Saturday, January 5, 2008

၂ဝဝ၈ ခုနှစ်ကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှစ် သတ်မှတ်ရန် အဖွဲ့ချုပ် တောင်းဆို

မဇ္ဈိမသတင်းဌာန
Friday, 04 January 2008 21:53 - မြန်မာစံတော်ချိန်

နအဖ စစ်ခေါင်းဆောင်များ အနေဖြင့် အကျဉ်းကျခံ ရဟန်းသံဃာများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး လွှတ်ပေးပြီး ၂ဝဝ၈ ခုနှစ်ကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှစ်အဖြစ် အကောင်အထည်ဖော်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် တောင်းဆိုလိုက်သည်။

တိုင်းပြည်၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးရေးကို အစဉ် တောင်းဆိုလာခဲ့သည့် အန်အယ်ဒီက ယခုလို ‘၂ဝဝ၈ ခုနှစ်ကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှစ်’ အဖြစ် သတ်မှတ်ရန်အတွက် ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ကြေညာချက် ထုတ်ပြန်ကာ ထူးခြားစွာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

နှစ် ၆ဝ ပြည့်မြောက်လာပြီဖြစ်သည့် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်တွင် အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပခဲ့ရာ ဝါရင့် နိုင်ငံရေးသမားများ၊ အဖွဲ့ချုပ်ဝင်များ လူဦးရေ ၆ဝဝ ခန့် တက်ရောက်ခဲ့သည်။

“မြို့ပေါ်ရော၊ နယ်ကရော ၆ဝဝ လောက် တက်ပါတယ်။ ကျနော်တို့ ဒီနေ့ အခမ်းအနားမှာ သခင်အောင်ဆန်းရဲ့ အတ္ထုပတ္တိအကျဉ်း၊ မိန့်ခွန်း ကောက်နုတ်ချက်တွေရယ်၊ ရှားပါး ဓာတ်ပုံတွေကို စာမျက်နှာ ၁ဝ မျက်နှာပါတဲ့ စာအုပ်ငယ် တအုပ် ထုတ်ပါတယ်။ နောက်ပြီး အဖွဲ့ချုပ်လူငယ်တွေ ရေးထားတဲ့ သတင်းစာပုံစံ သတင်းလွှာကို နံရံကပ်အဖြစ် လုပ်ပါတယ်” ဟု အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ အခမ်းအနားတွင် ထုတ်ဝေသည့် အဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဗိုလ်ချူပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ရှင်းလင်းတင်ပြထားသည့် အကြောင်းအရာများ၊ ဒုတိယဥက္ကဌ ဦးတင်ဦးနုင့် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံး လွတ်ပေးရေး၊ ၂ဝဝ၈ ခုနှစ်ကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှစ်အဖြစ် အကောင်အထည်ဖော်ရေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ်ဥက္ကဌ ဦခွန်ထွန်းဦး အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များကို လွတ်ပေးရေး၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရေးစသည့် တောင်းဆိုချက်များကို ရေးသားဖော်ပြ တောင်းဆိုထားသည်။

အလားတူ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် မလေးရှားရောက် မြန်မာများကလည်း လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပခဲ့ကြသည်။

အိန္ဒိယတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က နအဖ သည် ပြည်တွင်းရှိ ဒုက္ခအပေါင်းကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် တွေ့ဆုံ ဆွေးနွေးရေးကို လျစ်လျူရှူနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက သတိပေးနေသည့်ကြားမှပင် ပြည်သူလူထု၏ ဆန္ဒများကို ဖော်ထုတ်ပေးသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများကို ဖမ်းဆီးနေခြင်းကို ကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်ခဲ့ကြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို နအဖ က ပြန်လွှတ်ပေးရေးအပါအဝင် စစ်အစိုးရ အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးကြောင့် ရှောင်တိမ်းနေရင်း ရင်သွေးငယ်များနှင့် ဝေးကွာနေရသည့် မိခင်များ၊ အကျဉ်းထောင်တွင်း ချုပ်နှောင်ခံနေရသည့် မိခင်များ၊ အကျဉ်းကျခံ အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူများကို မိသားစုနှင့် ပြန်လည် ပေါင်းစည်းစေရေးအတွက် ကုလသမဂ္ဂ အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာ အထူးအရာရှိကို မြန်မာနိုင်ငံသို့ စေလွှတ်ကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်စေရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို တောင်းဆိုထားသည်။

မလေးရှားနိုင်ငံရောက် မြန်မာများကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ တရုတ်တန်းခန်းမ Chinese Assembly Hall တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တရားပွဲတရပ်ကို ကျင်းပရာ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား ၃ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသော လွတ်လပ်ရေး တရားပွဲတွင် ပီနန်ဆရာတော်နှင့် သီရိလင်္ကာ နိုင်ငံရောက် ကျောင်းသားသံဃာ ရဟန်းတော်များအဖွဲ့၏ ဒုဥက္ကဌ အရှင် အဂ္ဂဝံသက တို့က ကြွရောက်လာကာ လွတ်လပ်ရေးတရားများ ချီးမြှင့်သည်။

အရှင် အဂ္ဂဝံသက “ဗိုလ်ချုပ်အောင်ဆန်းတို့ ရခဲ့တဲ့ လွတ်လပ်ရေးခေတ်ကို ကောင်းကောင်း မမှတ်မိတဲ့အတွက် အကြောင်းစုံကို ဦးဇင်း ခံစားလို့ မရဘူး။ ဒါပေမဲ့ လတ်တလော အခြေအနေအရ ဦးဇင်းတို့ ကြီးပြင်းလာရတဲ့ အခြေအနေ အခုက စစ်အစိုးရ လက်အောက်မှာ ကြီးပြင်းလာရတဲ့အတွက် ဒါဟာ လွတ်လပ်ရေးရဖို့ အားလုံးက ကြိုးစားရအုံးမယ်ဆိုတဲ့ ခံစားချက်ကိုပဲ ဦးဇင်း ခံစားရတယ်” ဟု ပြောသည်။

တရားပွဲကို တက်ရောက်လာသူ ပီနန် ဆရာတော်ကလည်း “လွတ်လပ်ရေး ရပြီးတဲ့နောက်က စပြီးတော့ သူများတွေကို မမှီခိုဘဲ ကိုယ့်ဖာသာကိုယ် အေးအေးချမ်းချမ်း စားရေးသောက်ရေး၊ ပညာရေး၊ စီးပွားရေး လုပ်နိုင်အောင် ဆိုပြီးတော့ မြန်မာခေါင်းဆောင်တွေက လုပ်သွားခဲ့တာကို ဘာမှ ခံစားရတာ မရှိခဲ့ဘူး။ ဒါဟာ အနိုင်ကျင့် ခံရသလို ဖြစ်နေတယ်။ အဲဒါကြောင့် လွတ်လပ်ရေး မရတဲ့ လူတွေအားလုံး နားလည်ဖို့ လိုတာက အနိုင်ကျင့် ခံထားရတာတွေသည် လူတိုင်းမှာ တာဝန်ရှိတယ်။ ဒို့တတွေက ပြန်ပြီးတော့ ကာကွယ် စောင့်ရှောက်ကြဖို့ လိုတယ်။ စောင့်ရှောက်တဲ့ အခါမှာလဲ မညီညွတ်ရင် ကာကွယ်လို့ မရဘူး။ ညီညွတ်ဖို့ လိုတယ်လို့ ဘုန်းကြီး ပြောချင်ပါတယ်” ဟု မိန့်ကြားခဲ့သည်။



နှစ်သစ်ကူးကာလတွင် ဓာတ်ဆီဈေးနှုန်းများ ပိုမိုသိသာစွာ ထိုးတက

နန်းဒေဝီ
Friday, 04 January 2008 19:57 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံ မြို့နယ်အချို့တွင် လောင်စာဆီ ဈေးနှုန်းများသည် ပြီးခဲ့သည့် ၄ လကျော်အတွင်း တရိပ်ရိပ် မြင့်တက်ရာမှ ယခုနှစ်ဆန်းပိုင်းတွင် ဆက်လက်၍ ထိုးတက်နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် နအဖ စစ်အစိုးရက ဓာတ်ဆီဈေးကို အဆ ၅ဝဝ အထိ တိုးမြှင့်လိုက်ပြီးနောက် တဖြည်းဖြည်း မြင့်တက်နေသည့် ဈေးနှုန်းများသည် ယခုနှစ်ဆန်းပိုင်း၌ မြို့နယ်အချို့တွင် ဆက်လက်၍ သိသာစွာ ထိုးတက်လာခြင်း ဖြစ်သည်။

“ကျနော်တို့ဆိုင် လက်ရှိပေါက်ဈေးက ဓာတ်ဆီတဂါလံကို မြန်မာငွေ ၅ဝဝဝ ဈေးရှိတယ်။ ဒီအပတ်တွင်းကို တက်သွားတာဗျ။ အသေးစိတ်တော့ ကျနော်တို့ဆိုင် ပင်ရင်း မန္တလေးကပဲ သိမယ်။ ဒီဟာက ဆိုင်ခွဲလေ။ တပေပါ ပေါက်ဈေး (ဂါလံ ၅ဝ ဆန့်) ကို မြန်မာကျပ်ငွေ ၂၅ဝဝဝဝ ဈေးရှိတယ်” ဟု စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ရှိ စက်သုံးဆီ ဝန်ဆောင်မှု လုပ်ငန်းမှ ဆိုင်တာဝန်ခံ တဦးက ပြောသည်။

အစိုးရဈေးနှုန်းသည် ဓာတ်ဆီတဂါလံလျှင် ကျပ် ၂၅ဝဝ နှင့် ဒီဇယ်ဆီတဂါလံ ၃ဝဝဝ ကျပ်အဖြစ် နအဖ က လွန်ခဲ့သည့် ၄ လကျော်ကတည်းက သတ်မှတ်ခဲ့သော်လည်း ပြင်ပမှောင်ခို ဈေးနှုန်းသည် တရားဝင် ဈေးထက် ၂ ဆအထိပင် ပေါက်ဈေး ရှိခဲ့သည်။

အလားတူပင် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်တွင်လည်း ယခင်က ဓာတ်ဆီတဂါလံ ပြင်ပပေါက်ဈေးသည် ကျပ်ငွေ ၄၅ဝဝ ရှိရာမှ ယခုရက်ပိုင်းအတွင်း ၅၂ဝဝ ကျပ်အထိ မြင့်တက်ကာ၊ ဒီဇယ်ဆီဈေးမှာ တဂါလံလျှင် ကျပ် ၄ဝဝဝ ကျော်မှ ၅၈ဝဝ ကျပ်အထိ မြင့်တက်ကုန်ကြောင်း ဇီးကုန်းဒေသခံ တဦးက ပြောသည်။

သူက “နှစ်ကုန်ပိုင်းကတည်းက တဖြည်းဖြည်းတက်နေတာ ဒီနှစ်ဆန်းပိုင်းတော့ ခုန်တက်သွားတယ်” ဟု ပြောသည်။

ယခုလို လောင်စာဆီဈေးများ အဆမတန် မြင့်တက်လာသဖြင့် အဝေးပြေး ယာဉ်စီးခနှုန်းထားများပါ လိုက်တက်လာသည်ဟု မကွေး-ရန်ကုန် လိုင်းကားပြေးဆွဲနေသည့် မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

“ဒီဇယ်၊ ဓာတ်ဆီဈေးတွေတက်တော့ ကျနော်တို့ လိုင်းကားဆွဲရတာ အရင်က ခရီးသည်၊ ရန်ကုန်ကို တယောက် ကျပ် ၅ဝဝဝ ကောက်ခံတယ်။ အခု ၇၅ဝဝ ကောက်တယ်။ လူတယောက်က တဂါလံနှုန်း ကျနေတယ်” ဟု သူက ပြောသည်။

သူက ဆက်ပြီး “အစိုးရက ရန်ကုန်ခရီးစဉ် တခေါက်ကို ၄၅ ဂါလံ ထုတ်ပေးတယ်။ ရန်ကုန် အသွားအပြန် မလောက်ဘူး။ ကျနော်တို့က ဂါလံ ၂ဝ ထပ်စိုက်ရတယ်။ လူ ၅ဝ ပြည့်ရင်၊ ကျနော်တို့အတွက် ကျန်တယ်။ ၅ဝ မပြည့်ရင် မကျန်ဘူးပေါ့ဗျာ။ ပြီးခဲ့တဲ့လနဲ့ အခုလတော့ မဆိုးဘူး။ မိုးတွင်းဆိုရင် မကိုက်ဘူး၊ အရှုံးပေါ်တယ်။ ခရီးသွား နဲတယ်လေ၊ ပွင့်လင်းရာသီမဟုတ်တော့” ဟု ပြောသည်။

လောင်စာဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာသည့် အကြောင်းရင်းကို အတိအကျ မသိရသော်လည်း ယခုတလော နအဖ သတင်းစာများတွင် ‘အစိုးရမှ လောင်စာဆီဈေးကို ထပ်မံ တိုးမြှင့်မည့် သတင်းများသည် ကောလာဟလများ ဖြစ်ကြောင်း’ ပြန်လည်ချေပနေကာ၊ အစိုးရ ဓာတ်ဆီဆိုင်များမှ ပုံမှန်ထုတ်ပေးသည့် ခွဲတမ်းများကိုမူ လျှော့ချခဲ့သည်။

လောင်စာဆီဈေးများ ဆက်တိုက် တက်နေသည့်အတွက် စားသောက်ကုန်ပစ္စည်း ဈေးများလည်း လိုက်တက်နေကြောင်း ပဲခူးမြို့ခံတဦးက ပြောဆိုသည်။

သူက “အခု ပဲဆီ တပိဿာကို ၄ဝဝဝ ပေးဝယ်ရတယ်။ အရင်တုန်းက ၃၂ဝဝ ပဲ။ တက်တာ တပတ်၊ ၁ဝ ရက်လောက်ရှိပြီ။ နှစ်ကုန်ခါနီးအထိတော့ တဖြည်းဖြည်းနဲ့ တက်တယ်။ ၂ဝဝ၈ ခုနှစ်လည်းကျရော ခုန်တက်သွားတယ်” ဟု ပြောသည်။



ကချင်ပြည်နယ်အတွင်း GSM မိုဘိုင်းဖုန်း လျှောက်ထားသူများ မကျေမနပ်ဖြစ်နေ

မျိုးကြီး
Friday, 04 January 2008 19:06 - မြန်မာစံတော်ချိန်

စာတိုက်ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များမှတဆင့် GSM မိုဘိုင်းဖုန်း ရောင်းချခွင့် ကန်ထရိုက်ကို ပေးလိုက်သောကြောင့် ယခင်က ဖုန်းလျှောက်လွှာတင်ထားသူ ဒေသခံများ မကျေမနပ် ဖြစ်နေကြသည်။

ကချင်ပြည်နယ် ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်းနှင့် ဟိုပင်မြို့နယ်တို့အတွက် GSM မိုဘိုင်းဖုန်း အလုံး ၁၀၀၀ ကို ခွဲတမ်းချပေးရာတွင် တမြို့နယ်လျှင် လုပ်ငန်းရှင် တဦးစီက ကန်ထရိုက် ယူလိုက်သောကြောင့် ဖုန်းရရှိရန် ဆက်သွယ်ရေး ၀န်ကြီးဌာနသို့ တိုက်ရိုက် လျှောက်ထားသူများက ဖုန်းမရရှိခြင်းနှင့် ဖုန်းဈေး မြင့်တက်ခြင်းတို့ကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

"ဆက်သွယ်ရေးကို လျှောက်တာ ရလို့ရှိရင် ၁၇ သိန်းလောက်နဲ့ ရတယ်။ အခုက စီးပွားရေးသမားတွေကို ရောင်းချခွင့် ကန်ထရိုက် ပေးလိုက်တော့ သူတို့ကြိုက်တဲ့ ဈေးနဲ့ ပြန်ရောင်းတော့မှာ။ ၁၉ သိန်းခွဲလောက်ကို ဖြစ်နေပြီ။ မရတဲ့သူတွေက ဘယ်ကျေနပ်မလဲ" ဟု ဖုန်းလျှောက်ထားသူ တဦးက မဇ္ဈိမကို ပြောသည်။

၎ မြို့နယ်အတွက် ဖုန်းအလုံး ၁၀၀၀ ချပေးရာတွင် အလုံးရေ ၅၀၀ ကို ဒေသအခြေစိုက် စစ်တပ်များအတွက် ခွဲတမ်းချပေးထားပြီး အလုံး ၁၀၀ ကိုသာ ၀န်ထမ်းများအတွက် ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဖုန်းအလုံး ၄၀၀ ကိုသာ တမြို့နယ်လျှင် အလုံး ၁၀၀ နှုန်း ခွဲတမ်းချထားခြင်း ဖြစ်သည်။

ဖုန်းရောင်းချပိုင်ခွင့် ကန်ထရိုက် ရရှိသွားသော ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များက ဖုန်းတလုံးလျှင် မြန်မာကျပ်ငွေ ၁၉ သိန်းခွဲဖြင့် ရောင်းချနေကြပြီး ယခုလ ၁၀ ရက် နေ့တွင် ဖုန်းပြောခွင့်ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်သည်။



မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၂ ဦးကို ထိုင်းရေတပ်က ဖမ်းဆီး

သန်းထိုက်ဦး
Friday, 04 January 2008 18:52 - မြန်မာစံတော်ချိန်

ထိုင်းနိုင်ငံတောင်ပိုင်းသို့ ခိုးဝင်ရန် ကြိုးစားသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၂ ဦးကို ထိုင်းရေတပ်က ယခုလ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

၁ဝ နှစ်မှ နှစ် ၃ဝ အရွယ်ကြားရှိ ရိုဟင်ဂျာ အမျိုးသားများကို တင်ဆောင်လာသော သစ်သားလှေသည် ထိုင်းနိုင်ငံတောင်ပိုင်း ခိုလဘူလီမြို့နယ် ရေပိုင်နက်အတွင်း ဝင်ရောက်ရှိလာချိန်တွင် ထိုင်းရေတပ်က ဖမ်းဆီးခြင်း ဖြစ်သည်။

ဖမ်းဆီးပြီးနောက် ခိုလဘူလီမြို့နယ် ရဲစခန်းမှ အာဏာပိုင်များက လူအခွင့်အရေး ပညာပေးကော်မတီသို့ အကြောင်းကြားလာသဖြင့် ကော်မတီအနေဖြင့် အစားအသောက်များ သွားရောက် ကူညီခဲ့ကြောင်းနှင့် ယခုအခါ သူတို့ကို ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေး လဝက အချုပ်တွင် လွှဲပြောင်း ထိန်းသိမ်းထားကြောင်း ကော်မတီမှ ဦးဆောင်သူတဦး ဖြစ်သည့် ကိုကျော်ဦးက မဇ္ဈိမကို ပြောသည်။

ခိုလဘူလီ ရဲစခန်းမှ တာဝန်ကျ ရဲတဦးကလည်း ယခုသတင်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

သူက “ဖန်ငခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က လာကြိုသွားတယ်။ ရနောင်း လဝကကို မနေ့က ပို့လိုက်ပြီ” ဟု ပြောသည်။

ဖမ်းဆီးထားသူများကို မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်မည်ကို မသိသေးကြောင်း ရနောင်း လဝက မှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရိုဟင်ဂျာများကို ထိုင်းနိုင်ငံတောင်ပိုင်း သူပုန်များနှင့် အဆက်အသွယ် ရှိသူများဟု ထင်မှတ်ကာ ထိုင်းရေတပ်က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲခံရဖွယ်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော လူနည်းစု ရိုဟင်ဂျာများသည် လူမှုရေးနှင့် စီးပွားရေး အခက်အခဲများကြောင့် ပင်လယ်ပြင်ကိုဖြတ်ကာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် မကြာခဏ သွားရောက်လေ့ရှိပြီး ထိုင်းတောင်ပိုင်း ပင်လယ်ပြင်တွင် ယခုကဲ့သို့ အဖမ်းခံရတတ်လေ့ ရှိသည်။

ဓါတ်ပုံ - GHRE"> ဓါတ်ပုံ - GHRE">
ပုံကြီးကြည့်ရန် ပုံကိုနှိပ်ပါ


သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ စာရင်းတွင် ပခုက္ကူသံဃာများ မပါဝင်

မဇ္ဈိမသတင်းဌာန
Friday, 04 January 2008 17:24 - မြန်မာစံတော်ချိန်

နှစ်စဉ် မြန်မာ့လွတ်လပ်ရေးနေ့တွင် ကြေညာလေ့ရှိသော သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များ ဘွဲ့အမည်စာရင်းကို နအဖ စစ်အစိုးရမှ ယနေ့တွင် ထုတ်ပြန်လိုက်ရာ ပခုက္ကူမြို့မှ သံဃာတော်များ တပါးမျှ ပါဝင်ခြင်းမရှိပါ။

စစ်အစိုးရသတင်းစာ မြန်မာ့အလင်းတွင် ဘွဲ့အမည်များ ထုတ်ပြန်ကြေညာရာတွင် ဘွဲ့တံဆိပ်တော်ရ သံဃာတော် ၁ဝ၄ ပါးရှိသည့်အနက် မဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ၃ ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့အတွက် ၂၇ ပါး၊ မဟာဓမ္မက တိကမဟုဇနဟိတဓရဘွဲ့ ၁ ပါး၊ ဓမ္မကတိက ဗဟုဇနဟိတဓရဘွဲ့ ၇ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဂဏ္ဍိတ ၄၉ ပါးနှင့် မဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ၁၇ ပါး ပါဝင်သော်လည်း မကွေးတိုင်း ပခုက္ကူမြို့မှ သံဃာတော်များ ပါဝင်မှု မရှိခြင်းဖြစ်သည်။

“ဒါကတော့ နီးစပ်ရာ ပေးတဲ့သဘောပါပဲ။ စက်တင်ဘာ အရေးအခင်းကြောင့်လည်း ပါမှာပေါ့။ ဖုန်းတောင်မှ နောက်တသုတ်ချပေးမယ့်ဟာ ချမပေးတော့ဘူး။ စာသင်တိုက်ကြီးတွေ ရှိတာပဲ ပေးချင်ပေး၊ ရတာပေါ့။ တောကျောင်း ဘုန်းကြီးတွေတောင် ရသေးတာ။ ဒါတွေက ငွေပေးရင်တောင် ရတယ်လို့ ကြားတာပဲလေ။ ဒီဘွဲ့တွေ မရတဲ့အပေါ်မှာ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး” ဟု ပခုက္ကူရှိ စာသင်တိုက်ကြီးတတိုက်မှ စာချဆရာတော်တပါးက မဇ္ဈိမကို မိန့်ဆိုသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် သံဃာလူထု ဆန္ဒဖော်ထုတ်ပွဲကြီး ပေါ်ပေါက်လာစေရန် မကွေးတိုင်း ပခုက္ကူမြို့မှ သံဃာ့လှုပ်ရှားမှုက အခြေခံခဲ့ကာ အထက်မြန်မာပြည်၌ မန္တလေးမြို့ပြီးလျှင် ပခုက္ကူတွင် သံဃာအရေအတွက် ဒုတိယအများဆုံး သီတင်းသုံးနေထိုင်ပြီး စုစုပေါင်း အပါး ၅ဝဝဝ ကျော် ရှိသည်။

ဘွဲ့အမည်စာရင်း ကြေညာချက်နှင့် ပတ်သက်၍ အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန် မြန်မာ့အလင်း သတင်းစာတိုက်၊ သံဃာ့ မဟာနာယကအဖွဲ့နှင့် သာသနာရေး ဝန်ကြီးဌာနသို့ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခံရသော ပုဂ္ဂိုလ်များတွင် ဆရာတော်ကြီးများ၊ စာချဆရာတော်များ၊ ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နည်လှည့် ဓမ္မကထိကများ၊ ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များ ပါဝင်ကြောင်း စစ်အစိုးရ၏ ကြေညာချက်က ဆိုသည်။

ဗုဒ္ဓလက်ထက်ကတော့ ဘွဲ့တွေကို ဗုဒ္ဓကိုယ်တိုင် သဗ္ဗညုတ ဥာဏ်တော်နဲ့ မြင်တော်မူပြီး “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ယဒိဒံ... ” စသည်ဖြင့် နှုတ်မြွက်တော်မူပြီး ချီးမြှောက်တော်မူခဲ့တာပါ..။ အဲဒါကို “ဧတဒဂ်” ပေးတယ်လို့ ကျနော်တို့ ဗမာတွေ နားလည်ထားပါတယ်..။
အခုခေတ်မှာတော့ လူသတ်တဲ့လက်တွေနဲ့ ပေးတာဆိုတော့ အဲဒီဘွဲ့ဟာ လူသတ်အားပေးဘွဲ့ပဲ ဖြစ်တော့မှာပေါ့..။ ဘွဲ့ရတဲ့အထဲမှာ တကယ်ထိုက်တန်တဲ့ဆရာတော်တွေကိုတော့ မဆိုလိုပါဘူး..။
ဘွဲ့နဲ့ပတ်သက်လို့ ဆရာကြီးတစ်ယောက်ရဲ့ ပြောစကားလေးကို ဖောက်သည်ချပါရစေ “ဘွဲ့ရတဲ့ဆရာတော်ထက် ဘွဲ့မရတဲ့ ဆရာတော်က ပိုကြည်ညိုဖို့ကောင်းပါတယ်” တဲ့..။ ဘာဖြစ်လို့လဲလို့ မေးတဲ့အခါမှာတော့ “အခုခေတ်ဘွဲ့က ထိုက်တန်လို့ရတာမှမဟုတ်တာ ကိုယ်ရေးရာဇ၀င် ကိုယ်တိုင်ဖြည့်ပြီး လျှောက်ယူ၊ လိုက်ယူရတာ အဲဒီတော့ စဉ်းစားသာကြည့်ပေါ့” တဲ့..။
ဒီတော့ ပခုက္ကူက သံဃာတွေကို ပိုမိုကြည်ညိုကြပါလို့...


ဂြိုဟ်တုစလောင်း နှစ်စဉ်ကြေး အဆမတန် တိုးကောက်၍ သတင်းစီးဆင်းမှု အဟန့်အတားဖြစ်

နန်းဒေဝီ
Thursday, 03 January 2008 19:53 - မြန်မာစံတော်ချိန်

နအဖ က သတင်းစီးဆင်းမှုကို နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ရာတွင် ဆက်သွယ်ရေး မီဒီယာတခု ဖြစ်သည့် ဂြိုဟ်တုစလောင်း နှစ်စဉ်လိုင်စင်ကြေးကို ယခုနှစ်ဦးပိုင်းမှ စတင်ကာ အဆပေါင်း ၁၆၆ ဆ တိုးမြှင့် ကောက်ခံလိုက်သဖြင့် ပိုမိုဆိုးရွားလာသည်။

ယခင်က နှစ်စဉ်ကြေးအဖြစ် မြန်မာကျပ်ငွေ ၆ဝဝဝ သတ်မှတ်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ကျပ်ငွေ ၁ဝ သိန်း အထိ တိုးမြှင့် ကောက်ခံခဲ့သဖြင့် လက်ရှိ စလောင်းတပ်သူများ အနေဖြင့် ဆက်လက် တပ်ဆင်ကြည့်ရှုရန် မဖြစ်နိုင်ဘဲ ခက်ခဲနေကြသည်ဟု စလောင်းအခွန် သွားရောက် ပေးဆောင်ခဲ့သူများက ပြောသည်။

“ပြည်သူက ပိုက်ဆံ ၁ဝ သိန်းကျော်ကို ဘယ်ပေးနိုင်မှာလည်းဗျာ။ ပြည်သူတွေက တနေ့တနေ့ကို တထောင်ကနေ နှစ်ထောင်ရအောင် မနဲရှာကြံနေရတာ။ ဘယ်သူမှ ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ကျန်တဲ့သူတွေလည်း ဖြုတ်နေကြပြီ။ ကျနော်လည်း ဖြုတ်ရတော့မှာ” ဟု ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ၈ ပေ စလောင်း တပ်ထားသူတဦးက မဇ္ဈိမကို ပြောသည်။

ယခုလို နှစ်စဉ်ကြေး တိုးမြှင့် ကောက်ခံခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များမှ တစုံတရာ တရားဝင် အကြောင်းကြား၊ ပြောဆိုခြင်း မရှိသော်လည်း ပြီးခဲ့သည့်နှစ် သြဂုတ်နှင့် စက်တင်ဘာလ အတွင်းက သံဃာတော်များ ဦးဆောင်သည့် လူထု ဆန္ဒပြပွဲများကို နအဖ စစ်အစိုးရမှ အကြမ်းဖက် နှိမ်နှင်းခဲ့သည့် ဓာတ်ပုံ၊ ဗွီဒီယို၊ သတင်း အချက်အလက်များနှင့် အခြားကန့်သတ်လိုသည့် နိုင်ငံတကာ သတင်းများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ဟန်တူသည်ဟု ရန်ကုန်ဒေသခံများက ခန့်မှန်းပြောဆိုသည်။

မြန်မာ့သတင်းသမဂ္ဂ (BMA) မှ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေ က “သြဂုတ်၊ စက်တင်ဘာ က ဖြစ်ပျက်ခဲ့တဲ့ဟာတွေက နိုင်ငံတကာက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ထုတ်လွင့်ခဲ့တာနဲ့ ပတ်သက်လို့ ချက်ခြင်းလက်ငင်း မျက်ဝါးထင်ထင် မြင်တွေ့ရလို့ မြန်မာပြည်မပြောနဲ့ နိုင်ငံတကာက လူတွေတောင်မှ တော်တော်ကြီး သက်ရောက်သွားတယ်လေ” ဟု ဆိုသည်။

“နောက်ထပ် ဒါမျိုးတွေ ဖြစ်လာမှာကို အာဏာပိုင်တွေက အရမ်းစိုးရိမ်တယ်။ ဒါပေမယ်လို့ ဒီလိုမျိုး ဂြိုဟ်တုစလောင်းတွေကို ကန့်သတ်ပေမဲ့ အပြီးအပိုင်တော့ ဒီနည်းပညာတွေကို ဟန့်တားလို့မရဘူး၊ တတ်နိုင်တဲ့နည်းနဲ့ လူတွေရဲ့ နားတွေ မျက်စိတွေကို ပိတ်ဖို့ကြိုးစားနေတာပါ ” ဟုသူကဆက်၍ပြောဆိုခဲ့သည်။

အလားတူပင် အင်တာနက်လိုင်းမှတဆင့် နိုင်ငံခြား သတင်းဌာနများ၏ ဝဘ်ဆိုဒ်များဖြစ်သည့် ရိုက်တာ၊ ဘန်ကောက်ပို့စ် သတင်းဌာနများ၏ သတင်း စာမျက်နှာများကို လွန်ခဲ့သည့် နှစ်ကုန်ပိုင်းတွင် အာဏာပိုင်များက ပိတ်ခဲ့သည့်အတွက် သတင်းများ ဖတ်မရတော့ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တဦးက ယခုလို ပြောဆိုသည်။

“အဲဒီ ဝဘ်ဆိုဒ်တွေကို ဖွင့်လိုက်ရင် Block by MPT ဆိုပြီး ပေါ်လာတယ်။ ၂ လလောက်ရှိပြီ ဖွင့်မရတာ။ ဘက်လိုက်မှုကင်းတဲ့ သတင်းဌာနတွေရဲ့ ဝဘ်ဆိုဒ်တွေကို မပိတ်သင့်ပါဘူး” ဟု သူက ပြောသည်။

သူက ဆက်ပြီး ယခုလို နိုင်ငံတကာ သတင်းဌာနများ၏ ဝဘ်ဆိုဒ်များကို ပိတ်ပင်ခြင်း၊ အခမဲ့ ကြည့်ရှုခွင့်ရ လိုင်းများရနေသည့် ဆက်သွယ်ရေး ဂြိုဟ်တုစလောင်းများ၏ နှစ်စဉ်ကြေးကို အဆမတန် တိုးမြှင့် ကောက်ခံခြင်းဖြင့် စစ်အစိုးရက နိုင်ငံတကာနှင့်ဆိုင်သည့် သတင်း၊ အချက်လက်များကို မြန်မာပြည်သူများ မကြည့်စေချင်သည့်အတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပြောသည်။

“အခုလို လုပ်ဖို့ မလိုအပ်ဘူး။ တိုင်းပြည်ဂုဏ်သိက္ခာ ကျဆင်းစေတယ်” ဟု သူက ဆိုသည်။

ယခုလို စလောင်းတပ်ဆင် ငှားရမ်းခ အဆမတန် တိုးကောက်ခံခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းရှိ မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာတွင် ဝန်ထမ်းတဦးက ယခုလို ပြန်လည်ဖြေကြားခဲ့သည်။

“မူတွေအားလုံးက၊ ပေါ်လစီနဲ့ပတ်သက်တာ အားလုံးက ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဦးစီးဌာန (နေပြည်တော်) က ကိုင်တာပါ။ ဦးစီးနဲ့ ဆိုင်တာဆိုတော့ ဦးစီးပေါ့။ ကိုင်တာကတော့ ဦးစီးဌာန (နေပြည်တော်) က ကိုင်တာပါ” ဟု သူက ပြောသည်။

သို့သော် နေပြည်တော်ရှိ ဆက်သွယ်ရေး ညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သက်က ယခုလို နှစ်စဉ်ကြေး တိုးကောက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

သူက “တရားဝင် ငွေတိုးကောက်ခံတာ မဟုတ်သေးပါဘူး။ အဲဒါတွေက ကျနော်တို့ ဘာမှ ညွန်ကြားချက် မရသေးလို့ ကျနော်တို့ ဘာမှ ပြောလို့မရသေးဘူး။ အထက်က ဘာမှ ညွန်ကြားချက် မလာသေးလို့ ဘာမှ ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။

ဘက်ပေါင်းစုံမှ သတင်းစီးဆင်းမှုကို ဟန့်တားသည့် အနေဖြင့် ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်ကုန်ပိုင်းက ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်သည့် The Voice တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီများအား နိုင်ငံတော် သိက္ခာကျစေသည့် အင်တာနက်အသုံးပြုမှုများ တွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဟိုတယ်ဇုံများသို့ ပေးပို့ခဲ့သော အကြောင်းကြားစာ၌ ဖော်ပြပါရှိသည်။

သို့သော် သတင်းစီးဆင်းမှုကို မည်သို့ပင် ဟန့်တားပါစေ၊ လက်ရှိ တိုးတက်နေသည့် နည်းပညာများကို ဟန့်တား ပိတ်ဆို့နိုင်မည် မဟုတ်သလို သတင်း ငတ်မွတ်နေကြသည့် မြန်မာပြည်သူများမှလည်း ရသည့်နည်းဖြင့် ကြိုးစားသွားကြမည် ဖြစ်ကြောင်း ဦးစံမိုးဝေ က ယခုလို ပြောဆိုလိုက်သည်။

သူက “Satellite ကို အားထားပြီး ကြည့်နေတဲ့သူတွေအတွက်တော့ တစုံတရာ အခက်အခဲတော့ ဖြစ်သွားမှာပဲလေ။ ဒါပေမဲ့ မြန်မာပြည်မှာက လူတွေက သတင်းကို ငတ်မွတ်နေကြတဲ့အတွက် မရ၊ ရတဲ့နည်းနဲ့ သူတို့နည်းနဲ့ သူတို့ဟန်အတိုင်းတော့ ကြိုးစားသွားမှာပဲ” ဟု ပြောသည်။



ဦးဥာဏ်ဝင်း ခရီးစဉ်ကို အိန္ဒိယရောက် မြန်မာများ ကန့်ကွက်

မဇ္ဈိမသတင်းဌာန
Thursday, 03 January 2008 19:07 - မြန်မာစံတော်ချိန်

နအဖ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် နယူးဒေလီမြို့တွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယနေ့ ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် ယမန်နှစ် စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှုကြီးကို စစ်အစိုးရမှ သတ်ဖြတ် နှိမ်နင်းခဲ့သဖြင့် ယခုနှစ် နှစ်ဆန်းတရက်နေ့မှ ၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသည့် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ခရီးစဉ်ကို ကန့်ကွက်ကြခြင်း ဖြစ်သည်။

“ဦးဉာဏ်ဝင်း လာတဲ့အပေါ်မှာ စိတ်ချမ်းသာခြင်း မရှိပါဘူး။ သံဃာတော်တွေ ဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို စက်တင်ဘာလမှာ သတ်ခဲ့ပြီးတဲ့နောက် တကမ္ဘာလုံးက နအဖ ကို ဝိုင်းကျဉ်နေတဲ့အချိန်မှာ နအဖရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အခုလို ဖိတ်ခြင်းဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ တနည်းအားဖြင့် အဲဒီလို လုပ်ခြင်းဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူပြုရာ ရောက်တယ်လို့ မြင်ပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့််ပေါင်းအစိုးရ ဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

ဆန္ဒပြသူများကလည်း နအဖ စစ်အစိုးရသည် သံဃာတော်များကို သတ်ဖြတ်မှုခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့တွင် အိန္ဒိယအစိုးရသည် အကြမ်းဖက် သတ်ဖြတ်မှု၌ တာဝန်ရှိသူများကို အရေးယူပေးရန် တိုက်တွန်း ပြောကြားခဲ့သော်လည်း နအဖ မှ တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိသေးဘဲ ယခုလို စစ်အစိုးရဝန်ကြီးကို အလည်အပတ် ဖိတ်ကြားသည့်အတွက် နှစ်မြို့ခြင်းမရှိဟု ထုတ်ဖော်ပြောဆိုကြသည်။

ဦးဉာဏ်ဝင်းသည် ကုလားတန် Multi-Modal Transport စီမံကိန်းနှင့် ထမံသီ ရေကာတာ စီမံကိန်းတို့အတွက် အိန္ဒိယအစိုးရနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ် အပြီးသတ် ရေးထိုးနိုင်ရန် လာရောက်ပြင်ဆင် ဆွေးနွေးခြင်း ဖြစ်သည်။

ဆန္ဒပြသူများက ဤစီမံကိန်းများတွင် အိန္ဒိယနိုင်ငံမှ အထောက်အကူပေးမည် ဆိုပါက မြန်မာပြည်သူများအတွက် အကျိုးရှိမည် မဟုတ်ကြောင်းနှင့် စစ်အစိုးရ တည်မြဲရေး စစ်ရေးပံ့ပိုးမှုတွင်သာ အသုံးကျမှာဖြစ်ကြောင်း ပြောဆိုထားကြသည်။

ထို့အပြင် ယခုလို စီမံကိန်းများကို လုပ်ဆောင်ရာ၌ အကျိုးဆက်အားဖြင့် ဒေသတွင်း၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်များ ပေါ်ထွက်နိုင်ပြီး၊ ဒေသခံများကို စစ်တပ်က အဓမ္မ လုပ်အားပေးခိုင်းစေသည့် ဖြစ်ရပ်များလည်း ပေါ်ပေါက်လာနိုင်သည်ဟုလည်း ပြောထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ဥက္ကဋ္ဌ ဆရာတော် ဦးပညာဝရ က “မြန်မာပြည်ထဲက မြေပေါ်မြေအောက် သယံဇာတတွေ ရောင်းနေတာက ပြည်သူလူထုကို ထိနေတာပါ။ ရခိုင်ပြည် ကမ်းလွန်မှာထွက်တဲ့ သဘာဝဓာတ်ငွေ့ကို ပြည်သူတွေကို လုံလောက်အောင် ဖြန့်ချိမပေးဘဲနဲ့ သူတို့ စစ်အစိုးရအတွက် ရောင်းစားနေပါတယ်။ ပြည်သူ့အကျိုးကို မကြည့်ဘဲနဲ့ သူတို့ ရောင်းစားနေပါတယ်။ ... မြေပေါ်မြေအောက် ပစ္စည်းတွေ ဘယ်လိုပဲရောင်းပြီး ဖြေရှင်းဖြေရှင်း မြန်မာပြည်ရဲ့ ပြဿနာက ဘယ်တော့မှ ပြေလည်သွားမှာ မဟုတ်ပါဘူး” ဟု မိန့်ဆိုသည်။

ဦးဉာဏ်ဝင်းသည် ယနေ့ညနေပိုင်းတွင် ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူရာ မဇ္ဈိမဒေသရှိ ဗုဒ္ဓဂါယာသို့ ဘုရားဖူး သွားရောက်မည် ဖြစ်သည်။

ဆန္ဒပြသူက နအဖ စစ်ခေါင်းဆောင်များကို ဥရောပ၊ သြစတြေးလျား၊ ကနေဒါ၊ အမေရိကားနိုင်ငံများမှ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်သကဲ့သို့ မကြာသေးခင်က သံဃာတော်များကိုပါ အကြမ်းဖက် သတ်ဖြတ်ခဲ့သဖြင့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သည့်နေရာသို့ လှည့်လည် ကြည့်ရှုခွင့် မပေးဘဲ ပိတ်ပင်သင့်သည်ဟု ထောက်ပြ ဝေဖန်ကြသည်။

ဒေါက်တာတင့်ဆွေက “အိန္ဒိယဝန်ကြီးချုပ်က မြန်မာပြည်မှာ အားလုံးပါဝင်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို အမြန်လုပ်ပါလို့ ပြောလိုက်တယ်။ အာလုံးဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အားလုံးပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးမျိုး ဖြစ်တယ်။ နအဖ ကတော့ သူရဲ့ လမ်းပြမြေပုံအတိုင်း သွားမယ်လို့ ပြောထားပြီးသားပါပဲ” ဟု ဆိုသည်။



ထူးခြားသော လွတ်လပ်ရေး အခမ်းအနားဖြစ်အောင် အန်အယ်လ်ဒီလုပ်မည်

သန်းထိုက်ဦး
Wednesday, 02 January 2008 18:29 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့၌ ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မကြာမီ ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယခင်နှစ်များနှင့် ထူးထူးကဲကဲဖြစ်အောင် ကျင်းပပြုလုပ်သွားမည်ဟု ပါတီတာဝန်ရှိသူက ပြောသည်။

ယခုလ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် နှစ် (၆ဝ)ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ မနက် ၁၂နာရီမှ ညနေ၄နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး လူငယ်များကို လွတ်လပ်ရေးနှင့် ပါတ်သက်သော အကြောင်းအရာများတို့ဖြင့် ပြုလုပ်ရန် စီစဉ်ထားသည်ဟု အန်အယ်ဒီအဖွဲ့ချုပ် သတင်းပြန်ကြားရေး တာဝန်ခံ ဦးဥာဏ်ဝင်းက မဇ္ဈိမကိုပြောပြသည်။

“ခါတိုင်းနဲ့ မတူတဲ့ အစီအစဉ်က နံပါတ် (၁) အစီအစဉ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တော်လှန်ရေး ခေါင်းဆောင်များရဲ့ ရှားပါးတဲ့ ဓါတ်ပုံပြပွဲတွေကို လုပ်မယ် နောက်တခုက လူငယ်တွေ အန်အယ်ဒီ လူငယ်တွေရေးတဲ့ တော်လှန်ရေးနဲ့ ပါတ်သက်တဲ့ ဝတ္တူဆောင်းပါး ကဗျာကို သတင်းစာကပ်မယ် နောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထုပ္ပတိ အကျဉ်းကို ကျနော်တို့ စာစောင်တွေ ဝေငှာပေးပြီး ပြုလုပ်ကျင်းပသွားမယ်” ဟု သူက ပြောသည်။

ဆက်လက်၍ “ကျနော်တို့ လွတ်လပ်ရေးရအောင် တော်လှန်ရေးကာလ တလျှောက်လုံး ဗိုလ်ချုပ်နှင့်တကွ တော်လှန်ရေး ခေါင်းဆောင်တွေ လုပ်ခဲ့တဲ့ သမိုင်းရေးရာ စာအုပ်စာတမ်း ရှားပါးနေတဲ့ အချိန်တွေမှာ အခုခောတ်လူငယ်တွေ အနေနဲ့ အလွယ်တကူ သိမြင်နိုင်အောင် ဆောင်ရွက်ပေးတာ ဖြစ်တယ်” ဦးဥာဏ်ဝင်းက ပြောသည်။

အလားတူ ပြည်နယ်နှင့် တိုင်းအသီးသီးတွင်လည်း နှစ် (၆ဝ) ပြည့် လွတ်လပ်ရေး အခမ်းအနားကို ကျင်းပကြမည် ဖြစ်သည်။ အဖွဲ့ချုပ်ရုံးတွင် ကျင်းပမည့် အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးပုဂ္ဂိုလ် တချို့နှင့် နိုင်ငံရေးသမားများကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဗြိတိသျှနယ်ချဲ့အစိုးရ လက်အောက်မှ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် ခေါင်းဆောင်ကြီးများ ပါဝင် ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကို မြန်မာ့ လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။



ဗန်းမော်တက္ကသိုလ် အ၀င်အထွက် လက်မှတ်ထိုးရန်လို

မျိုးကြီး
Wednesday, 02 January 2008 17:38 - မြန်မာစံတော်ချိန်

ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်တွင် ဒီဇင်ဘာ လဆန်းပိုင်းမှစ၍ ကျောင်းသားများ ကျောင်းဝင်းသို့ အ၀င်အထွက် ပြုလုပ်မှုများကို ကန့်သတ် တင်းကြပ်မှုများ ပိုမို ပြုလုပ်လိုက်သည်။

ကျောင်းပရ၀ုဏ်အတွင်း ကျောင်းသားများ ၀င်ရောက်လာသည်နှင့် တပြိုင်နက် လက်မှတ်ထိုးကြရပြီး အကြောင်းကိစ္စ ပေါ်လာ၍ ကျောင်းဝန်းအပြင်ဘက် ထွက်လိုပါက လက်မှတ်ထိုးပြီးမှ ပြန်ထွက်ရသည်။

ယခုအခါ ဗန်းမော်တက္ကသိုလ်တွင် အဝေးသင်ကျောင်း စာမေးပွဲများ စတင် စစ်ဆေးနေချိန် ဖြစ်သည်။

"ကလေးတွေ အခက်အခဲကတော့ကွယ် အိမ်ပြန်ချင်လည်း ပြန်လို့ မရဘူးပေါ့၊ ကျောင်းကလည်း မြို့နဲ့က လေးငါးမိုင်လောက် ဝေးတဲ့နေရာမှာ သွားဖွင့်ထားတာလေ။ တချို့ကတော့ အိမ်ကနီးပြီး မပြန်နိုင်တာ အိမ်ကနီးလည်း ပြန်လို့မရကြတော့ ခက်ခဲတာပေါ့" ဟု ဗန်းမော်မြို့နေ ကျောင်းဆရာတဦးက ပြောပြသည်။

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရွေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုအတွင်း ဗန်းမော် ကွန်ပြူတာ ကောလိပ်နှင့် တက္ကသိုလ် ကျောင်းဝန်းများအတွင်း လှုံ့ဆော်စာများ ဖြန့်ဝေမှုများ ရှိခဲ့ခြင်းကြောင့် အာဏာပိုင်များက ပိတ်ဆို့မှုများ လုပ်နေခြင်းဖြစ်ကြောင်း ကျောင်းသားများက ပြောသည်။



နိုင်ငံ့ဂုဏ်ထိပါးသည့် အင်တာနက် အသုံးပြုသူများအား အရေးယူမည်

မဇ္ဈိမသတင်းဌာန
Wednesday, 02 January 2008 17:26 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွင် နိုင်ငံတော်သိက္ခာ ကျစေသည့် အင်တာနက် အသုံးပြု လုပ်ရပ်များကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနက သတိပေးထားကြောင်း အပတ်စဉ်ထုတ် ဂျာနယ် The Voice က ဖော်ပြထားသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့တွင်ထုတ်ဝေခဲ့သည် ပြည်တွင်းထုတ် ဂျာနယ် တစောင်ဖြစ်သော The Voice တွင် ဖော်ပြထားသော သတင်းတပုဒ်အရ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက သက်ဆိုင်ရာ ဟိုတယ်ဇုန်များသို့ ပေးပို့ထားသော အကြောင်းကြားစာ၌ ၀န်ကြီးဌာန၏ အင်တာနက် အသုံးပြုမှုဆိုင်ရာ ကန့်သတ်ခြင်းကို ဖော်ပြထားသည်။

ထိုအကြောင်းကြားစာ၌ ဟိုတယ်လုပ်ငန်းများ အနေဖြင့် နည်းပညာဆက်သွယ်ရေး လျှင်မြန် ကောင်းမွန်မှုကို အခွင့်ကောင်းယူကာ နိုင်ငံတော် သိက္ခာကျဆင်းစေမည့် အသုံးပြုမှုများ ဖြစ်ပွားပါက တရားဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟု ပါရှိသည်၊

နိုင်ငံ့ဂုဏ် ထိပါးစေသောလုပ်ရပ် ဆိုသော စကားရပ်နှင့် ပတ်သက်၍ တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆိုခြင်းမပြုသော်လည်း လွန်ခဲ့သည့် လအနည်းငယ်က ဖြစ်ပွားခဲ့သော ဆနပြပွဲများနှင့် စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းခဲ့သည့် သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုများ ကမ္ဘာကျော် ဖြစ်ခဲ့ရခြင်းနှင့် သက်ဆိုင်နေသည်ဟု ယုံကြည်ရသည်၊ စစ်အစိုးရ ဆင်ဆာဖြတ်တောက်ရေး ယန္တရားမှ လွတ်ကင်းသော သတင်းများ ပြည်တွင်းမှ ပေးပို့နေခြင်းကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ရဟန်းရှင်လူများ နိုင်ငံအ၀ှမ်း စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ အင်တာနက် ဆက်သွယ်ရေးကြောင့် သတင်း ဓာတ်ပုံများ ပြည်ပ မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်ခဲ့ကြသည်၊

ဒီဇင်ဘာလအတွင်း အင်တာနက် အသုံးပြုမှုနှင့် ပတ်သက်၍ စီစစ်သွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး တိုက်ဆိုင်စွာပင် အင်တာနက်လိုင်းများ ယခု သတင်းပေးပို့ချိန်အထိ နှေးကွေးနေသည်။



သီးလေးသီး အာရှတခွင် လှည့်လည်ဖျော်ဖြေမည်

မဇ္ဈိမသတင်းဌာန
Friday, 28 December 2007 21:29 - မြန်မာစံတော်ချိန်

မြန်မာပြည်အတွင်း နာမည်ရ အငြိမ့်အဖွဲ့ တခုဖြစ်သည့် သီးလေးသီး၏ ဆေးရောင်စုံ အငြိမ့်အဖွဲ့က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လာမည့် ၃ဝ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြည်ပရောက် မြန်မာများကို စင်တင်ဖျော်ဖြေ တင်ဆက်သွားမည်။

အုပ်ချုပ်သူ မြန်မာ အုပ်ချုပ်ရေး အာဏာပိုင်များ၏ ချို့ယွင်းအားနဲချက်များကို ဟာသဉာဏ်ဖြင့် လှောင်ပြောင် သရော်ခဲ့သဖြင့် လူထုအကြား ထင်ပေါ်ကျော်ကြားလာသည့် သီးလေးသီး၏ ဆေးရောင်စုံ အငြိမ့်အဖွဲ့ကို မလေးရှားရောက် မြန်မာများက ဖိတ်ကြားထားသဖြင့် လာရောက် ဖျော်ဖြေခြင်းဖြစ်ကာ ဆက်လက်၍လည်း ထိုင်းနှင့် စင်္ကာပူနိုင်ငံများသို့ သွားရောက်မည် ဖြစ်သည်။

“ဒီလ ၃ဝ ရက်မှာ ကွာလာလမ်ပူမှာ တပွဲ ကမယ်။ ၆ ရက်နေ့မှာတော့ ပီနန်မှာ တပွဲ ကမယ်။ ကွာလာလမ်ပူ Kotaraya ကုန်တိုက်မှာ လုပ်မယ်။ လူ ၁၅ဝဝ လောက်ဆန့်တဲ့ အခန်းကို ဌားထားတယ်။ လက်မှတ်တန်ဖိုးကို ၂၅ ရင်းဂစ် သတ်မှတ်ထားပါတယ်” ဟု ပွဲစီစဉ်သူတဦးဖြစ်သူ ကိုကျော်ကျော်က ပြောသည်။

ယခုကပွဲတွင် လူရွှင်တော်များဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ ကြယ်သီး၊ စိန်သီး၊ ဂေါ်ဇီလာတို့ ပါဝင်ပြီး ခေါင်းဆောင် မင်းသမီးအဖြစ် ချောစုမျိုးနှင့် ရှေ့ထွက် မင်းသမီးအဖြစ် မြစံပယ်ငုံတို့ ပါဝင် ဖျော်ဖြေသွားမည်။

“သူတို့လာပြီး ဖျော်ဖြေမယ်ဆိုရင် ဒီက မြန်မာလူမျိုးတွေ ပြည်တွင်းမှာ ခံစားနေရတာတွေကို မသိသေးတာတွေ၊ ပြည်တွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်အားလုံးကို သူတို့အနေနဲ့ မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့ ကျနော်တို့ အနေနဲ့ ယုံကြည်တယ်။ အဲဒါကြောင့်ပဲ ဒီပွဲကို မဖြစ်ဖြစ်အောင် လုပ်ရတာဖြစ်ပါတယ်” ဟု ကိုကျော်ကျော်က ဆက်ပြောသည်။

မလေးရှားတွင် ဖျော်ဖြေပြီးနောက် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ တို့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ၁၉ ရက်နေ့တွင် စင်ကာပူနိုင်ငံတွင် ဖျော်ဖြေသွားရန် စီစဉ်ထားသည်။

ဆေးရောင်စုံအဖွဲ့ အနေဖြင့် ပြည်တွင်း၌ လူထုနှစ်သက်စေမည့် ကပွဲများကို လုပ်နိုင်ခဲ့သလို လွတ်လပ်သည့် ပြည်ပတွင်လည်း ထို့နည်းတူ ပြည်ပရောက်မြန်မာများ ကျေနပ်သည်အထိ ဖျော်ဖြေ တင်ဆက်သွားမည်ဟု ဟာသသရုပ်ဆောင် ဂေါ်ဇီလာက ပြောသည်။

“ကျနော်တို့ကတော့ ပြက်တာတော့ ပြက်မှာပါပဲ။ ပြည်ပမှာ လွတ်လပ်တယ်ဆိပေမယ့်လည်း ဒီအတိုင်းပါပဲ။ အတွင်းမှာလည်း ဒီအတိုင်းပါပဲ။ အတွင်းနဲ့အပြင် သိပ်မခွဲပါဘူး။ လောလောဆယ် ကျနော်တို့ ပရိသတ်ကြိုက်မယ့် အလုပ်လေးတွေ၊ ရင်ထဲမှာ စွဲမယ့် အလုပ်လေးတွေ ကျနော်တို့ လုပ်သွားမှာပါ” ဟု ဂေါ်ဇီလာက မဇ္ဈိမကို ပြောသည်။

သီးလေးသီးရဲ့ ဆေးရောင်စုံအငြိမ့်အဖွဲ့၏ နိုဝင်ဘာလ ၂၄ ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ဖျော်ဖြေခဲ့သည့် အငြိမ့်ကပွဲ VCD ခွေကို ပရိသတ်က ကြိုက်နှစ်သက်ကာ အချင်းချင်း ဖြန့်ဝေနေကြသည်။

“ဘာကြောင့်လဲဆိုတော့ သူတို့ပြောပြခွင့် မရတဲ့ သူတို့ရင်ထဲက ခံစားချက်တွေကို သူတို့ကိုယ်စား ကျနော်တို့က ပြောပေးတယ်ဆိုတော့ သူတို့က အားပေးတယ်လို့ပဲ မြင်ပါတယ်” ဟု ဂေါ်ဇီလာက ဆက်ပြောသည်။

ကိုဂေါ်ဇီလာက ယခုကပွဲများမှ ရရှိလာမည့် ငွေကြေးများကို ကိုယ်ကျိုးအတွက် မသုံးစွဲဘဲ မြန်မာပြည်တွင်းရှိ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည့် ကလေးငယ်များ၊ လိုအပ်သည့် လူမှုလုပ်ငန်းများတွင် အသုံးချသွားရန် ရည်ရွယ်ထားသည်ဟု ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ကို ဖိတ်ခေါ်မယ်ဆိုရင် ဘယ်နိုင်ငံပဲဖြစ်ဖြစ် လာခဲ့ပါမယ်။ ငွေရေးကြေးရေးကို အဓိက မထားပါဘူး။ ကျနော်တို့ အဆင်ပြေရင် ပြေသလိုပဲ။ ပြီးတော့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေကို လှည့်လည် ဖျော်ဖြေသွားမှာပါ” ဟု ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates