကိစ္စတွေက အစောပိုင်းက တရားဝင် ညှိနှိုင်းထားတာ မရှိဘူး။ (၄-၅) ယောက်ပဲ လုပ်နေတော့ သူတို့တွေ့ဖို့တော့ လိုတာပေါ့။” ဟု သူက ထပ်ပြောသည်။

ယမန်နှစ်က တိုင်းအဆင့်နှင့် ခရိုင်အဆင့် အတွင်းရေးမှူးအများစုကို အရပ်သားများ အဖြစ်သို့ ပြောင်းလဲ ထားပြီးဖြစ်သဖြင့် ကျန်ရှိနေသော တိုင်းမှူးနေရာတွင် အရပ်သားများဖြင့် အစားထိုးနိုင်ဖွယ် ရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်သော အရပ်ဘက်နှင့် စစ်ဘက် ဆက်ဆံရေး လေ့လာသူ ဦးဝင်းမင်းက မစ္စတာဂမ်ဘာရီ မြန်မာပြည်လာမည့် ကိစ္စ၊ မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲ ကိစ္စ၊ မတ်လ (၂၇) ရက်နေ့ တပ်မတော်နေ့ ကိစ္စများနှင့် ပတ်သက်နိုင်သည်ဟု ယေဘုယျ သုံးသပ်ထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ မတ်လ ၆ ရက်နေ့တွင် သွားရောက်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်သော မြန်မာပြည် နိုင်ငံရေးလေ့လာသူ ဦးအောင်နိုင်ဦးကတော့ လေးလပတ် အစည်းအဝေး မဖြစ်နိုင်ကြောင်းနှင့် မေလတွင် ပြုလုပ်မည့် လူထုဆန္ဒ ခံယူပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်မည်ဟု ပြောသည်။

“လေးလပတ်အတွက် ခေါ်တာမဟုတ်ဘူးလို့ ပြောတယ်။ Referendum (ဆန္ဒခံယူပွဲ) အတွက် သွားတာလို့ ထင်တယ်။ Referendum အတွက် ခေါ်တယ်ဆိုရင် တနိုင်ငံလုံးမှာ အေးအေးချမ်းချမ်း ဖြစ်အောင်၊ အနှောင့်အယှက် မရှိအောင်လို့ ညွန်ကြားချက်တွေ ပေးမယ်။ ဘယ်လို လုပ်မလဲဆိုတာ ရှင်းပြမှာပေါ့ဗျာ။ နောက်ပြီးတော့ ဖွဲ့စည်းပုံကို မြန်မြန်အဆုံးသတ်၊ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတော့ စစ်ဗိုလ်တွေလည်း အကုန် အံသြသွားကြတယ်။ အရာရှိတွေလည်း တော်တော် အံ့သြသွားတယ် ဆိုတော့ ဒီအနေအထားမျိုးကို အပေါ်က စစ်ဗိုလ်တွေက အောက်က ဒေသဆိုင်ရာ တပ်မှူးတွေကို ရှင်းပြမယ်လို့ ယူဆရပါတယ်။” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

စစ်အစိုးရသည် လုံခြုံရေး ကိစ္စရပ်များတွင် စစ်တပ်ကသာ လုပ်နိုင်သည်ဟု ယူဆထားပြီး၊ ဖွဲ့စည်းပုံအရလည်း နောက်အစိုးရ မပေါ်ပေါက်မချင်း လက်ရှိ အစိုးရအဖွဲ့ကို ပြင်ဆင်ရန် မလိုအပ်သဖြင့် တိုင်းမှူးနေရာတွင် အရပ်သားများဖြင့် အစားထိုးမည့် ကိစ္စသည် ဖြစ်နိုင်ခြေနည်းသည်ဟု သူကပြောသည်။

ဒေသဆိုင်ရာ စစ်တိုင်းမှူးများ၊ တပ်မမှူးများ၊ ဗျူဟာမှူးများ မျက်နှာစုံညီ တက်ရောက်သော လေးလပတ် အစည်းအဝေးကို နှစ်စဉ် ဇန်နဝါရီလ၊ မေလ၊ စက်တင်ဘာလတို့တွင် ပြုလုပ်လေ့ ရှိသော်လည်း စစ်အစိုးရ အနေဖြင့် နောက်ကျ ပြုလုပ်ခဲ့ရသော အကြိမ်များလည်း ရှိသည်။ ယခုနှစ်၏ ပထမ လေးလပတ် အစည်းအဝေးကို ယခုအချိန်ထိ ပြုလုပ်နိုင်ခြင်း မရှိသေးပါ။

၁၉၈၉ ခုနှစ် တပါတီ အစိုးရလက်ထဲမှ အာဏာ လွှဲပြောင်းယူပြီးနောက်ပိုင်း လေးလပတ် အစည်းအဝေးများသည် အရေးပါလာခဲ့ပြီး စစ်အစိုးရ၏ မူဝါဒဆိုင်ရာ အစည်းအဝေးများ ဖြစ်လာခဲ့ပြီး စစ်ဘက်နှင့် ထိပ်တန်း ရာထူးအပြောင်းအလဲများလည်း ထိုအစည်းအဝေးများ နောက်ပိုင်း ထွက်ပေါ်လာလေ့ ရှိသည်။



ဂမ်ဘာရီ ခရီးစဉ်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ မျှော်လင့်ချက်မထား

နေသွင်နှင့် သန်းထိုက်ဦး
Tuesday, 04 March 2008 18:43 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ မကြာမီလာရောက်မည့် မြန်မာပြည်ခရီးစဉ်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သိသိသာသာ ဖြစ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်ချက် မထားကြောင်း ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များက ယနေ့ ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားစေရေးအတွက် ဖိအားပေး ကြိုးပမ်းမှုအဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ နိုင်ငံရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ မတ်လ ၆ ရက်နေ့တွင် သွားရောက်မည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်က “သိပ်ပြီးတော့ မမျှော်လင့်ဘူးပေါ့နော်။ နအဖ က ဂမ်ဘာရီ ပြောတာ၊ တိုက်တွန်းတာကို လက်ခံနိုင်မယ့် အနေအထား အခုအချိန်မှာ မတွေ့ရဘူးလေ။” ဟု ပြောသည်။

“သူတို့က ၁/၂ဝဝ၈ ရယ်၊ ၂/၂ဝဝ၈ ရယ် ကြေညာထားတယ်။ ဂမ်ဘာရီနဲ့ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ကိစ္စတွေပဲ ဖြစ်ဖြစ် သူတို့က အပေါ်ယံသဘော ထားပြီးတော့၊ သူတို့လုပ်ရမယ့် Road Map အရ တဖက်သတ်သွားမယ် ဆိုတဲ့အပေါ်မှာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်တဲ့ အချိန်ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

နအဖ က သူတို့ အဆိုအရ ဒီမိုကရေစီသို့ ကူးပြောင်းမည့် လမ်းပြမြေပုံ Road Map ၏ အစိတ်အပိုင်းများ ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲကို မေလတွင် ပြုလုပ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲသစ် ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။

ဦးအေးသာအောင်က “တဖက်သတ် လုပ်ရပ်တွေကို ရပ်ပြီးတော့ တကယ် တိုင်းပြည်အတွက် အကျိုးရှိမယ့် တွေ့ဆုံဆွေးနွေးရေး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေတဲ့အပေါ်မှာ ယုံကြည်မှုကို တည်ဆောက်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အဲဒီကနေတဆင့် တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တွေကို ရပြီးတော့ နအဖ နဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ လက်တွဲ ဆောင်ရွက်နိုင်မယ့် လုပ်ငန်းခွင်တွေကို ဂမ်ဘာရီဟာ ဆွဲဆောင်နိုင်မလား၊ တိုက်တွန်း ပြောဆိုနိုင်မလား ဆိုတာ အန်ကယ်ကတော့ သိပ်ပြီးတော့ မထင်ဘူး” ဟု ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီ တခုဖြစ်သော ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်သည် မြန်မာပြည်တွင်း၌ အတိုက်အခံ ပါတီများနှင့် စုပေါင်း ဖွဲ့စည်းထားသော စီအာပီပီ တွင် တိုင်းရင်းသားပါတီ ၄ ပါတီ၏ ကိုယ်စားလှယ် ဖြစ်သည်။

စီအာပီပီကို ၁၉၉ဝ ခုနှစ် မေလ ရွေးကောက်ပွဲတွင် အနိုင်ရထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဇိုမီးအမျိုးသား ကွန်ဂရက်တို့ဖြင့် ၁၉၉၈ ခုနှစ် စက်တင်ဘာကတည်းက ဖွဲ့စည်းထားသော်လည်း စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းအဖြစ် ပြောဆိုလေ့ ရှိသည်။

ယူအန်အေ ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ စစ်ကိုင်းတိုင်း တမူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထောင်ကိုထန်းကလည်း “မြန်မာပြည် အနေအထားဟာ ကုလသမဂ္ဂလည်း ဘာမှ လုပ်ပေးနိုင်မယ့် အနေအထား မဟုတ်ဘူး။ ဘာလဲဆိုတော့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာက လုပ်ပေးနိုင်မယ့် အနေအထား ဘာမှ မရှိဘူးလေ။ ဘယ်လိုအခြေနဲ့ ဒီအစိုးရ ပြောင်းမှာလည်း မဟုတ်ဘူး။ ကျနော်တို့ လူမျိုးစုတွေဆိုရင်၊ နိုင်ငံရေးသမားတွေဆိုရင် အမြဲတမ်း စောင့်ကြည့်နေတာ။ စိတ်ပျက်စရာ ကောင်းတယ်” ဟု ပြောသည်။

မစ္စတာဂမ်ဘာရီ၏ ပြီးခဲ့သည့် ခရီးစဉ်များကတည်းက တိုင်းရင်းသား အင်အားစုများက တွေ့ဆုံလိုကြောင်း ကုလသမဂ္ဂထံ စာပို့ တောင်းဆိုထားသော်လည်း ယခုတိုင် ထူးခြားမှု မရှိဘဲ ဖြစ်နေသည်။

ဂမ်ဘာရီသည် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး အပြီးနှင့် နိုဝင်ဘာလအတွင်းက မြန်မာပြည်သို့ သွားရောက်ခဲ့ပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

သူသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဒေသတွင်းနိုင်ငံများ ဖြစ်သော တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ မြန်မာ့အရေး ကြိုးပမ်းမှု ထောက်ခံအားပေးရန် သွားရောက်ခဲ့ပြီး ဇန်နဝါရီလ နှောင်းပိုင်းတွင် အိန္ဒိယသို့ သွားရောက်ခဲ့သည်။

သူ့ကို နအဖ စစ်အစိုးရက ယခုနှစ် ဇန်နဝါရီလတွင် နောက်တခေါက် ပြန်လာရန် ပြောကြားခဲ့သော်လည်း ဧပြီလမှသာ လာရောက်ရန် ထပ်မံပြောဆိုပြီးနောက် ယခုလို မတ်လ ပထမပတ်တွင် လာရောက်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်၌ မစ္စတာ ဂမ်ဘာရီသည် ယခုတကြိမ်တွင် မြန်မာပြည်၌ လိုအပ်သော အချိန်အတိုင်းအတာအထိ နေထိုင်သွားမည်ဟုလည်း ဖော်ပြထားသည်။



ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲ ဧပြီတွင် ပြုလုပ်မည်

နန်းဒေဝီ
Tuesday, 04 March 2008 17:45 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများ စုပေါင်းပြီး ၄ နိုင်ငံ ချစ်ကြည်ရေး ကားမောင်းပွဲအား ပထမဆုံး အကြိမ်အဖြစ် လာမည့် ဧပြီလ အစောပိုင်းတွင် ပြုလုပ်သွားရန် စီစဉ်နေပြီ ဖြစ်သည်။

ချစ်ကြည်ရေး၊ စီးပွားရေး လမ်းကြောင်းနှင့် ခရီးသွား လုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်သွားရန် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ စုပေါင်းပြီး ပထမအကြိမ် ကားမောင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။ အသုံးပြုမည့် ကားများကို တရုတ်နှင့် အိန္ဒိယမှ ဖြည့်ဆည်း ပေးသွားမည်ဖြစ်သည်။

၁ဝ ရက်ကြာခန့် ကြာမည့် ကားမောင်းပွဲသည် မိုင်ပေါင်း ၁၅ဝဝ (ကီလိုမီတာ ၂၅ဝဝ) ခန့် မောင်းနှင်ရမည် ဖြစ်ပြီး တရုတ်ပြည် ကူမင်းမှ ရွှေလီ-မန္တလေး-တမူး ကားလမ်းတလျှောက် မောင်းနှင်ကာ အိန္ဒိယနိုင်ငံ ကာလကတ္တားတွင် အဆုံးသတ်မည်။

“ရည်ရွယ်ချက်ကိုက ချစ်ကြည် ရင်းနှီးမှုနဲ့ စီးပွားရေး လမ်းကြောင်း ပွင့်သွားတယ် ဆိုတဲ့ဟာပါပဲ။ အရှေ့အနောက် လမ်းကြောင်းကြီး ပွင့်သွားတော့ စီးပွားရေး အခွင့်အလမ်းတွေအားလုံး ၄ နိုင်ငံစလုံးမှာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အရှေ့အနောက် လမ်းကြောင်း ဆိုတာက မော်တော်ကားတွေနဲ့ သွားလို့ရပြီ ဆိုတာမျိုး လူတွေ သိသွားမယ်။ ကျယ်ကျယ်ပြန့်ပြန့်ပေါ့ ကူးလူးဆက်ဆံမှု တွေလည်း ရှိလာမယ်” ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းမှ ဝန်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံဘက်က ဧပြီလ ၁ ရက်နေ့တွင် စတင် ကျင်းပရန် အဆိုပြုထားသော်လည်း ယခုအချိန်အထိ ရက်အတိအကျ မသတ်မှတ်ရသေးပေ။

“မြန်မာနိုင်ငံက အားလုံး ၁၂ ယောက် ဝင်ပြိုင်ပါမယ်။ ငွေကြေးလည်း တတ်နိုင်တဲ့သူ၊ ဝါသနာလည်း ပါတဲ့သူ၊ အချိန်လည်း ပေးနိုင်တဲ့ သူတွေပေါ့။ ရွေးထားပြီးပါပြီ။ မောင်းမယ့် လူတွေအားလုံးက ယောက်ျားတွေ။ အသက် ၃ဝ နဲ့ ၄ဝ ပတ်ဝန်းကျင်ရှိပါတယ်။ Volunteer (စေတနာ့ဝန်ထမ်း) တွေပါပဲ။ မြန်မာနိုင်ငံ အတွက်ကတော့ ကုန်သည်ကြီးများအသင်းက တာဝန်ယူမှာ ဖြစ်ပါတယ်” ဟု ဝန်ထမ်းက ပြောသည်။



ရန်ကုန်မြို့ လူကုံထံရပ် ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပွား (နောက်ဆက်တွဲ)

မဇ္ဈိမသတင်းဌာန
Tuesday, 04 March 2008 11:31 - မြန်မာစံတော်ချိန်

နောက်ဆက်တွဲ

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အိမ်ရာတွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သူ ဦးချာလီ၊ ဒေါ်သန်းသန်းမြင့်တို့မှာ ကျောက်ကုန်သည်များ ဖြစ်ကြသည်။ သေသူများ၏ နေအိမ်မှ ကျပ်သိန်း ၂၀၀၀ ခန့် ပျောက်ဆုံးသွားခဲ့သည်ဟု ယုံကြည်ရကြောင်း ရဲသတင်း ရပ်ကွက်က ပြောသည်။ ရန်ကုန်မှ ပေးပို့သော ကြေးနန်းသတင်းများတွင် ကျပ်သိန်း ၁၀၀၀ ပျောက်ဆုံးသည်ဟု ဆိုသည်။

--------------------

ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လူ ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တခုတွင် ဖြစ်ပွားသော ပစ်ခတ်မှုတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အသတ်ခံရသူ အမျိုးသား၏ အမည်မှာ ဦးချာလီဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်ကာ ဖူဂျီကော်ဖီဟောက်စ် ပိုင်ရှင်၏ ယောက္ခမ ဖြစ်သည်ဟု သိရသည်။ အခြား သေဆုံးသူများမှာ ဦးချာလီ၏ ဇနီးသည်၊ သမီး ၂ ဦးနှင့် အိမ်ဖော် ၁ ဦးတို့ ဖြစ်သည်။

အခင်းဖြစ်ပွားသော နေရာသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသော အိမ်အမှတ် (၅၄) နှင့် နီးကပ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးတို့ (၄) ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာနှင့်လည်း နီးနီးကပ်ကပ် တည်ရှိသောနေရာ ဖြစ်သည်။

စစ်အစိုးရ၏ အစောင့်အကြပ်တပ်များ ထူထပ်ရာ အရပ်သားများ သေနတ်ကိုင်ဆောင်ခွင့် မပြုသော နိုင်ငံတွင် သေနတ်ပစ်ခတ် သတ်ဖြတ်မှုမှာ ရှားပါးလွန်းလှသည်။



မြန်မာ့အသံ နေပြည်တော်ပြောင်းမည်

မဇ္ဈိမသတင်းဌာန
Tuesday, 04 March 2008 16:02 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာ့အသံရုံးကို မြို့တော်သစ် နေပြည်တော်သို့ မတ်လလယ်တွင် နောက်ဆုံးထား ပြောင်းရွှေ့တော့မည် ဖြစ်သည်။

နေရာသစ်သည် လက်ရှိနေရာထက် ပိုမိုကျယ်ပြန့်ပြီး စက်မှုပိုင်းဆိုင်ရာလည်း "အများကြီး အဆင့်မြှင့်ထားတယ်" ဟု ၀န်ထမ်းတဦးက ပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့ ပြည်လမ်းနေရာမှ နေပြည်တော်သို့ မတ်လ ၁၇ ရက် နောက်ဆုံးထား ပြောင်းရွှေ့ဖြစ်မည်ဟု ထင်ကြောင်း အကြီးတန်း အရာရှိတဦးက ပြောသည်။ အသေးစိတ် ပြောရန်ကိုမူ သူက ငြင်းဆန်သွားသည်။

"နေရာအသစ်မှာက ၀န်ထမ်းအိမ်ရာတွေ ပါပြီးသားပဲ။ ဒါပေမယ့် ဘေးပတ်ဝန်းကျင်နဲ့ ဝေးလို့ ၀န်ထမ်းတွေ စိတ်ညစ်နေကြတာ။ ဈေးဝယ်ချင်ရင် လယ်ဝေးအထိ သွားဝယ်ရမှာ။" ဟု ၀န်ထမ်းတဦးက ပြောသည်။

ရုံးဝန်ထမ်း အများစုမှာ ပြောင်းရွှေ့ရမည် ဆိုသည်ကို သိနေသော်လည်း အတိအကျ ညွှန်ကြားချက် မထွက်သေးသဖြင့် ပြင်ဆင်မှု မပြုလုပ်နိုင်ဘဲ ဖြစ်နေသည်။

အစိုးရထိန်းချုပ်ထားသည့် ရေဒီယိုနှင့် ရုပ်သံလွှင့်ဌာန လုပ်ကိုင်နေသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
ဌာနရုံး ပြောင်းရွှေ့ခြင်းကို ယမန်နှစ် စက်တင်ဘာလအတွင်းက စတင်ခဲ့ပြီး စက်မှု အင်ဂျင်နီယာများ ပါဝင်ခဲ့သည်။

စစ်အစိုးရသည် ရန်ကုန်မှ မိုင် ၂၅၀ ခန့် ဝေးကွာတွင် တည်ထားသော အဆောက်အဦးသစ်များဖြင့် တောက်ပနေသော မြို့တော်သစ်သို့ အစိုးရတခုလုံး ပြောင်းရွှေ့နေခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ပြီ ဖြစ်သည်။

မြန်မာ့အသံကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တည်ထောင်ခဲ့သည်။



ဆန္ဒခံယူပွဲ ဝေဖန်သူများကို အာမခံနှင့်ပြန်လွှတ်

မဇ္ဈိမသတင်းဌာန
Tuesday, 04 March 2008 15:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဆန္ဒခံယူပွဲကို ဝေဖန်သည်ဟု စွပ်စွဲကာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှ ကားပွဲစား ၃ ဦးအား အာဏာပိုင်များက ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ယာယီမျှ ဖမ်းဆီး စစ်ဆေးပြီးနောက် အာမခံနှင့် ပြန်လွှတ်ပေးခဲ့သည်။

ဒေသ အာဏာပိုင်များက ကမာရွတ်မြို့နယ် ဟံသာဝတီ ကားပွဲစားတန်းမှ အသက် ၄ဝ နှစ်ဝန်းကျင်ရှိ ကားပွဲစား ၃ ဦးအား ဆန္ဒခံယူပွဲကို ဝေဖန်သည်ဟု စွပ်စွဲကာ ရဲအထူးသတင်း တပ်ဖွဲ့က ကမာရွတ် ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးပြီးနောက် နေ့တွင်းချင်းပင် အာမခံနှင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ရဲစခန်းမှာ စစ်ဆေးတယ်။ ပြောတဲ့သူတွေက သူတို့ မဟုတ်ဘူး။ လူတွေကလည်း အများကြီးပဲ၊ အဲဒီ အနီးအနားမှာ။ ဘယ်သူပြောလဲ ဆိုတာ တိတိကျကျ ဘယ်သူမှ မသိလိုက်ဘူး။ အမှန်ပြောတဲ့ သူတွေကို မမိတော့ ဘေးကလူ ၃ ယောက်ကို ဆွဲသွားတာပေါ့။ အဲဒီနေ့ ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်လိုက်ပြီ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ဆန္ဒခံယူပွဲအတွက် အိမ်ထောင်စုဇယား လိုအပ်သဖြင့် မှတ်ပုံတင် ရှိထားရေးကို ကားပွဲစားများအကြား ပြောဆိုကြရာတွင် ကားပွဲစားအချို့က စိတ်မဝင်စားကြောင်းနှင့် အကယ်၍ မဲပေးရမည် ဆိုပါက အန်အယ်ဒီကိုသာ မဲပေးမည်ဟူ၍ မချေမငံ ပြောဆိုကြအပြီး မကြာခင်တွင် ရဲများက သူတို့ ၃ ဦးအား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

အချက်အလက်များ ပိုမိုသိရှိရန်အတွက် ကမာရွတ် ရဲစခန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်မည့်သူ မရှိပါ။

ယခုလို ပြည်သူလူထုအကြား ဆန္ဒခံယူပွဲကို ဝေဖန် ပြောဆိုခြင်းအတွက် အာဏာပိုင်များ မေးမြန်းစစ်ဆေးခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ကာ၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆန္ဒခံယူပွဲနှင့် ပတ်သက်သော ဝေဖန်မှုမျိုး ပြုလုပ်သူအား ထောင်ဒဏ် ၃နှစ်နှင့် ငွေဒဏ်အဖြစ် မြန်မာကျပ်ငွေ တသိန်းထက်မနဲ ပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။



အဲပုဂံ အရေးပေါ် ဆင်းသက်ရ

မဇ္ဈိမသတင်းဌာန
Tuesday, 04 March 2008 12:32 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အဲပုဂံ လေယာဉ်တစီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပျံထွက်ပြီး မကြာခင်မှာပင် အင်ဂျင်တလုံး ချို့ယွင်း၍ အရေးပေါ် ပြန်လည် ဆင်းသက်ရမှု ယမန်နေ့က ဖြစ်ပွားခဲ့ပြန်သည်ဟု ခရီးသည်များနှင့် လေကြောင်းလိုင်း သတင်းရပ်ကွက် အပြောအရ သိရသည်။

air_bagan

ရန်ကုန်မှ ငပလီသို့ ပျံသန်းမည့် အဲပုဂံ၏ အိတ်ဇ်ဝိုင်-အေအိုင်အေ လေယာဉ်သည် တင်္နလာနေ့က မင်္ဂလာဒုံ လေဆိပ်မှထွက်ပြီး နာရီဝက်ခန့်အကြာ ပြန်လည် ဆင်းသက်ရခြင်း ဖြစ်သည်။

“ခရီးသည် ၃၅ ယောက် လေယာဉ်ပေါ်မှာ ပါတယ်။ ဒါပေမယ့် ဘာဖြစ်လဲဆိုတာကို မသိလိုက်ကြဘူး” ဟု ခရီးသည်တဦးက ပြောသည်။

အဆိုပါ အေတီအာ- ၇၂-၂၁၂ အမျိုးအစား လေယာဉ်သည် မြန်မာ့လေကြောင်းမှ ငှားရမ်းထားခြင်း ဖြစ်သည်။

အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေသော စစ်အစိုးရ၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် လေကြောင်းလိုင်းမှ လေယာဉ်များသည် သီတင်းပတ် ၂ ပတ်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ် အခြေအနေ ကြုံခဲ့ရခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမှ ပူတာအိုသို့ ပျံသန်းသော အဲပုဂံ လေယာဉ်တစီးသည် ပြေးလမ်းမှ ပေ ၃၀၀ ခန့် လွန်သွားခဲ့သည်။ လေယာဉ်မှူး ဒဏ်ရာရခဲ့ပြီး လေယာဉ်လည်း ကိုယ်တပိုင်း ကျိုးသွားသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates