Thursday, November 8, 2007

လမ်းဆုံလမ်းခွတွင် ရောက်ရှိနေသည့် ဂမ်ဘာရီ ခရီးစဉ်

မဇ္ဈိမသတင်းဌာန
Wednesday, 07 November 2007 20:30 - မြန်မာစံတော်ချိန်

စစ်အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြား တွေ့ဆုံ ဆွေးနွေးရန်အတွက် ပြီးခဲ့သည့် စနေနေ့ကတည်းက မြန်မာပြည်သို့ ရောက်ရှိလာသည့် ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ယခုတိုင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ပင် တွေ့ဆုံခွင့် မရသေးပါ။

ယခုခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် ရမှသာလျှင် အကျိုးရှိမည်ဟု သတ်မှတ်၍ ရမည် ဖြစ်သည်။

“ဒီတကြိမ်မှာ တိုးတက် ဖြစ်ထွန်းမှု မရှိသေးတဲ့အတွက် ကျနော့် အနေနဲ့ စိုးရိမ်ပါတယ်။ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မတွေ့နိုင်သေးပါဘူး” ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ယမန်နေ့က နယူးယောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး ခေါင်းဆောင်များ အပါအဝင် တွေ့ဆုံဆွေးနွေးပွဲ အစပြု ပေါ်ပေါက်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန်” မစ္စတာ ဘန်ကီမွန်းက ဂမ်ဘာရီကို သူ၏ နောက်ဆုံး ညွှန်ကြားချက်များ ပေးခဲ့သည်။

ယခုအချိန်အထိ မစ္စတာ ဂမ်ဘာရီသည် မြန်မာအစိုးရ ဝန်ကြီးများနှင့်သာ တွေ့ဆုံခွင့် ရရှိခဲ့သည်။

ယမန်နေ့က ကမ်းလှမ်းထားသည့်အတိုင်း ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံ အလည်အပတ် သွားရောက်ရန် မျှော်လင့်ထားပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၏ ကျန်းမာရေးကိုလည်း အထူးပင် စိုးရိမ်နေသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ဒေါ်စုကြည်အကြား တွေ့ဆုံ ဆွေးနွေးရေးအတွက် ကုလ အကျိုးဆောင်၏ ကမ်းလှမ်းချက်ကို အစိုးရမှ ငြင်းပယ်ခဲ့ကြောင်း မြန်မာ စစ်အစိုးရ သတင်းက ဖော်ပြခဲ့သည်။

ယခုလို စစ်အစိုးရမှ မစ္စတာ ဂမ်ဘာရီ ခရီးစဉ်အပေါ် အေးတိအေးစက် ဖြစ်နေခြင်းသည် ပထမခရီးစဉ်နှင့် ယခုခရီးစဉ်အကြား တိုးတက်မှု နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းက မစ္စတာ ဂမ်ဘာရီနှင့် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ မျှော်လင့်ထားသလောက် ပထမခရီးစဉ်က အကောင်အထည် မဖော်နိုင်ခဲ့ဘူး” ဟု ဗိုလ်ချုပ် ကျော်ဆန်းက မစ္စတာ ဂမ်ဘာရီကို ပြောဆိုခဲ့ပြီး၊ အထူးသဖြင့် ကုလသမဂ္ဂ အနေဖြင့် အမေရိကန်၊ ဥရောပ၊ သြစတြေးလျားတို့၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံ တိုးမြင့်လာခြင်းကို ဟန့်တားနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။

“ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ သဘာပတိ ထုတ်ပြန် ကျေညာချက် အပါအဝင် အမေရိကား၊ ဥရောပနဲ့ သြစတြေးလျားတို့ရဲ့ တိုးချဲ့လိုက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ကြည့်ခြင်းအားဖြင့် ခင်ဗျားရဲ့ ကြိုးစား အားထုတ်မှုတွေကို ကျနော်တို့ထဲမှာ သံသယ ဖြစ်စရာတွေ ရှိလာတယ်” ဟု ဗိုလ်ချုပ်ကျော်ဆန်းက မစ္စတာ ဂမ်ဘာရီကို ပြောကြားခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ မစ္စတာ ဂမ်ဘာရီ၏ ပထမခရီးစဉ် အဆုံးသတ်ပြီး မကြာခင်တွင် စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ခြွင်းချက်ဖြင့် ကမ်းလှမ်းခဲ့သည်။

နအဖ အဆိုအရ သူတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားသည်ကို ဒေါ်အောင်ဆန်း စုကြည်ထံမှ ပြန်ကြားချက် ယခုတိုင် မရရှိသေးကြောင်း သိရသည်။

မစ္စတာ ဂမ်ဘာရီသည် တာဝန် ပြီးပြတ်သည်အထိ မြန်မာပြည်တွင်း၌ ရက်အကန့်အသတ်မရှိ နေထိုင်သွားမည်ဟု ကုလက ပြောဆိုနေသော်လည်း၊ မူလ သတ်မှတ်ထားသည့် ရက်သည် တိုင်းပြည်တွင်းမှ ကြာသပတေးနေ့တွင် ထွက်ခွါရန် ဖြစ်သည်။

ယခုလိုအချိန်တွင် ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုး၏ မြန်မာပြည် ခရီးစဉ်ကို ရက်သတ်မှတ်လိုက်ပြီ ဖြစ်သည်။ သူသည် နိုဝင်ဘာလ ၁၁ ရက်မှ ၁၅ ရက်အထိ မြန်မာပြည်တွင် ရောက်ရှိနေမည်ဟု မျှော်လင့်ရသည်။ သူ့ခရီးစဉ်ကို မြန်မာ စစ်အစိုးရက ၂ဝဝ၃ ခုနှစ်နောက်ပိုင်း ပထမအကြိမ်အဖြစ် ကြိုဆို လက်ခံလိုက်ခြင်း ဖြစ်သည်။

“အစိုးရရဲ့ ကမ်းလှမ်းချက်ကို ကြည့်ခြင်းအားဖြင့် သူတို့အနေနဲ့ ကျနော် အပါအဝင် လူ့အခွင့်အရေး ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အလားအလာ ရှိပါတယ်” ဟု မစ္စတာ ပီညဲရိုးက ထုတ်ပြန် ကျေညာချက်ထဲတွင် ပြောဆိုခဲ့သည်။



အိန္ဒိယအစိုးရ မူဝါဒပြောင်းရန် မီဇိုပြည်သူများ ကြိုးပမ်းနေ


ကိုဒီး
Wednesday, 07 November 2007 20:45 - မြန်မာစံတော်ချိန်

အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သားများ အနေဖြင့် မြန်မာ့ ဒီမိုကရေစီရေးကို ပိုမိုသိရှိလာကာ အိန္ဒိယ အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားရန် မြန်မာ့အရေး ကြိုးပမ်းနေသည့် ကော်မတီ ၂ ခုက ပြည်နယ်သားများကို ယနေ့တွင် တိုက်တွန်းလိုက်သည်။

ယနေ့ နေ့လည်ပိုင်းက မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် Committee for Democracy Movement in Burma (CDMB) နှင့် မြန်မာပြည်သူများကို စာနာ ထောက်ထားသည့် မီဇိုလူမျိုး တသီးပုဂ္ဂလိကများ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များ၊ ပါမောက္ခများ အစရှိသည့် တတ်သိပညာရှင် ၂ဝ ခန့်ဖြင့် ဖွဲ့စည်းထားသည့် Mizoram Committee for Democracy in Burma (MCDB) တို့က ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“မီဇိုးရမ် ဒေသကနေပြီးတော့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ပံ့ပိုးရမယ်ဆိုတာ သိတာ မကြာသေးဘူး။ ဆိုတော့ ကျနော်တို့ နှစ်ဖွဲ့ ပူးပေါင်းပြီး နောက်ပိုင်းဆို ဒေသတွင်း၊ နိုင်ငံတွင်းရော၊ နိုင်ငံတကာအထိ မြန်မာ့အရေးကို ဆက်လက် လုပ်ဆောင်သွားရအောင် ဆိုပြီး အသိပေး စည်းရုံးတဲ့ သဘောပါ” ဟု ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ အက်စ်တီ ဦးပါသဲ က မဇ္ဈိမကို ပြောသည်။

သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာပြည်တွင်းရှိ မကြာသေးခင်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ၊ အကြမ်းဖက် နှိပ်ကွပ်မှုများနှင့် မြန်မာ အမျိုးသမီးထု လုံခြုံမှု ကင်းမဲ့သည့် အခြေအနေများကို အဓိကထား တင်ပြခဲ့ကြသည်ဟု သိရသည်။

“မြန်မာပြည်မှာ အမျိုးသမီးတွေ အဖမ်းခံနေရတယ်၊ မုဒိမ်း ကျင့်ခံနေရတယ်။ အဲဒီ မုဒိမ်းကျင့်နေတဲ့ စစ်တပ်ကို အိန္ဒိယ စစ်တပ်က စစ်လက်နက်တွေ ထောက်ပံ့နေတယ်၊ စစ်သင်တန်းတွေ ပေးနေတဲ့အတွက်ကြောင့် ကျမတို့တွေ အရမ်း ဝမ်းနည်းတယ်လို့ ပြောလိုက်တော့ သတင်းထောက်တွေက တော်တော်လေး အလေးထားကြတယ်။ အသိပေး လှုပ်ရှားမှု အပိုင်းက တော်တော်လေး ထိရောက်မယ်လို့ ထင်တယ်” ဟု အမျိုးသမီးများသမဂ္ဂ (ချင်းလဲန်း) မှ ချယ်ရီဇာဟောင်းက ပြောသည်။

အိန္ဒိယအစိုးရသည် မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ပတ်သက်ပါက အလေးအနက်ထား ဆွေးနွေးနေသယောင် ပြောဆိုနေသော်လည်း တဘက်တွင် စစ်လက်နက်များ ရောင်းချခြင်း၊ စစ်သင်တန်းပေးခြင်းများ ပြုလုပ်နေသဖြင့် CDMB က ဒေသအဖွဲ့အစည်းများ၊ နိုင်ငံတကာရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အိန္ဒိယ အစိုးရမှ မြန်မာ စစ်အစိုးရ အပေါ် ထားရှိသည့် မူဝါဒကို ပြောင်းလဲစေရေးအတွက် တိုက်းတွန်း နှိုးဆော်သွားမည်ဟု ပြောသည်။

“ရှေ့လုပ်ငန်းစဉ်တွေမှာတော့ UK campaign for Burma/ US campaign for Burma တို့၊ မီဒီယာ သမားတွေနဲ့ ဆက်သွယ်ပြီးတော့ အိန္ဒိယ အစိုးရကို နယ်စပ်မှာရှိတဲ့ မီဇိုရမ်မှာ မြန်မာပြည် ဒီမိုကရေစီ မရလို့ ဘာတွေ ခံစားရလဲဆိုတာ အလေးထား လုပ်ရင်းနဲ့ အိန္ဒိယ အစိုးရရဲ့ နှစ်ခွဖြစ်နေတဲ့ မူဝါဒကို သမာသမတ် ကျစေဖို့အတွက် ဆက်လက် ဖိအားပေးသွားဖို့ပေါ့နော်။ မီဇိုရမ် အစိုးရကရော၊ အစိုးရ မဟုတ်တဲ့ အန်ဂျီအိုတွေကရော၊ မီဒီယာ သမားတွေမှတဆင့် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် လှုပ်ရှားမှု အားလုံးမှာ ပံ့ပိုးပြီးတော့ နယ်စပ်ကနေပြီးတော့ အသံကျယ်ကျယ်နဲ့ ဆက်လက် အော်သွားမှာပါ” ဟု ဦးပါသဲက ပြောသည်။



ပြင်သစ် ရေနံကုမ္ပဏီကို ကမ္ဘာတဝှမ်း ဆန့်ကျင်ရန် BGANG လှုံ့ဆော်

မဇ္ဈိမသတင်းဌာန
Wednesday, 07 November 2007 19:39 - မြန်မာစံတော်ချိန်

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးအတွက် မြန်မာပြည်တွင်း၌ ရှိနေသည့် ပြင်သစ် အခြေစိုက် တိုတယ် Total ရေနံကုမ္ပဏီကို ကမ္ဘာတဝှမ်း ဆန္ဒပြရန်အတွက် Burma Global Action Network group (BGANG) က လုပ်ဆောင်သွားမည် ဖြစ်သည်။

တိုတယ် ကုမ္ပဏီမှ မြန်မာပြည်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းအင်းများ ထုတ်ပြန်သည့် ယနေ့မှ စတင်ကာ ကုမ္ပဏီကို ဆန့်ကျင်သည့် အကြောင်း တယ်လီဖုန်းဖြင့် မိတ္တူပို့ စနစ်နှင့် ဖုန်းဖြင့် ကုမ္ပဏီသို့ ခေါ်ဆိုကာ ကမ္ဘာတဝှမ်း ဆန္ဒပြစေမည့် လှုပ်ရှားမှုကို BGANG က နှိုးဆော် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“တိုတယ် အနေနဲ့ မြန်မာပြည်ကနေ ချက်ချင်းပဲ ထွက်သွားဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရင်းနှီးထားတာက ဒေါ်လာ သန်းပေါင်း ထောင်ချီ ရှိပါတယ်။ ဒါပေမဲ့ စစ်အစိုးရကို နိုင်ငံရေး ပြုပြင် ပြောင်းလဲအောင်တော့ နှိုးဆော် တိုက်တွန်းသင့်တယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းအောင်က ပြောသည်။

တိုတယ် ကုမ္ပဏီမှ ရရှိနေသည့် ငွေကြေးများကို စစ်အစိုးရသို့ မပေးဘဲ တရားဝင် ရွေးချယ် တင်မြှောက် ခံထားရသည့် အနိုင်ရပါတီ အန်အယ်ဒီကို ပေးရန်နှင့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ထည့်ဝင်ထားသည့် အစုရှယ်ယာများကို ရောင်းချပစ်ရန် ကုမ္ပဏီသို့ ဆက်သွယ် ပြောကြားစေလိုကြောင်း BGANG ၏ လှုံ့ဆော်ချက်ထဲတွင် ဖော်ပြထားသည်။

တိုတယ်အနေဖြင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များနှင့်အတူ လူသားချင်း စာနာသည့် လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း BGANG က ဆက်ပြောထားသည်။

ကိုဝင်းအောင်က နိုင်ငံတကာတွင် အခြေစိုက် လှုပ်ရှားနေသည့် ကုမ္ပဏီကြီးများ အနေဖြင့် မြန်မာပြည်ကို သွားရောက်နေသည့် ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အပေါ် နအဖ စစ်အစိုးရမှ ထောက်ခံလာစေရန် စည်းရုံး သိမ်းသွင်းသင့်ကြောင်း ပြောသည်။

အိန္ဒိယ အခြေစိုက် ရွှေ သဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ကင် က “ဥရောပက တခြား ကုမ္ပဏီတွေတော့ ရုတ်သိမ်းသွားပြီးပြီ။ တိုတယ် ကုမ္ပဏီကတော့ ကျန်နေတုန်းပဲ” ဟု ပြောသည်။

ရတနာ သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေး လုပ်ငန်းတွင် တိုတယ်သည် ၃၁ ဒဿမ ၂ ရာခိုင်နှုန်း အစုရှယ်ယာ ဝင်ထားကာ နအဖ စစ်အစိုးရကို တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ မှ ၄၅ဝ အထိ ဝင်ငွေ ရှာပေးနေကြောင်းနှင့် တိုတယ် ကုမ္ပဏီသည် နအဖ စစ်အစိုးရအတွက် ဥရောပရှိ အကြီးမားဆုံး ကုမ္ပဏီ တခုဖြစ်ကြောင်း Burma Campaign UK ၏ အစီရင်ခံစာအရ သိရသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ရာတွင် တွင်းထွက်ပစ္စည်းများ၊ ကျွန်းသစ်နှင့် အခြား ပို့ကုန်သွင်းကုန် ပစ္စည်းများ တားမြစ်ထားသော်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကိုမူ ထည့်သွင်းထားခြင်း မရှိသဖြင့် တိုတယ် ကုမ္ပဏီအနေဖြင့် ယခုလို ဆက်လက် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ကိုဝင်းအောင်က ပြောသည်။

ဥရောပ နိုင်ငံတဝန်း ဖြန့်ချိနေသည့် တိုတယ်၏ လုပ်ငန်းများကို အနာဂတ်တွင် ဆန့်ကျင် သပိတ်မှောက်ရန် ဥရောပသမဂ္ဂ အဖွဲ့ဝင် အချို့က စီစဉ်နေကြောင်းနှင့် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ရေနံကုမ္ပဏီ ဖြစ်သည့် တိုတယ်သည် မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်မှ စတင်ကာ ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



လူထု လှုပ်ရှားမှု ဖော်ထုတ်မည်ဟု ပြည်တွင်းအဖွဲ့များ ပြောဆို

ကိုဒီး
Wednesday, 07 November 2007 18:18 - မြန်မာစံတော်ချိန်

စစ်အစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ထပ်မံ ဖော်ဆောင်သွားရန်အတွက် လက်ကမ်း စာစောင်များ ဝေငှခြင်းဖြင့် စတင် လုပ်ဆောင်နေပြီဟု မြန်မာပြည်တွင်းရှိ လှုပ်ရှား တက်ကြွသူ အစုအဖွဲ့ငယ်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှုကို နအဖ စစ်အစိုးရမှ အကြမ်းဖက် နှိမ်နှင်းလိုက်သဖြင့် ခေတ္တမျှ ငြိမ်သက် သွားသောကြောင့် လှုပ်ရှားမှု အရှိန်အဟုန် ပြန်လည် နိုးထလာစေရန် အတွက် လက်ကမ်း စာစောင်များ၊ အစိုးရ ဆန့်ကျင်သည့် ရုပ်ပုံ ကားချပ်များကို လူစည်ကားရာ နေရာများတွင် လိုက်လံ ဖြန့်ဝေခြင်းအားဖြင့် တိုးမြှင့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

“ကျနော်တို့ အဓိက လိုချင်တာကတော့ စတိတ်ရှိုးတွေ၊ Free Show တွေမှာ လူငယ်တွေကို လိုက်ဝေတယ်ဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ လူငယ်တွေ အနေနဲ့ ဒီလို Show ပွဲတွေမှာ လိုက်ပျော်နေမယ့် အစား သူတို့တွေအတွက်၊ တိုင်းပြည်အတွက် လုပ်စရာတွေ အလုပ်ကိစ္စတွေ ရှိပါတယ်ဆိုတဲ့ အသိတရားလေးတွေ လူငယ်တွေ ကြားထဲမှာ ပွင့်သွားအောင် လုပ်တာပါ။ နောက်ပြီး ဒီ CNG လိုဂို (Logo) အမှတ်တံဆိပ်လေးကို မြင်လိုက်တာနဲ့ Change New Government ဆိုတဲ့ အသိလေးကို ပြည်သူတွေ ရသွားအောင်လို့ပါ” ဟု မျိုးဆက်သစ် လူငယ် အစည်းအရုံးမှ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က ဖွဲ့စည်းလိုက်သည့် Generation Wave တဖြစ်လဲ မျိုးဆက်သစ် လူငယ် အစည်းအရုံးက CNG (Change New Government) ၊ F.F.F (Freedom From Fear) နှင့် ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏ ဗကသ အမည်ရှိ ကဗျာတိုပါဝင်သည့် ကပ်ခွါစာရွက်များကို အောက်တိုဘာလ လလယ်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့ ယုဇနပလာဇာ၊ စင်တင် တေးဂီတ ဝိုင်းများနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ကြဲ လက်ဆင့်ကမ်း ဝေငှခြင်းများ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဗကသ ဟု ခေါင်းစဉ်တပ်ထားသည့် လက်ကမ်း စာစောင်တွင် ‘တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်မှ မခံ၊ ဒေါင်းအလံဟေ့၊ ကျောင်းနံရံတဝိုက်၊ ဒေါင်းအလံပြန်စိုက်မယ်’ ဟု ရေးသားကာ အောက်တွင် မင်းကိုနိုင် အမည်နှင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် Generation Wave အမည်ကို ရေးထားသည်။

ယမန်နေ့ကလည်း ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ ဆိုသည့် အဖွဲ့က နအဖ ထုတ် သတင်းစာများကို အမှိုက်ပုံများနှင့် လမ်းမများပေါ်သို့ လွှင့်ပစ် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ကျောက်မြောင်း၊ တာမွေ၊ လှည်းတန်းမြို့နယ်များတွင် ဒေသခံလူငယ်များက မြန်မာ့အလင်း သတင်းစာများကို လမ်းမများတွင် လွှင့်ပစ်ကြသကဲ့သို့ မြို့တွင်းရှိ အချို့ အိမ်နံရံများတွင် ‘သန်းရွှေ လိမ်နေတယ်၊ ညာနေတယ်’ ဟူသည့် ပိုစကာများ ကပ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ရန်ကုန်မြို့သား တဦးက မဇ္ဈိမကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖွဲ့စည်းလိုက်သည့် ရန်ကုန်အခြေစိုက် Freedom Fighter အဖွဲ့ကလည်း မြို့တွင်းရှိ သစ်ပင်ကြီးများကို သင်္ကန်းစများ လိုက်လံ ချည်နှောင်သည့် ဆန္ဒထုတ်ဖော်မှုကို လုပ်ဆောင်နေသည်ဟု သိရသည်။

“လမ်းထိပ်တွေက သစ်ပင်ကြီးတွေမှာ သင်္ကန်းစလေးတွေကို လိုက်ချည်တယ်။ သင်္ကန်းစလေးတွေကို ခေါင်းစီးပတ်လောက် ကိုက်ပြီး ချည်တာ။ ကျဆုံးသွားတဲ့ သံဃာတော်တွေကို ဂုဏ်ပြု အမှတ်ရစေတဲ့ အနေနဲ့ လုပ်ကြတာပါ” ဟု Freedom Fighter အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ယခုလို အစုအဖွဲ့ငယ်များ၊ တသီးပုဂ္ဂလများက အခွင့်အခါသင့်ချိန် ဆန္ဒ ထုတ်ဖော်ခြင်းများ ဆက်လက် အရှိန်မြင့် လုပ်ဆောင်လာပါက စက်တင်ဘာလ လူထုဆန္ဒ ထုတ်ဖော်ပွဲထက် ပိုမိုပြင်းထန်သည့် လူထုဆန္ဒ ထုတ်ဖော်ပွဲကြီး တရပ် ဖြစ်ပေါ်လာနိုင်သည်ဟု Generation Wave မှ ကိုကျော်ကျော်က ပြောသည်။

“စက်တင်ဘာတုန်းကတော့ ပြည်သူတွေမှာ အကြောက်တရားက ရှိနေသေးတာလေ။ ဒီတခါကျတော့ ပြည်သူတွေရဲ့ ရင်ထဲမှာ အကြောက်တရားထက် နာကြည်းမှုတွေက ပိုများလာတော့ စက်တင်ဘာထက်တောင် ပိုကြီးသွားနိုင်တယ်”

ဟု ကိုကျော်ကျော်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က စစ်တွေမြို့တွင် ကျောင်းသားများက စစ်သားများမှ သံဃာတော်များကို သတ်ဖြတ်နေပုံကို ကားတွန်းများဖြင့် ရေးဆွဲထားပြီး ပုံအောက်တွင် “ဗုဒ္ဓံ သရဏံ ဒိုင်း ဒိုင်း၊ ဓမ္မံ သရဏံ ဒိုင်း ဒိုင်း၊ သံဃံ သရဏံ ဒိုင်း ဒိုင်း” ဟူသည့် ပိုစတာများကို စစ်တွေရှိ ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း အဝင်ပေါက်များတွင် လိုက်လံ ကပ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာနက ဖော်ပြထားသည်။

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့ နေရာအချို့ရှိ လမ်းဘေးနံရံပေါ်တွင် ဆေးနီများဖြင့် နအဖ ဆန့်ကျင်သည့် စာသားများ ရေးဆွဲခဲ့ကြသလို၊ ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ရဲစခန်းအနီး ပေတရာ လမ်းမပေါ်တွင် ‘သန်းရွှေ၊ မောင်အေး၊ ရွှေမန်း ... သာသနာဖျက်တွေ ငရဲပို့’ ဟူသည့် စာကြောင်းကို မြေဖြူဖြင့် ရေးသား ခဲ့ကြသေးသည်။

ယခုလို အစုအဖွဲ့ငယ်လေးများ သီးခြားစီ လုပ်ဆောင်နေခြင်းထက် တစုတစည်း ဖြစ်စေရေးအတွက် ကြိုးပမ်း လုပ်ဆောင်သွားပြီး လှုပ်ရှားမှု အရှိန်ကို မြှင့်တင်နိုင်ပါက ပိုမို အင်အား ကြီးမားလာနိုင်မည်ဟု ကိုကျော်ကျော်က ပြောသည်။

သူက “တစုတစည်း ဖြစ်မယ်ဆိုရင် တွန်းအားက ပိုများမှာဗျ။ အခုကျတော့ အားတွေက နဲနေတော့ နဲနဲတွန်းလိုက်၊ ပြန်ရပ်သွားလိုက် ဖြစ်နေတာ။ ၈၈ မျိုးဆက်လိုမျိုး နောက်ထပ် ကြီးကြီးမားမားတခု ပြန်ပေါ်လာမယ်ဆိုရင် အတော် အဆင်ပြေနိုင်တယ်။ အဖွဲ့ငယ်တွေပဲဆိုရင် အစိုးရက အာရုံစိုက်တာ မဟုတ်ဘူး။ ဒီကောင်တွေ ဘာလုပ်နိုင်မလဲဆိုတဲ့ သဘောလောက်ပဲ ရှိတာ။ အစိုးရက ကြောက်ရမယ့်၊ ပြည်သူတွေကလည်း အားကိုးရမယ့် အဖွဲ့တခုတော့ လိုတယ်ဗျ။ အဲလို စုစည်းနိုင်မယ်ဆိုရင် လူအင်အား အရရော၊ စိတ်ဓာတ်အင်အား အရရော၊ ဦးနှောက်အင်အား အရရော အရမ်းကောင်းသွားမှာ” ဟု ဆက်ပြောသည်။

CNG FFF



ရွှေ့ပြောင်း လုပ်သားများ မီဇိုရမ်ကို ပိုမိုဝင်ရောက်လာ

မဇ္ဈိမသတင်းဌာန
Wednesday, 07 November 2007 15:10 - မြန်မာစံတော်ချိန်

စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှု နောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နီးကပ်နေသည့် မြန်မာဘက်ခြမ်းမှ ချင်းတိုင်းရင်းသား ဒေသခံ အများအပြားသည် ရွှေ့ပြောင်း အလုပ်သမားများအဖြစ် လူဦးရေ ရာချီ၍ မကြာသေးခင် လပိုင်းအတွင်းက အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲသို့ ဝင်ရောက် လာနေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက သံဃာ၊ လူထု လှုပ်ရှားမှုများကို စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းပြီး နောက်ပိုင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပျဉ်းတောဦး ကျေးရွာအုပ်စုဝင် ညောင်ကုန်း၊ လက်ပံချောင်း၊ အောင်ရွာ၊ မင်းလှ၊ မြောက်ချော ကျေးရွာများနှင့် ချင်းပြည်နယ် မြို့နယ်အနှံ့မှ ဒေသခံ ချင်းတိုင်းရင်းသားများသည် လူ့အခွင့်အရေး ဆိတ်သုန်းမှုနှင့် စားဝတ်နေရေး ပိုမို ကျပ်တည်းလာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲသို့ ရာချီ၍ ရွှေ့ပြောင်း လုပ်သားများအဖြစ် ဝင်ရောက်လာနေခြင်း ဖြစ်သည်။

“ရွာထဲမှာ မီးသတ်အဖွဲ့ဝင် ဖြစ်ပါတယ်။ အမိန့်အရ ပိုက်ဆံ ကောက်ခိုင်းရင် ရွာသားတွေဆီက လိုက်ကောက်ခိုင်းရတဲ့ ဟာမျိုးတွေ လုပ်ခဲ့ရတယ်။ မီးသတ်ထဲကို ဝင်ချင်လို့ ဝင်တာ မဟုတ်ဘူး။ မပါမနေရ ဝင်ခိုင်းလို့ ပါခဲ့ရတာပါ။ ရွာသူရွာသားတွေကို ငွေကောက်ရတဲ့ အလုပ်မျိုး၊ ရွာသူရွာသားတွေကို နစ်နာစေတဲ့ အလုပ်မျိုးတွေ လုပ်ခိုင်းတဲ့အခါ စိတ်ထဲမှာ ဝန်လေးနေတယ်လေ။ စိတ်မပျော်ဘူးပေါ့။ ရွာသားတွေကလည်း မီးသတ်တွေကို တအား မုန်းတီးလာကြတယ်။ အထက်က ကောက်ခိုင်းလို့သာ လုပ်ရတာပါ” ဟု ယခုလဆန်းပိုင်းက မီဇိုရမ်သို့ မိသားစုလိုက် ရောက်ရှိလာသူ ပျဉ်းတောဦး ကျေးရွာအုပ်စုမှ ဒေသခံ မီးသတ် တပ်ဖွဲ့ဝင်ဟောင်း တဦးက ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ အတင်းအကျပ် တက်ရောက်ခိုင်းသဖြင့် အလိုမတူဘဲ တက်ရောက်ခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ် မြို့တော်သို့ ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ရောက်ရှိလာသူ ဒေသခံကလည်း “ဆန္ဒပြပွဲကို မသွားဘူးဆိုရင် ဒဏ်ငွေ ရိုက်မယ်တဲ့၊ ငွေဒဏ် မဆောင်ဘူးဆိုရင် လာဖမ်းမလား၊ နောက်ထပ် ကြီးလေးတဲ့ တာဝန်တွေ ပေးမှာလား၊ အမိန့်ကလည်း မသွားမနေရ သွားခိုင်းတယ်ဆိုတော့ ဒီ့ထက်ကြီးလေးတဲ့ ဒုက္ခတွေ ရင်ဆိုင်နိုင်ရတာကြောင့် ထွက်လာတာပါ။ မြန်မာပြည်မှာ နေဖို့အတွက်က အင်မတန်မှ ကျဉ်းကျပ်သွားပြီ။ ဆန္ဒပြပွဲတွေလည်း မသွားချင်၊ ထပ်ပြီးတော့ ဖြစ်လာနိုင်တဲ့ အခြေအနေဆိုးတွေလည်း ရှိတယ်ဆိုပြီး အဲလို ခံစားနေရတယ်။ ဒါကြောင့် မနေချင်တော့တာပါ” ဟု ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားအဖြစ် ထွက်ခွါလာသူများ၏ ဒေသအတွင်း၌ ဟောင်ကောင်နှင့် တရုတ်နိုင်ငံ ဖက်စပ် ကုမ္ပဏီ ဖြစ်သည့် Kenboo Mining သည် လွန်ခဲ့သည့် ၅ နှစ်ခန့်က ရောက်ရှိလာကာ မြွေတောင်တွင် နီကယ်နှင့် ခရိုမိုက် ဓာတ်သတ္ထုများကို တူးဖော်သောကြောင့် လယ်ယာမြေ ပျက်စီး ဆုံးရှုံးကုန်သဖြင့် ဒေသခံများ စားဝတ်နေရေး ခက်ခဲလာကြရသည်ဟု သူတို့က ပြောဆိုကြသည်။

“ကျနော်တို့တွေက အဓိကက တောင်ယာ လုပ်တယ်၊ စပါး စိုက်တယ်၊ ပဲစိုက်တယ်။ စပါးတွေ၊ လယ်ယာတွေ အတော်ပဲ ပျက်စီးနေရတယ်။ တောင်ကမ်းပါးတွေက ပြိုကျလာတဲ့ ကျောက်တုံးတွေကို ဖယ်ရှားမရတာတွေ ရှိတယ်။ မနှစ်တုန်းက ရေကြီးမှုတွေ ဖြစ်လာတယ်။ နွေလယ်ခေါင်မှာ ရေကြီးတာတွေ ဖြစ်တယ်လေ။ တောင်တူးလို့လား၊ သဘာဝကြောင့်လားတော့ မပြောတတ်ဘူးပေါ့နော်။ ပြီးတော့ တရုတ်တွေက ငွေရှိတော့ သုံးနိုင်တဲ့အခါ မြို့နယ်အတွင်းက ကုန်ဈေးနှုန်းတွေ တက်လာတာကို ရွာသားတွေက မလိုက်နိုင်တော့ဘူးပေါ့။ စားဖို့သောက်ဖို့ ခက်ကုန်ကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယခင်က ကုမ္ပဏီ ဝင်ရောက်စတွင် တရက်လျှင် ကျပ်ငွေ တထောင်နှုန်းဖြင့် မြေတူး လမ်းဖောက်အလုပ်များ လုပ်ခဲ့သော်လည်း ယခုအခါ အဆိုပါ အလုပ်များ မရှိတော့သလို၊ လယ်ယာမြေများ ပျက်စီးမှုများ ရှိကြောင်းနှင့် လူ့အခွင့်အရေးနှင့် စားဝတ်နေရေး ပြဿနာကြောင့် အိမ်နီးချင်း နိုင်ငံသို့ ထွက်လာကြရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဒေသခံတဦးက “လခက ၃ သောင်းကျော်တယ် ဆိုပေမယ့် ကုန်ဈေးနှုန်းတွေက တအား ဈေးကြီးတယ်။ ဥပမာ ဆန်တအိတ်မှာ တသောင်း ၈ ထောင်လောက် ရှိတယ်။ မိသားစုအတွက် မလောက်ငဘူး။ ဒါကြောင့် ရွာသူရွာသားတွေဟာ မွန်းကျပ်ပြီး နေနေရတယ်။ လုပ်အားပေးတို့၊ ငွေကောက်တာတို့၊ ဆန္ဒပြခိုင်းတာတို့ ဆိုတာ ရွာတိုင်းမှာ ဖြစ်နေတယ်ဆိုတော့ တခြား ရွာကလူတွေလည်း ထွက်ပြေးလာမယ်ဆိုတာ ပြေးကြည့်စရာ မလိုပါဘူး” ဟု ပြောသည်။

အလားတူပင် ချင်းပြည်နယ်ရှိ မြို့နယ်နှင့် ကျေးရွာ အများအပြားမှလည်း ချင်းတိုင်းရင်းသား လူမျိုး ထောင်ပေါင်းများစွာသည် စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စားဝတ်နေရေး ပြဿနာကြောင့် မီဇိုရမ်နယ်ထဲသို့ ဝင်ရောက် လာနေကြသည်ဟုလည်း စုံစမ်း သိရှိရသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (ချင်းလဲန်း) မှ တာဝန်ခံ ချယ်ရီဇဟောင်းက “မြန်မာပြည်မှာ အင်မတန် ဆိုးရွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ ဆိတ်သုန်းနေတာတွေ၊ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှု လုပ်ဖို့ နအဖ က ငြင်းပယ်နေတာတွေ ရှိတဲ့အတွက် အခုလို ဒေသခံ ပြည်သူတွေက အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံနေရတာ၊ စားဝတ်နေရေးအတွက် ထွက်ရှာကြရတာပေါ့နော်။ တခုလုံးအတွက် နအဖ မှာ တာဝန် ရှိပါတယ်။ တိုင်းပြည် ကောင်းလာမယ် ဆိုရင် သူများ နိုင်ငံတွေမှာ ခက်ခက်ခဲခဲ ရုန်းကန် မနေရတော့ဘူးပေါ့နော်။ ကိုယ့်ပြည် ကိုယ့်ရွာမှာ အေးအေးဆေးဆေး နေလို့ ရတယ်ပေါ့နော်။ ပြဿနာ တခုလုံးက နအဖ ကြောင့်ပဲ” ဟု ပြောသည်။

ယခုအခါ မီဇိုရမ်ဒေသ တခုထဲမှာတင် ချင်းပြည်နယ် ထွက်လာသူ အနည်းဆုံး ၆ သောင်းကျော် ရှိသော်လည်း အတိအကျ စာရင်းကောက်ရန်အတွက် အိန္ဒိယ ဗဟိုအစိုးရနှင့် မီဇိုရမ် အစိုးရမှ ထောက်ခံ အားပေးမှု၊ ပူးပေါင်း ဆောင်ရွက်မှု မရှိသဖြင့် အခက်အခဲ ရှိသည်ဟု သူက ပြောသည်။

သူက “လာတဲ့သူတွေကို သွားမေးနေရင်လည်း ဘယ်သူက ပြောမှာလဲနော်။ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ပါ၊ မြန်မာပြည်က ထွက်ပြေးလာတာပါ၊ ဒုက္ခသည်ပါလို့ လာပြောတာမျိုးလည်း မဟုတ်ဘူးလေ။ ဒါကြောင့် တိတိကျကျလုပ်ဖို့ အင်မတန်မှ ခက်ပါတယ်။ ဒီဒေသကနေ ပြန်ပို့တာတွေလည်း ရှိနေတော့ မြန်မာပြည်သား ဖြစ်တယ်ဆိုတာကို ပြောထွက်ဖို့လည်း အင်မတန်မှ ခက်တယ်လေ” ဟု ဆက်ပြောသည်။



ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ


မဇ္ဈိမသတင်းဌာန
Tuesday, 06 November 2007 20:56 - မြန်မာစံတော်ချိန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေသည် စိုးရိမ်ရမည့် အနေအထား မရှိသော်လည်း အလွန် ဂရုစိုက်ရမည့် အခြေအနေရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ယနေ့ ပြောဆိုလိုက်သည်။

အန်အယ်ဒီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဒေါ်အောင်ဆန်း စုကြည်အတွက် ကျန်းမာရေး ဝန်ဆောင်မှုကို တိုးမြှင့်ပေးရန် ယခုလို ပြောဆိုသည်။

“သူ့ကျန်းမာရေး မကောင်းဘူးလို့ ကြားနေရပါတယ်။ ဒါကြောင့် လက်ရှိ ခွင့်ပြုထားတဲ့ တလတကြိမ် သူ့မိသားစု ဆရာဝန်နဲ့ တွေ့ခွင့်ကို အနည်းဆုံး တပတ်တကြိမ် ပေးတွေ့သင့်တယ်လို့ တောင်းဆိုပါတယ်” ဟု သူက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို မိသားစု ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းက ပုံမှန် စောင့်ရှောက်နေခြင်း ဖြစ်သည်။

မည်သည့်ရောဂါ ခံစားနေရသည်ကိုမူ အတိအကျ ပြောဆိုရန် ခက်နေသေးကြောင်းနှင့် လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသည် သူမအတွက်သာမက တိုင်းပြည်အတွက်ပါ အရေးကြီးနေသကဲ့သို့ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေးသည်လည်း အရေးကြီးကြောင်း သူက ဆက်ပြောသည်။

ဦးမြင့်သိန်းက “သူတို့တတွေက တိုင်းပြည်အတွက် ဆွေးနွေးကြမှာကိုး။ ဒါကြောင့် သူတို့ ကျန်းမာဖို့က အရမ်း အရေးကြီးနေပါတယ်” ဟု ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းသည် တလကျော်ကြာ ဖမ်းဆီးခံထားရာမှ မကြာသေးခင်က ပြန်လွတ်လာပြီး ချုပ်နှောင်ခံထားရစဉ် ကျန်းမာရေး မကောင်းသဖြင့် နေအိမ်တွင် ယခုအခါ အနားယူ၍ ဆေးကုသမှု ခံနေရကြောင်းနှင့် လာရောက် ဖမ်းဆီးစဉ်က ကျန်မာရေး မကောင်းသဖြင့် အခြေအနေ ပိုမို ဆိုးရွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလ ၃ ရက်နေ့ကတည်းက မြန်မာပြည်သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနဲ့ ပတ်သက်ပြီး ဦးမြင့်သိန်းက ဂမ်ဘာရီ အနေဖြင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ အတိုက်အခံ အင်အားစုများ၏ အသံကို ရယူသွားသင့်ကြောင်း ယခုလို ပြောဆိုသည်။

သူက “သူ ဆုံးဖြတ်ထားတဲ့အတိုင်း ရောက်အောင် အကောင်အထည် ဖော်ပါလို့ တိုက်တွန်းချင်တယ်။ မဖြစ်မချင်း အကောင်အထည် ဖော်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ပြီးတော့ အားလုံးရဲ့ ဘက်စုံထောင့်စုံတဲ့ အသံတွေကိုရအောင် ယူသင့်တယ်လို့လည်း တောင်းဆိုပါတယ်” ဟု ပြောသည်။

အန်အယ်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မစ္စတာ ဂမ်ဘာရီအနေဖြင့် ယခုအချိန်ထိ အန်အယ်ဒီသို့ တစုံတရာ တရားဝင် ဆက်သွယ်လာခြင်း မရှိသေးကြောင်း ပြောသည်။

“ဒီနေ့ထိ ဘယ်လို အဆက်အသွယ်မှ အဖွဲ့ချုပ်ကနေ မရရှိသေးပါဘူး။ ဂမ်ဘာရီ အနေနဲ့ ဘာမှလည်း အကြောင်းမကြားပါဘူး။ သူ ဘယ်သူနဲ့ ဆွေးနွေးမယ် ဆိုတာလည်း ဘာမှ မသိရပါဘူး” ဟု သူက ပြောဆိုသည်။

ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းလွမ်းဒေါင်ကလည်း မစ္စတာ ဂမ်ဘာရီအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင် အတိုက်အခံ အင်အားစုများနှင့်လည်း တွေဆုံသင့်ကြောင်း ပြောသည်။

“လွန်ခဲ့တဲ့ ၃ ရက်အထိတော့ ဂမ်ဘာရီဘက်က ကေအိုင်အိုကို ကမ်းလှမ်း ဆက်သွယ်လာတာ မရှိသေးပါဘူး။ ကေအိုင်အို အနေနဲ့ သူ့ရဲ့ လုပ်ဆောင်မှု အားလုံးကို ထောက်ခံပါတယ်။ သူနဲ့လည်း တွေ့ဆုံ ဆွေးနွေး လိုနေပါတယ်” ဟု သူက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates