Tuesday, November 20, 2007

ကထိန်သင်္ကန်း ကပ်လှူရန် မြင်းခြံ အာဏာပိုင်များ လုပ်ဆောင်နေ

မဇ္ဈိမသတင်းဌာန
Monday, 19 November 2007 18:12 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့တွင် တန်ဆောင်မုန်းလ ကထိန်ပွဲ ကျင်းပရန် ကထိန်သင်္ကန်း မရရှိသေးသည့် ဘုန်းကြီးကျောင်းတိုက်များကို မယက မြို့နယ် အာဏာပိုင်များမှ ဦးဆောင်၍ ကထိန်ကျင်းပရန် အတွက် ကြိုးပမ်းနေကြောင်း သိရသည်။

တန်ဆောင်မုန်းလတိုင်းတွင် မြန်မာ ဗုဒ္ဓဘာသာဝင်များမှ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သွားရောက် လှူတန်းပြီး ကထိန်ပွဲ ကျင်းပလေ့ ရှိရာတွင် ယခုနှစ်၌ ကထိန်ပွဲအတွက် လှူဖွယ်ပစ္စည်း မရရှိသေးသည့် ကျောင်းတိုက်များသို့ အာဏာပိုင်များက လိုက်လံမေးမြန်း၍ အလှူအတန်းပြုရန် စီစဉ်နေခြင်း ဖြစ်သည်။

“ဦးဇင်တို့ ကျောင်းကတော့ ပုဂ္ဂလိက ကထိန် ရပြီးသွားပြီ။ မရသေးတဲ့ ကျောင်းတွေကိုတော့ မယက က စာရင်း လိုက်တောင်းနေတယ် ကြားတယ်။ မရသေးတဲ့ ကျောင်းတွေကတော့ သူတို့ရဲ့ အလှူအတန်းကို လက်ခံမယ် ထင်ပါတယ်” ဟု မြင်းခြံမြို့ရှိ ကိုးဆောင်တိုက်မှ သံဃာတော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။

အာဏာပိုင်များ၏ လှူဒါန်းမှုကို ပတ္တနိကုဇ္ဇန ကံဆောင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး “ဦးဇင်းတို့ မြင်းခြံကတော့ ကံဆောင်တာ မရှိခဲ့ဘူး။ ကံဆောင်တယ်ဆိုတာ ဝိနည်းစည်းကမ်းအရ သံဃသမဂ္ဂီဖြစ်မှ ကံမြောက်တယ်။ သံဃသမဂ္ဂီ မဖြစ်ရင် မမြောက်ဘူး။ သံဃာအားလုံး သဘောတူမှ သပိတ်မှောက် ကံမြောက်တယ်။ နိုင်ငံရေးအရတော့ ဦးဇင်းတို့ နားမလည်ပါဘူး” ဟု အဆိုပါ ဦးဇင်းက ဆက်လက် မိန့်ကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွှေဝါရောင် တော်လှန်ရေး မြစ်ဖျားခံရာ မကွေးတိုင်း ပခုက္ကူမြို့တွင်မူ အရှေ့တိုက်၌ မြို့မဈေး ဈေးသူဈေးသားများမှ စုပေါင်း၍ ယခုလ ၈ ရက်နေ့တွင် ကထိန်ပွဲ ကျင်းပခဲ့ပြီး အနောက်တိုက်တွင်လည်း ကုန်သည် ပွဲစားကြီးများအသင်းမှ ကထိန်ပွဲ ကျင်းပသွားမည် ဖြစ်ကာ အလယ်တိုက်တွင် ဆရာဝန်တဦးမှ ကထိန်ခင်းမည်ဟု သိရသည်။ သို့သော်လည်း ပခုက္ကူတွင် အာဏာပိုင်များမှ ကထိန်ခင်းရန် ကမ်းလှမ်းသော စာသင်တိုက်ကြီးများ မရှိကြောင်း သိရသည်။

သို့သော်လည်း နှစ်စဉ် ကျင်းပလေ့ရှိသည့် အရှေ့တိုက်အနီး ဖောင်တော်ဦး မြတ်စွာဘုရားပွဲတော် ကျင်းပခွင့်ကို အာဏာပိုင်များက ပိတ်ပင်ခဲ့ကြောင်းနှင့် မြို့တွင်းသို့ ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီမှုကိုလည်း တားမြစ်ခဲ့သဖြင့် နှစ်စဉ်ဆိုသလို အစဉ်အလာ ရှိသည့်အတိုင်း အပူဇော်ခံ မကြွရကြောင်း သိရသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ ဘုန်းကြီးကျောင်းများတွင် မြို့ခံလူထုက ရပ်ကွက်အလိုက် စုပေါင်း၍ ကထိန်မရရှိသော ကျောင်းများကို စုပေါင်းကထိန် ခင်းကြသည်ဟု ဒေသခံများက ဆိုသည်။

“ဦးဇင်းတို့ ကျောင်းကတော့ လဆန်း ၈ ရက်နေ့က ကထိန်ရပြီးသွားပြီ။ မရသေးတဲ့ ကျောင်းတွေကိုတော့ ရပ်ကွက်အလိုက် စုပေါင်းပြီး ကထိန်ခင်းကြတယ်” ဟု ကျောက်ပန်းတောင်မြို့မှ ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။

သပိတ်မှောက် ကံဆောင်မှုနှင့် ပတ်သက်၍ ဆရာတော်က “ဒီကိစ္စကတော့ သံဃာငယ်တွေ လုပ်ထားတဲ့ ကိစ္စပဲ။ ဦးဇင်းအနေနဲ့ ထွေထွေထူးထူး ပြောစရာ မရှိတော့ပါဘူး” ဟု ဆက်လက် မိန့်ကြားသည်။

ကချင်ပြည်နယ်ရှိ တရုတ်ဖုန်းများကို အာဏာပိုင်များ သိမ်းဆည်းနေ

မျိုးကြီး
Monday, 19 November 2007 17:54 - မြန်မာစံတော်ချိန်

ကချင်ပြည်နယ်အတွင်း အများပြည်သူ သုံးစွဲနေကြသည့် တရုတ်ဖုန်းများကို ယမန်နေ့မှ စတင်ကာ ဒေသ အာဏာပိုင်များက လိုက်လံ သိမ်းဆည်းနေပြီ ဖြစ်ကြောင်း သိရသည်။

ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် နေထိုင်ကြသည့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင် အရာရှိများ ကိုင်ဆောင်သည့် တရုတ်ဖုန်းများကို ၁၇ ရက်နေ့ ည ၁ဝ နာရီခန့်တွင် စတင်သိမ်းယူခဲ့ပြီး နောက်တရက် (ယမန်နေ့) မှ စတင်ကာ မြစ်ကြီးနား၊ ဗန်းမော်၊ လွယ်ဂျယ်၊ မန်ဝိန်းကြီး၊ နန်ဆန်ယန် စသည့်မြို့များတွင် မြို့ခံများ ကိုင်ဆောင်သည့် ဖုန်းများကိုပါ အာဏာပိုင်များက လိုက်လံ သိမ်းဆည်းနေခြင်း ဖြစ်သည်။

“တရုတ်ဖုန်းတွေ ဘယ်သူတွေဆီမှာ ရှိတယ်ဆိုတာ ရဲက သိပြီးသားလေ။ အဲဒီတော့ စာရင်းရှိတဲ့ အိမ်တွေကို ဝင်ပြီး သိမ်းလိုက်တာပေါ့။ လူတွေကိုတော့ အရေးယူတာ မရှိသေးဘူး။ ပစ္စည်းတွေပဲ သိမ်းသွားကြတာ” ဟု မြစ်ကြီးနား မြို့ခံတဦးက ပြောသည်။

မြစ်ကြီးနားနှင့် ဗန်းမော်တွင် အခကြေးငွေယူ၍ သုံးစွဲနေသည့် တရုတ်ဖုန်းဆိုင်များပါ ဖုန်းများ အသိမ်းခံရပြီ ဖြစ်ကြောင်းနှင့် ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့နှင့် ကပ်လျက်ရှိသည့် လဂျားယန်၊ နားလုံ အစရှိသည့် ကျေးရွာများတွင် ဖုန်းများ သိမ်းယူရန်အတွက် ပြည်နယ်အာဏာပိုင်များက ဒေသအာဏာပိုင်များသို့ အမိန့်စာများ ပေးပြီးသော်လည်း ယခုအချိန်အထိ သိမ်းယူခြင်းများ မရှိသေးကြောင်း ဒေသခံများအဆိုအရ သိရသည်။

မြန်မာပြည်အထက်ပိုင်း ရှမ်းပြည် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်တို့တွင် တရုတ်ဖုန်းများကိုသာ အဓိကထား သုံးစွဲနေကြသော်လည်း လတ်တလော တရုတ်ဖုန်းသိမ်းမှုသည် ကချင်ပြည်နယ်အတွင်း၌သာ ဖြစ်ပေါ်နေကြောင်းနှင့် ပြည်နယ်အတွင်း အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အခြားသတင်းများ ပြည်ပ မီဒီယာများတွင် ထွက်ပေါ်နေခြင်းကြောင့် ယခုနည်းဖြင့် အဟန့်အတား ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အေကေအက်စ်ယူ) ပြောရေးဆိုခွင့်ရှိသူ တဦးက ယခုလို ပြောသည်။

“ပြည်နယ်အတွင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေ မကြာခဏ ဖြစ်နေတယ်။ ‘သန်းရွေ ... လူသတ်သမား’ တို့၊ ‘ရေကာတာ ... အလိုမရှိ’ တို့၊ ဒီသတင်းတွေက ပြည်ပ မီဒီယာတွေကို ထွက်နေတယ်။ တရုတ်ဖုန်းက ရှမ်းပြည်မှာလည်း သုံးတာပဲ။ မူဆယ်နဲ့ မန်ဝိန်းကြီးဆို ဘာမှ ဝေးတာမှ မဟုတ်ဘဲ။ မူဆယ်မှာ မဖမ်းဘူး။ မန်ဝိန်းကြီးမှာ ဖမ်းတယ်။ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်တယ်” ဟု သူက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့က နအဖ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် မှ မြစ်ကြီးနားသို့ လာရောက်ကာ ကေအိုင်အေ ထိပ်တန်းအရာရှိများကို ခေါ်ယူတွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ဖော် ကျေညာချက်အပေါ် ဆန့်ကျင်ကြောင်း လက်မှတ်ထိုးခိုင်းသည်ကို ငြင်းပယ်သဖြင့် ယခုလို လက်တုံ့ပြန်ခြင်း ဖြစ်နိုင်သည်ဟု ကေအိုင်အိုနှင့် နီးစပ်သူတဦးက ပြောသည်။

“ကေအိုင်အေက အဲဒီဝန်ကြီးကို လက်မှတ် မထိုးနိုင်ဘူးလို့ ပြတ်ပြတ်ကို ပြောလိုက်တာပါ။ လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စကို ဘယ်သူ့ကိုမှ မပြောပါနဲ့လို့ အဲဒီဝန်ကြီးကပဲ လာတွေ့တဲ့ ကေအိုင်အို၊ ကေအိုင်အေ အရာရှိတွေကို ပြောတယ်လေ။ ခြိမ်းခြောက်မှု ပုံစံတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ စိတ်ကသိကအောက် ဖြစ်ပါစေဆိုပြီး လုပ်လိုက်တဲ့ ပုံစံပေါ့” ဟု သူက ပြောသည်။

မြစ်ကြီးနားနှင့် ဗန်းမော်ကဲ့သို့ မြို့ကြီးများတွင် တရုတ်ဖုန်းများကို လမ်းဘေးတွင် အခကြေးငွေယူ၍ အများသုံး တယ်လီဖုန်းအဖြစ် ဆိုင်ဖွင့်နေကြသဖြင့် မြန်မာ့ဆက်သွယ်ရေး ဌာနအတွက် ဝင်ငွေ ထိခိုက်သောကြောင့် ယခုလို လိုက်လံ သိမ်းဆည်းခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံ အချို့က ခန့်မှန်းနေကြသည်။

“တရုတ်ဖုန်းကိုင်ရတာ အရမ်း အဆင်ပြေတယ်ခင်ဗျ။ ဝယ်ရတာ လွယ်ကူတယ်။ ဈေးနှုန်းကလည်း ဗမာဖုန်းတလုံးကို သိန်း ၃ဝ ဆို၊ တရုတ်ဖုန်းက ဗမာငွေ တသိန်းကျော်ပဲ ကျတယ်။ ဈေးနှုန်းက အဆ ၃ဝ လောက် ကွာတယ်။ ဝန်ဆောင်မှု ကောင်းတယ်ဗျာ။ ဗမာဖုန်းက အသံမကြားရဘူး။ တရုတ်ဖုန်းက ဘာမှ ပြောစရာမလိုဘူးဗျ” ဟု မြစ်ကြီးနား ဒေသခံက ပြောသည်။

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates