Friday, December 28, 2007

၂၀၀၇ ထိုင်းရွေးကောက်ပွဲ ပီပီပီ ပါတီမှ မဲအများဆုံးရရှိ

ကိုစိုင်း
Tuesday, 25 December 2007 12:16 - မြန်မာစံတော်ချိန်

၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခံရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နဝတ်ကို ထောက်ခံသည့် “ဖလန်းပရချားချွန်း (People Power Party - လူထုအင်အား)” ပါတီသည် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် ၂၃၂ မဲဖြင့် မဲအများဆုံး ရရှိသွားခဲ့သည်။

ဒုတိယ မဲအများဆုံး ရရှိသည့် “ပရချားထိပတ် (Democrat Party - ဒီမိုကရက်)” ပါတီ က အမတ်နေရာ ၁၆၅ နေရာ၊ “ချတ်ထိုင်း” ပါတီ က ၃၇ နေရာ၊ “ဖို့ဖန်တင်” ပါတီ က ၂၅ နေရာ၊ “ရွမ်းဂျိုင်ထိုင်း ချတ်ဖတ်ထနား” ပါတီက ၉ နေရာ၊ “မတ်ချနိမား ထိပတိုင်း” ပါတီက ၇ နေရာနှင့် “ပရချားရတ်” ပါတီက ၅ နေရာ အသီးသီး ရရှိခဲ့ကြသည်။ ယခု ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၄၅ သန်းကျော် ရှိသည့်အနက် လာရောက်မဲပေးသူပေါင်း ၃၂ သန်းကျော် ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၀% ခန့်ရှိကြောင်း သိရသည်။

ယခုရွေးကောက်ပွဲသည် ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၀၇ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲပြီးနောက် ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၀၇ ခုနှစ် အခြေခံဥပဒေကို ရက်ပေါင်း ၉၀ အတွင်း အပြီး ရေးဆွဲခဲ့ခြင်းပြီး စစ်တပ်မှ အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာတွင် ယခု ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် အခြေခံ ဥပဒေအရ ပါလီမန်အတွင်း အမတ်နေရာ ၄၈၀ နေရာ (ယခင်က ၅၀၀ နေရာ) ရှိပြီး အမတ်နေရာ ၂၄၁ ရရှိသည့် ပါတီက အစိုးရအဖွဲ့ကို တပါတီတည်းဖြင့် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။ သို့သော် လူထုအင်အား ပါတီက အမတ်နေရာ ၂၃၂ နေရာသာ ရရှိထားသည် ဖြစ်ရာ အစိုးရအဖွဲ့ကို တရားဝင်ဖွဲ့စည်းနိုင်ရန် အခြားပါတီ တခုခု သို့မဟုတ် ပါတီများကို မိမိအစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်လာရန် ဖိတ်ခေါ်ရဖွယ် ရှိနေသည်။ လူထုအင်အား ပါတီခေါင်းဆောင် ခွန်ဆမတ် ဆွန်ထော်ရဝေ့သည် အခြားပါတီများအား မိမိတို့ပါတီနှင့် လာရောက်ပူးပေါင်း၍ ပူးတွဲအစိုးရ ဖွဲ့စည်းပါရန် ထိုင်းမီဒီယာများမှတဆင့် ဖိတ်ခေါ်ပြီးဖြစ်သည်။

သို့သော် ဒီမိုကရက်ပါတီခေါင်းဆောင် ခွန်အဖိဆစ် ဝေ့ဂျချီဝ သည် မိမိနှင့်မိမိပါတီ အနေဖြင့် လူထုအင်အားပါတီနှင့် လုံးဝမပူးပေါင်းနိုင်ကြောင်း အတိအလင်း ကြေညာထားပြီး အခြား မည့်သည့်ပါတီနှင့်မဆို ပူးပေါင်းနိုင်ကြောင်း ကြေညာခဲ့သည်။ ခွန်အဖိဆစ် ဝေ့ဂျချီဝ အနေဖြင့် မဲအများဆုံးရရှိသည့် လူထုအင်အား ပါတီက အမတ်နေရာ ၂၄၁ နေရာ ပြည့်ရန်အတွက် လိုအပ်နေသည့် အမတ်နေရာများ ရရှိရန် အခြားပါတီများကို မဖိတ်ခေါ်နိုင်ပါက မိမိပါတီအနေဖြင့် အခြားပါတီများဖြင့် တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲအစိုးရ ဖွဲ့စည်းသွားမည်ဟု ကြေညာထားသည်။

တတိယ မဲအများဆုံး ရရှိသည့် ချတ်ထိုင်းပါတီခေါင်းဆောင် ခွန်ပန်ဟန် ဆီလပအားချားသည် ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၁၁ နာရီခန့်အချိန်တွင် မိမိပါတီနှင့် စတုတ္ထ မဲအများဆုံး ရရှိသည့် ဖို့ဖန်တင် ပါတီနှင့် ပူးပေါင်းလိုက်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ခွန်ပန်ဟန် ဆီလပအားချားသည် ထက်ဆင်၏ ပါတီဟောင်း ထိုင်းရတ်ထိုင်း ပါတီ အာဏာရှိစဉ်တွင် အတိုက်အခံပါတီ သုံးပါတီအနက် တပါတီဖြစ်သည်။ ဖို့ဖန်တင် ပါတီသည် ထိုင်းရတ်ထိုင်းပါတီမှ ခွဲထွက်လာသည့် ပါတီဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိသည့် လူထုအင်အားပါတီသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ် ယာယီ အခြေခံဥပဒေအောက်ရှိ အမြင့်ဆုံး တရားရုံးမှ မဲဝယ်ယူမှု၊ အခြားပါတီငယ်များကို လာဘ်ပေးမှုတို့ဖြင့် ရုပ်သိမ်းခံလိုက်ရသည့် ထိုင်းရတ်ထိုင်းပါတီကို ထောက်ခံသည့်သူများ၊ ထိုင်းရတ်ထိုင်းပါတီ ပါတီဝင်ဟောင်းများဖြင့် ယခု ၂၀၀၇ ခုနှစ်တွင်မှ အသစ်ထပ်မံ ထူထောင်ထားသည့် ပါတီဖြစ်သည်။ ပါတီခေါင်းဆောင် ခွန်ဆမတ် ဆွန်ထော်ရဝေ့ အနေဖြင့် မိမိသည် ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်ကို ထောက်ခံသူဖြစ်ပြီး မိမိပါတီ အစိုးရ ဖွဲ့စည်းနိုင်၍ အာဏာရှိလာပါက ထိုင်းရတ်ထိုင်းပါတီ ရုပ်သိမ်းခံရမှုတွင် နိုင်ငံရေး၌ ပါဝင်လှုပ်ရှားမှု ၅ နှစ် ပိတ်ပင်ခံရသည့် ပါတီ အုပ်ချုပ်ရေး ကော်မတီဝင် ၁၁၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မည့် ဥပဒေကို ရေးဆွဲမည်ဟု မဲဆွယ်ထားခြင်းကြောင့် ထက်ဆင်ကို အားပေးထောက်ခံကြသည့် နယ်ရှိ ပြည်သူများက ယခုလို လူထုအင်အား ပါတီကို တခဲနက် မဲပေးခဲ့ကြခြင်း ဖြစ်သည်။ သူ၏ လူထုအင်အားပါတီ မဲဆွယ်ရာတွင် လိုအပ်သည့် ငွေကြေးများကို ထက်ဆင်မှ ကူညီနေသည်ဟု မြို့နေပညာတတ် လူတန်းစားများနှင့် သိတတ် ပညာရှင်များက ယုံကြည်နေကြသည်။

ဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နဝတ်နှင့် သူ၏ မိသားစုဝင်များသည် လာဘ်စားမှု၊ အာဏာ အလွဲသုံးစားမှုတို့ဖြင့် ခေါတောဆော် ခေါ် နိုင်ငံတော် ဘဏ္ဍာငွေ အလွဲသုံးစားမှု စစ်ဆေးရေး ကော်မတီ ၏ တရားစွဲဆိုထားခြင်း ခံထားရပြီး ဘဏ်တွင်အပ်နှံထားသည့် သူ၏ ပိုင်ဆိုင်မှုငွေကြေး ထိုင်းဘတ် သန်းထောင်ပေါင်းများစွာကို ထုတ်ယူခွင့် ဆိုင်းငံ့ခံထားရသည်။ အမှုရှံးနိမ့်ပါက အဆိုပါ ငွေကြေးများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး ထောင်ဒဏ်ချမှတ် ခံရဖွယ်ရှိနေသည်။ ယခုတွင် သူသည် ဟောင်ကောင်တွင် ရောက်ရှိနေပြီး လာမည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာမည်ဟု ကြေညာထားသော်လည်း လူထုအင်အားပါတီ အနိုင်ရရှိသည့်အတွက် ခပ်စောစော ပြန်လာဖွယ် ရှိသည်။ သူသည် အာဏာသိမ်းခံရစဉ်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ မြို့တော်တွင် UN အစည်းအဝေး တက်ရန်အတွက် ရောက်ရှိနေခဲ့ပြီး ထိုစဉ်ကတည်းက တိုင်းပြည်သို့ ပြန်မလာရဲပဲ မန်ချက်စတာ စီးတီး ဘောလုံးကလပ်ကို ဝယ်ယူ၍ အင်္ဂလန်နိုင်ငံတွင် နေထိုင်နေခဲ့ရသည်။

၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ယခု ယာယီအစိုးရတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်မှူးကြီး ဆွန်ထိ ဘွန်းယလတ်ကလင်း က ရွေးကောက်ပွဲမတိုင်မီတွင် ထက်ဆင်ကို ထောက်ခံသည့် လူထုအင်အားပါတီ အနိုင်ရရှိပါကလည်း ဒုတိယအကြိမ် အာဏာသိမ်းမှု မပြုလုပ်ပဲ ရွေးကောက်ပွဲရလဒ်ကို လက်ခံပါမည်ဟု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း ဒုတိယအကြိမ် အာဏာသိမ်းမည်ကို စိုးရိမ်မှုများ ရှိနေသည်။



မဲအရေအတွက်၏ လေးပုံသုံးပုံကို ရေတွက်ပြီးစီး၊ မစ္စတာသက်ဆင်၏ မဟာမိတ်များ အနိုင်ရ

နေသွင်
Monday, 24 December 2007 11:52 - မြန်မာစံတော်ချိန်

ယမန်နေ့က ကျင်းပပြီးစီးသွားသော ထိုင်းရွေးကောက်ပွဲတွင် ရာထူးမှ ဖြုတ်ချခံလိုက်ရသော မစ္စတာသက်ဆင်၏ မဟာမိတ်များ အနိုင်ရသည်။

မဲအားလုံးကို လေးပုံသုံးပုံကို ရေတွက်ပြီးစီးခဲ့ရာ အောက်လွှတ်တော် အမတ်နေရာ (၄၈ဝ) အနက် ပီပီပီ (People's Power Party) ပါတီက အမတ်နေရာ (၂၂၇) နေရာ ရရှိခဲ့ပြီး ပြိုင်ဘက်ပါတီဖြစ်သော ဒီမိုကရက်ပါတီ (Democrat Party) က (၁၅၈) နေရာရရှိကြောင်း နိုင်ငံပိုင် အသံလွှင့်ဌာန (MCOT) က ကြေညာသည်။

မစ္စတာသက်ဆင်သည် ၂ဝဝ၆ စက်တင်ဘာလက ရာထူးမှ ဖြုတ်ချ ခံလိုက်ရသော်လည်း အများစုဖြစ်သော ဆင်းရဲသားများ အကြားတွင် ရေပန်းစားဆဲ ဖြစ်ကြောင်းကို ယခုရွေးကောက်ပွဲက ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သူများက ပြောသည်။ တပြိုင်နက်တည်းတွင် ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့် ယခင်အစိုးရ လက်ထက်က ရှိခဲ့သော လာဘ်စားမှုများ ပြဿနာများ ပြေလည်သွားပါ့မလားဟု မေးခွန်းထုတ်မှုများလည်း ဆက်ရှိနေသည်။

မဲဆွယ်ကာလက မစ္စတာသက်ဆင်၏ မဟာမိတ်ဖြစ်သော ပီပီပီပါတီနှင့် အတိုက်အခံ ဒီမိုကရက်ပါတီ နှစ်ရပ်လုံးက အများစု ဆင်းရဲသားများအပေါ် သြဇာကြီးသော မစ္စတာသက်ဆင်၏ ပေါ်လစီတချို့ ကို ဆက်ခံမည်ဖြစ်ဟု ပြောကြားခဲ့ကြသည်။

ရွေးကောက်ပွဲတွင် မဲဝယ်မှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော ရွေးကောက်ပွဲကို ကမမထ လုပ်ပေးခဲ့သော ယာယီဝန်ကြီးချုပ် Surayud Chulanont က ယခုရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရှိသည်ဟု ခုခံပြောဆိုသည်။

ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံသား (၄၆) သန်းခန့် မဲပေးခွင့် ရရှိခဲ့ကြသည်။ အသစ် ပြင်ဆင်လိုက်သော ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအရ အောက်လွှတ်တော်တွင် အမတ်နေရာ (၄၈ဝ) ရှိမည်ဖြစ်ရာ အမတ်နေရာ (၄ဝဝ) ကို တိုက်ရိုက် မဲပေးစနစ်ဖြင့် ရွေးချယ်ပြီး ကျန် (၈ဝ) ကို ပါတီက အမည်တင်သွင်းသူများဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။ အထက်လွှတ်တော် (ဆီးနိတ်)ကို ခရိုင် (၇၆) ခုမှ အမတ် (၁၅ဝ) ဖြင့်ဖွဲ့စည်းမည် ဖြစ်သည်။

သက်ဦးဆံပိုင် ဘုရင်စနစ်မှ စည်းမျဉ်းခံ ဘုရင်စနစ်သို့ ကူးပြောင်းခဲ့သော လွန်ခဲ့သော (၇၅) နှစ်အတွင်း ထိုင်း နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု (၁၈) ကြိမ် ဖြစ်ပွားခဲ့သည်။

ယခုအနိုင်ရသော ပီပီပီပါတီတွင် ဖျက်သိမ်းခံလိုက်ရသော မစ္စတာသက်ဆင်၏ ထိုင်းရတ်ထိုင်း (Thai Rak Thai) ပါတီမှခေါင်းဆောင် (၂၅ဝ) များပါဝင်သည်။ ထိုင်းရတ်ထိုင်းပါတီသည် မစ္စတာသက်ဆင်၏ ဦးဆောင်မှုအောက်တွင် နှစ်နှစ်ဆက်တိုက် အနိုင်ရခဲ့သော ပါတီဖြစ်ပြီး နောက်ဆုံး ကျင်းပခဲ့သော ၂ဝဝ၅ ခုနှစ်၊ ဖေဖော်ဝါရီ ရွေးကောက်ပွဲတွင် အမတ်နေရာ (၅ဝဝ)အနက် (၃၇၇) ရရှိကာ အပြတ်အသတ်အနိုင်ရခဲ့သော ပါတီဖြစ်သည်။



မြန်မာအလောင်း (၂၂) လောင်းကို ထိုင်းရေပိုင်နက်တွင် တွေ့ရှိ

နေသွင်
Sunday, 23 December 2007 14:39 - မြန်မာစံတော်ချိန်

ကလေးငယ်အလောင်း (၄) လောင်း၊ အမျိုးသမီး အလောင်း (၈) လောင်းနှင့် အမျိုးသား အလောင်း (၄) လောင်း အပါအ၀င် အနည်းဆုံး မြန်မာအလောင်း (၂၂) လောင်းကို ဘန်ကောက်တောင်ဘက် ကီလိုမီတာ (၅၇၀) အကွာ၊ ရနောင်းကမ်းခြေ အနီးရှိ အာဒမန် ပင်လယ်ပြင်တွင် စနေနေ့က တွေ့ရသည်ဟု ဒေသတွင်း သတင်းများကဆိုသည်။

ရုပ်ပျက်ဆင်းပျက် ဖြစ်နေသဖြင့် မည်သူမည်ဝါ သတ်မှတ်ရန်ခက်ခဲသော အဆိုပါ အလောင်းများသည် လွန်ခဲ့သော (၂) ရက်ခန့် ကတည်းက သေဆုံးခဲ့သော အလောင်းများ ဖြစ်သဖြင့် အလောင်းတွေ့ရှိရာ နေရာအနီးတ၀ိုက်တွင် ကြာသာပတေးနေ့က လှေတစင်း နစ်မြုပ်ခဲ့ပုံရသည်ဟု ရဲများက ခန့်မှန်းသည်။

အလောင်းများကို ငါးဖမ်းသမားများ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရနောင်းရှိ ဘုန်းကြီး ကျောင်းတွင် ယာယီ သိမ်းဆည်းထားကြောင်း သိရသည်။

ထိုင်းသတင်းရပ်ကွက် အဆိုအရ မြန်မာ့ရေပိုင်နက်အတွင်းတွင် အခြား အလောင်းများ ထပ်မံ တွေ့နေရသော်လည်း မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်၍ မရသောကြောင့် ဆယ်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။



စစ်အစိုးရကို တော်လှန်ရန် စာဖြင့် စစ်တွေတွင် လှုံ့ဆော်

ငြိမ်းချမ်း
Saturday, 22 December 2007 22:34 - မြန်မာစံတော်ချိန်

စစ်တွေမြို့တွင် ရုပ်ပြောင် ရေးဆွဲထားသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေပုံနှင့် စစ်အစိုးရ တော်လှန်ရန် တိုက်တွန်းထားသော စာရွက်များ ဒီဇင်ဘာလ ၁၉ ရက်နေ့က ပျံ့နှံ့နေသည်။

ဗိုလ်ချုပ် သန်းရွှေ မိန်းခွန်းပြောနေဟန် ကာတွန်းရုပ်နှင့် "ဟစ်တလာနှင့် ဆက်ဒမ်ဟူစိန်ထက်ပင် ရက်စက်သော နအဖ စစ်အစိုးရ" ဟူသော စာသားများပါသည့် စာရွက်များကို ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက်နှင့် ရွှေစေတီကျောင်းရှေ့ ညောင်ပင်ကြီးအနီး လမ်းများတွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။

"သာသနာကို စော်ကားပြီး ဘုန်းတော်ကြီးတွေကို သတ်ဖြတ်နေတဲ့ စစ်အစိုးရကို တော်လှန်ကြပါ၊ မြန်မာပြည်သူများက လက်ပိုက် ကြည့်မနေကြဘဲ ၀ိုင်းဝန်းပြီး ဆန့်ကျင့် ဆန္ဒပြကြပါ" ဟုလည်း ပါရှိသည်။

အတုလမာရဇိန် ဘုရားတွင်လည်း ကပ်ထားသည့် စာရွက်များကို လူအများ ၀ိုင်းအုံကြည့်နေချိန်တွင် လုံထိန်းနှင့် စစ်တပ်များကလည်း စာရွက်များ လိုက်လံရှာဖွေ ဖျက်ဆီးလျှက်ရှိပြီး လုံခြုံရေးများ တိုးမြှင့် ချထားလိုက်သည်။



အဓိကရုဏ်း နှိမ်နှင်းရေးသင်တန်းများ ရန်ကုန်နှင့် ပခုက္ကူတွင် ပြုလုပ်

မောင်ဒီး
Friday, 21 December 2007 19:52 - မြန်မာစံတော်ချိန်

လူထုအုံကြွမှု ထပ်မံ ဖြစ်ပေါ်လာပါက နှိမ်နှင်းနိုင်ရန်အတွက် အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းများကို ရန်ကုန်နှင့် ပခုက္ကူမြို့တွင် ရဲတပ်ဖွဲ့များက သင်တန်း ပေးနေကြသည်။

ရန်ကုန်မြို့ပြင်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တည်ရှိရာ သာဝနယ်မြေရှိ သီဟဒီပ အားကစားကွင်းအနားရှိ ဘောလုံးကွင်း တခုတွင် သန်လျင် ရဲတပ်ရင်းတခုက ရဲသား ၅ဝ ခန့်ကို ယခုရက်ပိုင်းအတွင်း နံနက်ပိုင်း၌ သင်တန်းပေးနေသည်ကို တွေ့ခဲ့ရသည်ဟု အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။

“ကျနော် ကျောင်းသွားရင်း တခါသွားကြည့်မိတော့ တန်းစီထားတဲ့ အခြမ်းမှာ လူ ၄-၅ဝ လောက် ရှိတယ်။ အရှေ့က ကွပ်ကဲပေးတဲ့ လူက အပွင့်နဲ့လူက ၃ ယောက်လောက်ပဲ။ တပ်သားတွေက ဒူးထောက်ပြီးတော့ သေနတ်လို ချိန်ထားတယ်။ ဘေးမှာက ရိုက်တဲ့ ဒုတ်တွေ ချထားတယ်။ နံပါတ်ဒုတ်လို ပုံစံတွေပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ စာမေးပွဲဖြေနေသည့် ယခုရက်ပိုင်းအတွင်း သင်တန်းပေးလာခြင်းသည် ကျောင်းသားများကို အင်အားပြ ငြိမ်းခြောက်ခြင်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါ ကျောင်းသားက ဆက်ပြောသည်။

အလားတူ သင်တန်းမျိုးကို မကွေးတိုင်း ပခုက္ကူမြို့တွင်လည်း ယခု လဆန်းပိုင်းက စတင်ကာ ဒေသခံ ရဲများက ပို့ချခဲ့သေးသည်။

သင်တန်းကာလ တလကြာမည်ဖြစ်ပြီး အဓိကရုဏ်း နှိမ်နှင်းရေး တိုက်နည်းခိုက်နည်းများကို အဓိက သင်တန်းပေးသွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပဲခူးတိုင်းအတွင်းရှိ ဇီးကုန်းနှင့် မြို့နယ်အချို့ တွင်မူ ဇီးကုန်းအခြေစိုက် တပ်မ ၆၆ က မြို့နယ်တခုချင်း၌ ရှိသော ကျေးရွာအုပ်စု တစုလျှင် ရွာသားလူတဦးကျနှုန်း စစ်တပ်ထဲ မဝင်မနေရ အမိန့်ထုတ်ကာ ကျေးရွာ ရယကအဖွဲ့က လိုက်လံ သွတ်သွင်းနေသည်ဟု ဒေသခံတဦးက ပြောသည်။

“တအုပ်စုကို တယောက်ပေါ့။ ကျနော်တို့ တောရွာတွေမှာ ကျေးရွာအုပ်စုတွေ ရှိတယ်လေ။ တအုပ်စုမှာ ၃၊ ၄ ရွာရှိတယ်။ အဲဒါ တအုပ်စုကို တယောက်နှုန်း လိုက်ကောက်နေတယ်။ အဲလိုမှ မပေးရင် တအိမ်ထောင်ကို ကျပ် ၂ ထောင်ကနေ ၃ ထောင်အထိ ပေးရမယ်တဲ့။ မြို့ပေါ်မှာ မစုဘူး။ ရွာတွေမှာပဲ စုတာ” ဟု ဇီးကုန်းမြို့ခံ တဦးက ပြောသည်။

ဇီးကုန်းမြို့နယ် တမြို့နယ်တည်းတွင် ကျေးရွာအုပ်စု ၂၉ စုရှိသဖြင့် လူ ၂၉ ဦး ရှာပေးရမည့်သဘော ဖြစ်နေပြီး ရယကများက စစ်သားသစ် ရရှိရန်အတွက် တအိမ်ထောင်လျှင် ၃ ထောင်နှုန်း ကောက်ခံကာ ငွေ ၂ သိန်းကျော်ခန့်ဖြင့် စစ်သားလိုက်မည့် လူကို ငွေပေးကာ လိုက်လံ ရှာဖွေရသည်။

ယခု ရက်ပိုင်းအတွင်းမှာပင် စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှုအတွင်း သံဃာနှင့် ဆန္ဒပြ ပြည်သူများအား လက်သံပြောင်စွာ ရိုက်နှက် ဖြိုခွဲနိုင်ခဲ့သူများကို ဒဂုံမြို့နယ်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် အာဏာပိုင်များက လူမှုထူးချွန်ဆုများ ပေးခဲ့ကာ ရန်ကုန် အောင်ဆန်း အားကစားကွင်းတွင်လည်း ရဲကား အစီး ၁ဝဝ ခန့်သည် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်နေခဲ့သည်။



စာနယ်ဇင်းသမားများ ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင်

နန်းဒေဝီ
Friday, 21 December 2007 19:14 - မြန်မာစံတော်ချိန်

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွင်း မှတ်တမ်းတင် ရိုက်ကူးမှုပြုခြင်း သို့မဟုတ် ဆန္ဒပြရာတွင် ပါဝင်ခဲ့သောကြောင့် စစ်အစိုးရက လိုက်လံ ဖမ်းဆီးနေသဖြင့် စာနယ်ဇင်းနယ်ပယ်မှ အနည်းဆုံး ၉ ဦး ထိုင်းနိုင်ငံ နယ်စပ်မြို့များသို့ ရောက်ရှိလာခဲ့ကြသည်။

ဒီဇိုင်းပညာရှင် ကိုသီဟမောင်မောင်၊ စာရေးဆရာ ကိုသတိုး၊ ကဗျာဆရာ ကိုကျော်သူမိုးမြင့်၊ ကိုထက်ဇော် (ပန်းသတင်း) ကိုမိုးကျော် (စပယ်ဖြူမဂ္ဂဇင်း) နှင့် ကဗျာဆရာ ကိုအောင်ဝေး၊ ဓာတ်ပုံ သတင်းထောက် လောအယ်စိုးတို့ ပါဝင်သော မီဒီယာသမားများ တိမ်းရှောင်လာခဲ့ရခြင်း ဖြစ်သည်။

“ကျနော့် သူငယ်ချင်းတွေက ပြေးနေကြပြီ၊ ကျနော်တော့ အေးအေးဆေးဆေး နေသေးတယ်။ ဒါပေမယ့်လို့ အိမ်ကို ဧည့်စာရင်း လာစစ်တာမျိုး၊ မသိမသာ ထောက်လှမ်းတာမျိုး၊ ပတ်ဝန်းကျင် လမ်းထိပ်ကနေ စုံစမ်းထောက်လှမ်း လုပ်နေတာမျိုး၊ တဖြည်းဖြည်းနဲ့ သွားလာရတာ၊ စီးပွားရေး၊ လူမှုရေးတွေအပြင် တချိန်ချိန်မှာ တနည်းမဟုတ်ရင် တနည်း ကျနော် ဒုက္ခ ရောက်တော့မယ်ဆိုတာ သိလာရတယ်” ဟု ဒီဇိုင်းပညာရှင် ကိုသီဟမောင်မောင် (၃၆) နှစ်က မဇ္ဈိမ ကို ပြောသည်။

အာဏာပိုင်များ ဖမ်းမိလိုသူများ မတွေ့ရှိပါက မိသားစုဝင်များအား ခေါ်ယူစစ်ဆေးခြင်းနှင့် ပိုင်ဆိုင်မှုများကိုပင် သိမ်းဆည်းကြောင်း ကျောက်ဆည်ဇာတိ၊ ကဗျာဆရာ ကိုကျော်သူမိုးမြင့် (၂၇)နှစ်က ပြောသည်။

“အိမ်မှာ ကျနော့်ကို မတွေ့တော့ ကျနော့် မိန်းမကို ၁ ရက်နဲ့ တည ခေါ်ယူစစ်ဆေးတယ်၊ အိမ်မှာ ကျန်ခဲ့တဲ့သူတွေအတွက် ဘယ်လိုမှ မလုံခြုံပါဘူး၊ ဒါပေမဲ့လို့ ဘာမှလုပ်လို့ မရပါဘူး၊ ဒီလိုမှ တရားဝင် ကွာရှင်းမလုပ်ရင် ကျနော့် အမျိုးသမီးနဲ့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဒုက္ခပေးမှာမလွဲဘူး” ဟုပြောသည်။

“အထင်ကရ ဆေးစက်များ” ကဗျာစာအုပ်ကို ယခုနှစ်၂ဝဝ၇ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့သည့်အတွက် ကိုကျော်သူမိုးမြင့်သည် စစ်ကြောရေးစခန်းသို့ ရောက်ခဲ့ဖူးပြီး ဒဏ်ငွေဖြင့် ပြန်လွတ်လာဖူးသည်။

သို့သော် စက်တင်ဘာ ၁၉ ရက်တွင် ပုံနှိပ်ဥပဒေနှင့် ညှိစွန်းသည်ဟု ပြောဆိုကာ တိုင်းတရားရုံးမှ ဆင့်ခေါ်စာ ပို့ခဲ့သည့်နောက်ပိုင်း ရက်ပေါင်း ၂ဝ ကျော် ပြည်တွင်းတွင် ရှောင်တိမ်းနေခဲ့ရပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီအမှုက အောက်ရုံးမှာပြတ်ပြီးသား၊ ဒါပေမဲ့လို့ မန္တလေး တိုင်းရုံးကနေ ပြန်ပြီးတော့ တရားစွဲတယ်၊ ပုံနှိပ်ဥပဒေနဲ့ ညှိစွန်းတယ် ဆိုပြီးတော့ ဖမ်းဝရမ်းပါ ထုတ်လာတယ် အဲဒီကတည်းက ကျနော် ရှောင်နေရတယ်၊ နောက်ဆုံးတော့ အောက်တိုဘာ ၁၂ ရက်နေ့မှပဲ ထိုင်းရောက်လာတယ်” ဟု သူက ပြောသည်။

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ယခုလ ပထမပတ်က ပြုလုပ်သော နအဖ သတင်းစာ ရှင်းလင်းပွဲတွင် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော စာပေ အနုပညာရှင်များကို အမျိုးသားရေး စိတ်ဓာတ် အခြေခံ အားနဲသူများအဖြစ် အာဏာပိုင်များဘက်က စွပ်စွဲပြောဆိုခဲ့သည်။

ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (RSF) ၏ ၂ဝဝ၇ ခုနှစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အခြေအနေ ထုတ်ပြန်ချက်တွင် သတင်းထောက်များကို ဖိနှိပ်ချုပ်ချယ်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်အတူ အဆိုးဆုံးအဆင့်တွင် တည်ရှိသည်။

သြဂုတ်နှင့် စက်တင်ဘာ လူထုဆန္ဒ ထုတ်ဖော်ပွဲကာလမှ အာဏာပိုင်များမှ ၄ ဦးထက်မနည်း ဖမ်းဆီးထားသည်။

ဂီတကမ္ဘာဂျာနယ်၏ အယ်ဒီတာဟောင်းလည်း ဖြစ်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းခြင်းအား ထောက်ခံ ဆန္ဒပြခဲ့သည့်အတွက် အာဏာပိုင်များက ထောင်ဒဏ် လေးနှစ်ကျခံခဲ့ရသည့် ကိုသတိုး (၂၉)နှစ်သည် ကလောင်အမည်ပင် ပြောင်းလဲခဲ့ရသည်။

“ထောင်ကထွက်ပြီးတော့ သတိုးနဲ့က စာရေးလို့ အဆင်မပြေတော့ဘူး၊ ဒါကြောင့် ထောင်ကထွက်ပြီးတော့ ၂ဝဝ၃ ခုနှစ်ကစပြီး ငြိမ်းချမ်းငြိမ်း နဲ့ဘဲစာရေးခဲ့တယ်၊ ဒါပေမဲ့လို့ စက်တင်ဘာ နောက်ပိုင်းတော့ လုံးဝကို စာရေးစားလို့ မရတော့ဘူး၊ ထောက်လှမ်းရေးတွေရဲ့ လိုက်လံ ဖမ်းဆီးမှုတွေက ရှိနေတယ်ဆိုတော့ ဘာမှကို လုပ်လို့ မရတော့ဘူး” ဟု သူက ပြောသည်။

မြန်မာပြည်မှ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများသည် ဆက်သွယ်ရေး နည်းပညာ တိုးတက်မှုကို ကောင်းမွန်စွာ အသုံးချနိုင်ခြင်းကြောင့် ကမ္ဘာတလွှား သတင်းထူးများ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။ ထို့အတူ သတင်းသမားများလည်း ပစ်မှတ် ဖြစ်ခဲ့ရသည်။ အချို့က ပြည်ပသို့ တိမ်းရှောင်လာနိုင်သလို အချို့ကတော့ ပြည်တွင်းတွင်ပင် ရှောင်တိမ်းနေရဆဲ ဖြစ်သည်။

သို့သော် သူတို့၏ စာနယ်ဇင်း စိတ်ဓာတ်ကား ကွယ်ပျောက်သွားခြင်း မရှိဘဲ အခွင့်ပေးလျှင် စာနယ်ဇင်းနယ်ပယ်မှာ လုပ်ရန် စိတ်အား ထက်သန်နေဆဲ ဖြစ်သည်။

“ခုလို အနုပညာများကို ပြည်တွင်းမှာ ရေးခွင့်မရတော့ဘူး ဆိုတဲ့အတွက် စိတ်ထဲမှာ ခံပြင်းတယ်၊ မကျေနပ်ဘူး၊ စိတ်ထဲမှာခံစားရတယ်၊ တော်တော်ခံစားရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာ လုပ်ငန်းဆိုတာ သိတဲ့အတိုင်းဘဲ စိတ်ထဲကဖြစ်ပေါ်လာတဲ့ ကိစ္စ၊ အစိုးရကြောင့်တဲ့ ကဗျာဆရာဆိုတဲ့ ဟာကို အခွင့်ရေး ရသရွေ့ ရေးလို့ရတဲ့ နေရာကနေ လုပ်မယ်၊ လုပ်မရရင် လုပ်လို့ရတဲ့နေရာကနေ လုပ်မယ်” ဟု ကဗျာဆရာ ကိုကျော်သူမိုးမြင့်က ပြောသည်။



ပဲခူး ကလျာဏီသိမ်ကျောင်း ဆရာတော် ပြန်လွတ်လာ

ထိန်လင်း
Friday, 21 December 2007 18:21 - မြန်မာစံတော်ချိန်

ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရသူ ပဲခူးမြို့ ကလျာဏီ သိမ်ကျောင်းတိုက် ဆရာတော်ကြီးသည် ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လွတ်လာခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်တွင် ဆရာတော်ကြီး ဦးတေဇောဘာသ (သက်တော် ၇၆ နှစ်) အား ရွှေတိဂုံ ဘုရားပေါ်မှအဆင်း စစ်ဖက်လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရွာသာကြီး စိတ်ရောဂါကု ဆေးရုံတွင် ၂၅ ရက်ကြာ ထိန်းသိမ်းထားရာမှ စခန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ဆက်လက်ထားရှိကာ ယခုလ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ရွှေတိဂုံဘုရားပေါ်က အဆင်းမှာ အဖမ်းခံရတယ်လေ။ ဘုမသိဘမသိနဲ့ ခေါ်သွားခံရတာ။ ၂၅ ရက်ကြာ အရူးထောင်မှာ နေခဲ့ရသေးတယ်။ တနင်္လာနေ့ကတော့ အိမ်ကို ပြန်ပို့ကြတယ်လေ။ အိမ်က မိသားစုတွေနဲ့လည်း ဓာတ်ပုံ ရိုက်သွားသေးတယ်။ ကောင်းကောင်းမွန်မွန် ပြန်ပို့ခဲ့တယ် ဆိုတဲ့အကြောင်း လက်မှတ်လည်း ထိုးလိုက်ရတယ်” ဟု သမီးဖြစ်သူ ဒေါ်မြတ်မြတ်ထွေးက မဇ္ဈိမကို ပြောပြသည်။

ယခင်က လေဖြတ်ဝေဒနာ ခံစားခဲ့ရသော်လည်း ဖမ်းဆီးမခံရခင်အထိ ဆရာတော်ကြီး တပါးတည်း ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်ဘုရားသို့ ဘုရားဖူးကြွချီနိုင်ခဲ့ပြီး ယခု ပြန်လွတ်လာရာ၌ ကျန်းမာရေး အခြေအနေ ကောင်းမွန်ခြင်း မရှိဘဲ ဖြစ်နေသည်။

ဒေါ်မြတ်မြတ်ထွေးက “ကျန်းမာရေးက အရင်တုန်းကတော့ အကောင်းပဲလေ။ ဟိုအရင်တုန်းက လေဖြတ်ခဲ့ဖူးတော့ ကုခဲ့ရသေးတယ်။ အခု စကားပြောတွေ တအားလေးနေတယ်။ ဆေးထိုးဆေးကျွေး လုပ်နေရတယ်။ ကိုယ်တွေလက်တွေကလည်း နာနေတယ် ပြောတယ်။ နဂို လေဖြတ်တဲ့ဒဏ်နဲ့ ပေါင်းပြီး အခု စကားတွေက မပီတော့ဘူး” ဟု ပြောသည်။

မလိုအပ်ဘဲ စိတ်ရောဂါကု ဆေးရုံတွင် ထားရှိခဲ့ပြီး ပြန်လွတ်လာသည့်အခါ ကျန်းမာရေး ချို့ယွင်းလာခဲ့သဖြင့် ကြည်ညိုသူ ဒါယိကာ၊ ဒါယိကာမများနှင့် ဆွေမျိုးသားချင်းများမှ စိတ်မကောင်း ဖြစ်နေကြသည်။

ယခုအခါ ဆရာတော်ကြီးသည် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ သမီးဖြစ်သူ၏ နေအိမ်တွင် သီတင်းသုံး နေထိုင်ပြီး ပဲခူးကျောင်းတိုက်သို့ ပြန်ကြွလိုလျှင် ဒေသအာဏာပိုင်များကို သတင်းပို့ရမည် ဖြစ်သည်။

စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှုအတွင်း မြို့တော်ခန်းမရှေ့တွင် သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ တပါးတည်း ဆန္ဒပြသကဲ့သို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ၃ ရက်ဆက်တိုက် တရားဟောခဲ့သည့် ဆရာတော်ကြီးအား စက်တင်ဘာလ ၂၆ ရက်နေ့တွင် အင်းစိန်ထောင်ထဲတွင် ဖမ်းဆီးချုပ်နှောင်ကာ အောက်တိုဘာလ ၂၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates