Friday, December 7, 2007

သတင်းမှန်များသာ ဖော်ပြသင့်ဟု ဘီအမ်အေက နအဖကို ပြောဆို

မောင်ဒီး
Friday, 07 December 2007 16:50 - မြန်မာစံတော်ချိန်

နိုင်ငံတကာ မီဒီယာများကို ဝေဖန်ခြင်းထက် နအဖ ကိုယ်တိုင် မှန်ကန်သည့် သတင်းများကို ဖော်ပြသင့်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးသင့်သည်ဟု မြန်မာသတင်းသမဂ္ဂ (ဘီအမ်အေ) အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

ယခုလ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေးတွင် နအဖ ပြန်ကြားရေး ဝန်ကြီးက အာဆီယံ အဖွဲ့အတွင်းရှိ နိုင်ငံငယ်လေးများ၏ ပြည်တွင်းရေးကို အင်အားကြီး နိုင်ငံများမှ မီဒီယာကို တလွဲအသုံးချကာ ချယ်လှယ်လာခြင်းအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ မီဒီယာများက ဝိုင်းဝန်း ကာကွယ်သည့် အနေဖြင့် အပြုသဘောဆောင်သည့် သတင်းများကိုသာ ထုတ်လွှင့်စေလိုသည်ဟု တိုက်တွန်းခဲ့သည်ကို ဘီအမ်အေ အတွင်းရေးမှူးက ယခုလို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“သတင်းမှန်ကို ထုတ်ပြန်ကြေးဆိုရင် အပြင်မှာရှိတဲ့ နိုင်ငံတကာ မီဒီယာတွေကို ဝေဖန်နေမယ့်အစား သူတို့ကိုယ်တိုင် သတင်းအမှန်တွေကို ထုတ်ပေးဖို့၊ နောက်ပြီး ပြင်ပမှာရှိတဲ့ မီဒီယာတွေက နေပြီးတော့ သတင်း အချက်အလက်တွေကို လိုချင်လို့ ဆက်သွယ် မေးမြန်းတယ်ဆိုရင် ဖြေကြားပေးဖို့က တာဝန်ရှိတာပေါ့။ ပြင်ပမှာရှိတဲ့ မီဒီယာတွေက ဒါတွေကို အမြဲတမ်းဖြစ်အောင် ကြိုးစားပေမယ့် သူတို့ဆီက ဘာမှ မယ်မယ်ရရ အဖြေရတာ မရှိဘူးဆိုတော့ ကိုယ့်ကိုယ်ကိုပဲ သတိပေးပါလို့ ပြောချင်တယ်” ဟု ဦးစံမိုးဝေက ပြောသည်။

သူက ဆက်ပြီး အာဆီယံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အဝရှိသည့် နိုင်ငံအများအပြား ရှိသည့်အတွက်ကြောင့် သတင်းနှင့် နည်းပညာဆိုင်ရာ ပညာရပ်အကြောင်းကို သတင်းလွတ်လပ်ခွင့် မရှိသည့် မြန်မာနိုင်ငံအနေဖြင့် တိုက်တွန်း နှိုးဆော်ခြင်းများ၊ သတိပေးခြင်းများ လုံးဝ မပြုလုပ်သင့်ကြောင်း ပြောသည်။

နအဖ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက ဆပ်ကော်မတီ အစည်းအဝေးတွင် ၁ဝ နိုင်ငံ လူ့အဖွဲ့အစည်း တခုဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး နည်းပညာကို သဟဇာတ ညီညွတ်သော လူမှု၊ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေးအတွက် အပြန်အလှန် နားလည်မှု၊ ချစ်ကြည်မှုနှင့် အထောက်အကူ ပြုမှုတို့အတွက် အသုံးချကြရမည်ဟု ပြောဆိုခဲ့သည်။

သည့်အပြင် အင်အားကြီး နိုင်ငံများက မီဒီယာ၏ စွမ်းပကားကို ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ဒေသတွင်း အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အသုံးပြုသင့်သော်လည်း နိုင်ငံငယ်လေးများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လိုသဖြင့် ထိုနိုင်ငံအတွင်း မတည်မငြိမ်မှု ဖြစ်ပေါ်ရန်နှင့် နိုင်ငံ၏ ပုံရိပ်ကို ညစ်နွှမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်သော သတင်းများကို ဖြန့်ချိရာတွင် မီဒီယာကို တလွှဲ အသုံးပြုနေသည်ဟု ပြောဆိုခဲ့သေးသည်။

ဘီအမ်အေ အတွင်းရေးမှူးက “ပြင်ပမှာရှိတဲ့ သတင်းဌာနတွေက သတင်းကျင့်ဝတ်တွေကို ပိုပြီး စံထားကြတာလေ။ သတင်းကို သတင်းလို မဟုတ်ဘဲနဲ့ တဖက်သတ် ဖော်ပြတာဟာ စစ်အစိုးရရဲ့ သတင်းစာမှာ လုပ်လေ့လုပ်ထ ရှိတာကိုး။ သူတို့ရဲ့ နောက်ဆုံးပိတ် ကျောဖုံးမှာရှိတဲ့ စာတွေကိုပဲ ကြည့်လိုက်လေ။ နိုင်ငံတကာက လေးစားတဲ့၊ အသိအမှတ်ပြုတဲ့ သတင်းဌာနတွေကို တိုက်ရိုက်ကြီး စော်ကားထားတယ်။ အမှန်ကို ဖော်ပြဖို့ဆိုရင် သူတို့ကသာ ပိုဂရုစိုက်ဖို့ သင့်တယ်လို့ ကျနော် ထင်တယ်” ဟု ပြန်ကြားရေးဝန်ကြီး၏ ပြောဆိုချက်ကို တုံ့ပြန်ပြောဆိုသည်။

နအဖ၏ နေ့စဉ်ထုတ် သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် BBC ညာနေသည်၊ VOA လိမ်နေသည်၊ RFA ရန်တိုက်ပေးနေသည်၊ လေလှိုင်းပေါ်က အဖျက်သမားများ ပြည်သူအားလုံး သတိထား’ ဟူသည့် ပြည်ပ သတင်းဌာနများကို ပုတ်ခတ်သည့် စာများကို နေ့စဉ်နှင့်အမျှ ဖော်ပြနေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းလွတ်လပ်ခွင့် မရှိသည့် နိုင်ငံများ စာရင်းတွင် အနိမ့်ဆုံးတွင် ရောက်နေသလို၊ ပြည်ပအခြေစိုက် သတင်းဌာနများနှင့် ဆက်သွယ်ကာ သတင်းပေးသဖြင့် ရန်ကုန်နှင့် အခြားနယ်မြို့များမှ ဒေသခံများကို ဖမ်းဆီး အပြစ်ပေးနေပြီး စက်တင်ဘာလ လူထုလှုပ်ရှားမှုတွင် သေဆုံးခဲ့သည့် သံဃာနှင့် ပြည်သူ အရေအတွက်ကိုလည်း အတိုက်အခံအဖွဲ့များ၊ မျက်မြင်သက်သေများ၏ ပြောဆိုချက်များထက် ဦးရေအများအပြား လျော့နည်းကာ နအဖ သတင်းစာများတွင် ဖော်ပြခဲ့သေးသည်။



နအဖ စစ်ခေါင်းဆောင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းဟု သတင်းများ ပေါ်ထွက်

မဇ္ဈိမသတင်းဌာန
Thursday, 06 December 2007 23:41 - မြန်မာစံတော်ချိန်

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စိတ်ရောဂါ ဝေဒနာခံစားရကာ စင်္ကာပူနိုင်ငံတွင် ဆေးဝါးကုသ ခံယူရန်အတွက် ကြိုးပမ်းနေသည်ဟု တပ်မတော် စစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စိတ်ဝေဒနာရောဂါ ဖိစီးခံနေရတယ်။ စင်္ကာပူမှာ စိတ်ရောဂါ အထူးကုနဲ့ပြဖို့ အခု ရက်ချိန်း တောင်းထားတယ်” ဟု သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

ယခုသတင်းကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာစစ်ရေး အကဲခတ် ဦးဌေးအောင်က “အဲဒါ ဖြစ်နိုင်ချေ ရှိပါတယ်။ သူ (သန်းရွှေ) က အသက်အရွယ်ကလည်း ကြီးနေပြီ” ဟု ပြောသည်။

သတင်းရပ်ကွက်အဆိုအရ ယနေ့တွင် မြန်မာစစ်ခေါင်းဆောင်သည် တရုတ်အရာရှိ တဦးနှင့် တွေ့ဆုံရာတွင် တိုင်းပြည်အတွင်း ကြုံတွေ့နေသည့် လူမှုစီးပွား ပြဿနာများကို ဖြေရှင်းရန်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ဖိအားပေး ခံခဲ့ရသည်ဟု သိရသည်။

“သူ (သန်းရွှေ) က သူ မနှစ်သက်တဲ့ ညွှန်ကြားချက်တွေကို နားထောင်နေရင်း အကြီးအကျယ် ဒေါသထွက်တယ်။ အစည်းအဝေး အပြီးမှာတော့ သတိ လစ်သွားတယ်” ဟု သတင်းရပ်ကွက်က ဆက်ပြောသည်။

သို့သော်လည်း ဆေးဝါးကုသ ခံယူရေးအတွက် စင်္ကာပူသို့ သွားရောက်မည့် အစီအစဉ် အသေးစိတ်ကိုမူ သတင်းရပ်ကွက်က ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates