Monday, March 10, 2008

ဒေါ်စုနှင့် ဂမ်ဘာရီ ယနေ့တွင် ထပ်မံတွေ့ဆုံ ...


အဆိုတော် စိုင်းထီးဆိုင် ကွယ်လွန် ...

Sai Htee Hseng- pass away

နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင် (အသက် ၅၈ နှစ်) သည် ယနေ့နံနက်က ကွယ်လွန်သွားခဲ့သည်။



ဒေါ်စုနှင့် ဂမ်ဘာရီ ယနေ့ ထပ်မံတွေ့ဆုံ



နေသွင်
Monday, 10 March 2008 13:31 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာပြည် နိုင်ငံရေးပြဿနာ ဖြေရှင်းရေးတွင် ကြားဝင်ဆောင်ရွက်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးတာဝန် လွှဲအပ်ခံထားရသော မစ္စတာအီဗရာဟင် ဂမ်ဘာရီသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံနေကြောင်း ရန်ကုန်မှ ဝင်ရောက်လာသော သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ကြာသာပတေးနေ့ကတည်းက မြန်မာပြည်ရောက်ရှိနေသော ကုလသမဂ္ဂ သံတမန်သည် စနေနေနေ့ကလည်း ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။

ယနေ့ညနေပိုင်းတွင် ခရီးစဉ်ကိုအဆုံးသတ်ဖွယ်ရှိသော မစ္စတာဂမ်ဘာရီသည် ယနေ့တွင်ရန်ကုန်ရှိ ကုလသမဂ္ဂ အေဂျင်စီများမှ သံတမန်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂသတင်း ပြန်ကြားရေးဌာနမှ မဇ္ဈိမသို့ ပြောသည်။

ကုလသမဂ္ဂသံတမန်သည် ယမန်နေ့က အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေးဝန်ကြီး ဦးစိုးသာ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာကျော်မြင့်၊ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့မှ ဒေါက်တာသန်းညွန့်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူတို့နှင့် တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးဌာန၏ သတင်းအရ သိရသည်။

မစ္စတာဂမ်ဘာရီသည် ယခုခရီးစဉ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာခရီးစဉ်ကဲ့သို့ပင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ခွင့်မရဘဲ နောက်ကြောင်း ပြန်ရမည်ဟု မျှော်လင့်ရသည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးနှင် ပြီးခဲ့သည့်သောကြာနေ့က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် တွေ့ဆုံစဉ်တွင်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်အားလုံးကို စစ်အစိုးရဘက်က ပယ်ချခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ မစ္စတာဘမ်ကီမွန်းထံမှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သော စာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်တဦးကို ရန်ကုန်တွင် ရုံးဖွင့်ခွင့်ပေးရေး၊ အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်တွင် သဘောထားအားလုံး ပါဝင်ရေးအတွက် အစီအစဉ်ချမှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရတို့အကြားတွင် အချိန်ကန့်သတ်ချက်ရှိသော ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်ရေးအတွက် တောင်းဆိုထားသည်။

၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး၊ ကုလသမဂ္ဂ အကူအညီနှင့် စီးပွားရေး၊ လူမှုရေးကိစ္စများ ဖြေရှင်းရန် အမျိုးသားစီးပွားရေး ဖိုရမ်တရပ်ထူထောင်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်သည့် ယန္တယားများ ထူထောင်ရေးတို့လည်း ပါဝင်သည်။

စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ကျော်ဆန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ တောင်းဆိုချက်အားလုံးကို အစဉ်လိုက် ပယ်ချလိုက်ပြီး တဆက်တည်းတွင် မစ္စတာဂမ်ဘာရီ၏ ယခင်က လုပ်ဆောင်ချက်များသည် တိုင်းရင်းသား စည်းလုံညီညွတ်ရေးနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်သည်ဟု ဝေဖန်ခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အဆွေတော်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကြောင့် ကျနော်တို့နိုင်ငံအတွင်းမှာ နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေပြီး မလိုလားအပ်တဲ့ အနှောင့်အယှက် အခက်အခဲတွေ၊ တိုင်းရင်းသားအကြား စိတ်အနှောင့်အယှက် ဖြစ်စရာ ရူပ်ထွေးမှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်" ဟု ဗိုလ်မှုးချုပ်ကျော်ဆန်းက ပြောသည်။

၎င်းအပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန် မဖြစ်နိုင်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လုံလောက်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်သည် သောကြာနေ့၊ ညနေပိုင်းတွင် ဦးသောင်းညွန့်ဦးဆောင်သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်တရှင် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင် ဆန္ဒခံယူပွဲအတွင်း နိုင်ငံတကာလေ့လာ စောင့်ကြည့်ရေးအဖွဲ့ကို ဖိတ်ခေါ်ရန် အဆိုပြုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မစ္စတာဂမ်ဘာရီက "ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲတို့နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ အကူအညီများ လိုအပ်ပါက ကုလသမဂ္ဂမှ ကူညီရန် အသင့်ရှိကြောင်း" ပြောကြားချက်ကို ဦးသောင်းညွန့်က "အကူညီအညီ ပေးအပ်လိုသည်ကို မှတ်သားထားကြောင်းနှင့် မိမိတို့တွင် လုံလောက်သည့် အတွေ့အကြုံများရှိကြောင်း" ဖြေကြားခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ယခင် ခရီးစဉ်များအတွင်းက တွေ့ခွင့်မရခဲ့သူများနှင့် တွေ့ဆုံလိုသော ကုလသမဂ္ဂကိုယ်စားလှယ်သည် စနေနေ့ နံနက်ပိုင်းက ဦးအောင်ခမ်းထီခေါင်းဆောင်သော ပအိုဝ်းအဖွဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်ကြီး ခေါင်းဆောင်သောအဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးတွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းဦးဆောင်သောအဖွဲ့တို့နှင့် တွေ့ဆုံခွင့် ရခဲ့သည်။

၎င်းသည် တနေ့တည်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် သီးခြားစီ တွေ့ဆုံခဲ့သော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေးကြသည်ကို မသိရသေးပါ။

ယခင်ကလည်း မြန်မာပြည်သို့ (၄) ကြိမ်လာရောက်ခဲ့သူ ကုလသမဂ္ဂသံတမန်သည် ယခုခရီးစဉ်အတွင်း တွေ့ရှိချက်များကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ တင်ပြသွားမည် ဖြစ်သည်။



ဒေါ်စုနှင့် ဂမ်ဘာရီတွေ့ဆုံ

မဇ္ဈိမသတင်းဌာန
Saturday, 08 March 2008 19:37 - မြန်မာစံတော်ချိန်

dawsu.jpgကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ယနေ့တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကို ရန်ကုန်မြို့တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။

ကုလအထွေထွေအတွင်းရေးမှုး ဘန်ကီမွန်း၏ ကိုယ်စားလှယ် ဂမ်ဘာရီနှင့် ဒေါ်စုသည် အစိုးရဧည့်ဂေဟာတွင် နေ့လယ်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယခင်အကြိမ်များက ကဲ့သို့ပင် ဒေါ်စုနှင့် ဆွေးနွေးသည့် အကြောင်းအရာများကို မြန်မာပြည်မှ အပြန်ခရီးတွင်သာ ဂမ်ဘာရီအနေဖြင့် ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ရသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာတွင် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်နှင့် တနာရီခွဲခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပါတီအတွင်းရေးမှူး ဦးလွင်က "မနက် ၁ဝ နာရီခွဲကနေ ၁၂ နာရီ မထိုးခင်လေးမှာ ပြီးသွားတယ်။ လုံခြုံရေးကောင်စီကို သတင်းပို့ဖို့ လာပြီး အချက်လက်တွေကို စုဆောင်းတာလေ။ သူ့တာဝန်အရ သူ မေးတယ်။ အန်ကယ်တို့လည်း တာဝန်အရ ဖြေတယ်။ အစိုးရဘက်က ဘယ်သူမှ မပါဘူး။ ဂမ်ဘာရီရယ်၊ သူခေါ်လာတဲ့ သူတို့အရာရှိ ၂ ယောက်ပေါ့လေ။ ဒါပဲ ပြောနိုင်တယ်" ဟု သူက မဇ္ဈိမကို ပြောသည်။

မစ္စတာ ဂမ်ဘာရီနှင့် အန်အယ်ဒီ ထိပ်ပိုင်းခေါင်းဆောင်များအကြား ယခုလို နှစ်ဦးနှစ်ဖက်တွေ့ဆုံမှုသည် လွန်ခဲ့သည့် ၄ လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလအတွင်းက အန်အယ်ဒီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေနှင့် ကုလကိုယ်စားလှယ်တို့ စစ်အစိုးရရုံးစိုက်ရာ ကြပ်ပြေးနေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။

သူသည် ယခုလ ၆ ရက်နေ့က ကုလသမဂ္ဂရုံးကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည့်အပြင် ၇ ရက်နေ့ကလည်း နအဖ စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် လူထုဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးတို့ကို တွေ့ဆုံခဲ့သေးသည်။

စစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အစိုးရခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံရာ၌ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းမှ မစ္စတာ ဂမ်ဘာရီအား ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကြေညာချက် ထုတ်ပြန်ပေးခဲ့သည့်အပေါ် ဘက်လိုက်လုပ်ဆောင်ခဲ့သူအဖြစ် ပြောဆိုခဲ့ကြောင်း သတင်းရေးထားသည်။

ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည့်အတွက် တိုင်းပြည်တွင်း ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည့်အပြင်၊ မလိုလားအပ်သည့် အနှောင့်အယှက် အခက်အခဲများ၊ တိုင်းရင်းသားများအကြား စိတ်အနှောင့်အယှက်ဖြစ်စရာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ဗိုလ်မှူးချုပ် ကျော်ဆန်းက မစ္စတာဂမ်ဘာရီအား ပြောဆိုခဲ့သည်။

မစ္စတာဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ်သည် ၅ ကြိမ်မြောက်ဖြစ်ကာ ယခင်ခရီးစဉ်များတွင် ၆ ရက်ကြာမျှ အများဆုံး နေထိုင်ခဲ့သည်။



ကန့်ကွက်မဲပေးဖို့ မြန်မာအမျိုးသမီးများက တိုက်တွန်း

မဇ္ဈိမသတင်းဌာန
Saturday, 08 March 2008 18:46 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာအမျိုးသမီးထုကြီး ခံစားနေရသည့် ဒုက္ခမျိုးစုံကို ဆက်လက် ရင်မဆိုင်ရရေးအတွက် နအဖ ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရန် ထိုင်းအခြေစိုက် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ယနေ့ တိုက်တွန်း နှိုးဆော်လိုက်သည်။

ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးထုကြီး တရပ်လုံး ခံစားနေကြရသည့် မတရားမှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် လိင်အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုများနှင့် ဆက်လက် ရင်ဆိုင်နေရမည် ဖြစ်သဖြင့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအတွက် ပြုလုပ်မည့် 'လူထုဆန္ဒခံယူပွဲ' တွင် တခဲနက် ကန့်ကွက်ဆန္ဒမဲပေးပါရန် WLB က ကြေညာချက်ထုတ်ပြန်ကာ အထူးတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ကြေညာချက်ထဲတွင် စစ်အစိုးရ ပြင်ဆင်နေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၁၉၉ဝ ရွေးကောက်ပွဲခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့သဘောထားများ လုံးဝမပါဝင်ပဲ၎င်းတို့စိတ်ကြိုက် စစ်အာဏာကို ဆက်လက်တည်မြဲစေမည့်၊ စစ်အစိုးရကို တရားဝင်ဖြစ်စေမည့် ဖွဲစည်းပုံသာဖြစ်သည်ဟု ရေးသား ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ WLB အဖွဲ့ဝင်များက ဦးဆောင်ကာ ယနေ့တွင် 'လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးများ၏ အခွင့်အရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး' ခေါင်းစဉ်ဖြင့် မြို့လယ်ခေါင်တွင် လူအင်အား ၁ဝဝ ခန့်နှင့် ဆန္ဒပြပွဲတရပ် ကျင်းပခဲ့သည်။

WLB သဘာပတိ အဖွဲ့ဝင်တဦးဖြစ်သူ ကူကီးအမျိုးသမီးများ လူ့အခွင့်အရေးအဖွဲ့ (KWHRO)မှ နင်ဘွိုင်းက "နိုင်ငံတကာက အမျိုးသမီးတွေက လူအခွင့်အရေးအတွက် ကျင်းပနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုတွေရဲ့ အခွင့်အရေးက ရှိမနေဘူး။ မြန်မာနိုင်ငံတွင်းမှာ လုပ်နေတဲ့ အမျိုးသမီးထုတွေက အကြမ်းဖက်ခံနေတုန်း။ အမျိုးသမီးအခွင့်အရေးဆိုတာက ဝေလာဝေးပါပဲ" ဟု ပြောသည်။

သူက ဆက်ပြီး "မြန်မာအမျိုးသမီးတွေ၊ လူ့အခွင့်အရေးအတွက် တိုင်ပွဲဝင်နေသူတွေကို ဖမ်းဆီးနေတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလတုန်းက ဖမ်းဆီးထားတဲ့ အမျိုးသမီးထုတွေက ထောင်ထဲမှာ။ ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူလယ်ခေါင်မှာ ဆွဲလားရမ်းလား လုပ်တယ်။ နအဖ စစ်အစိုးကနေ နို့စို့နေတဲ့ ကလေးတွေနဲ့ အတူမနေနိုင်အောင် မိခင်တွေကို ဖမ်းလားဆီးလားလည်း လုပ်နေတယ်" ဟု ပြောသည်။

AIDS ဝေဒနာသည်များကို စောင့်ရှောက်ပေးနေရင်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် စစ်အာဏာပိုင်များမှ လိုက်လံဖမ်းဆီးနေသဖြင့် တိမ်းရှောင်နေရသူ မဖြူဖြူသင်းက နိုင်ငံတကာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ရှေ့တန်းသို့ တဟုန်ထိုး ရောက်ရှိနေသော်လည်း စစ်အာဏာရှင်စနစ်အောက်တွင် ကိုယ်ကျိုးစွန့်အနစ်နာခံသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ဖမ်းဆီးအကျဉ်းချထားခံရကြောင်းနှင့် တိုင်းရင်းသူ အမျိုးသမီးများအားလုံးသည် အမျိုးမျိုး ညှဉ်းပမ်းနှိပ်စက်ခံနေရကြောင်း ပြောသည်။

သူက ဆက်ပြီး "အခုစက်တင်ဘာအရေးအခင်းမှာ ဆိုရင်လည်း အမျိုးသမီးတော်တော် များများဟာ ဖမ်းဆီးနှိပ်စက်တာတွေ၊ ရိုက်နှက်တာတွေ ခံခဲ့ရတယ်။ အာဏာရှင်တွေရဲ့ လက်အောက်မှာ ရှိနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှုမရှိဘူး" ဟု ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတရပ်ကျင်းပသွားမည်ဟု သိရသည်။

WLB သဘာပတိအဖွဲ့ဝင် မဒွဲလိန်က "ကျမတို့ ချင်းမိုင်မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ စုပေါင်းပြီးတော့ ကျမတို့ ချီတက်ပွဲရှိတယ်။ ဒီချီတက်ပွဲမှာ ကျမတို့က နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ ပတ်သက်ပြီးတော့ ပြောကြမယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေကို ထိုင်းနိုင်ငံမှာ လာလုပ်တဲ့ အလုပ်သမား အမျိုးသမီးတွေအကြောင်း၊ နိုင်ငံရေးလှုပ်ရှားနေတဲ့ အမျိုးသမီးတွေအကြောင်း ပြောဖို့ရှိတာပေါ့နော်" ဟု ပြောသည်။

WLB ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်မှု တိုးမြှင့်ရန်၊ တိုင်းရင်းသားလူမျိုးအားလုံးအကြား အပြန်အလှန် နားလည်မှု တည်ဆောက်ရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွင် ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် နိုင်ငံအတွင်း၌ မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ပေါင်း ၁၂ ဖွဲ့ ပါဝင် ဆောင်ရွက်နေသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates