Wednesday, December 5, 2007

တမျိုးသားလုံး ညီညွတ်ရန် အဖွဲ့ချုပ် တောင်းဆို

မောင်ဒီး
Tuesday, 04 December 2007 21:38 - မြန်မာစံတော်ချိန်

တမျိုးသားလုံး ညီညွတ်မှု ရှိခဲ့သဖြင့် ကိုလိုနီနယ်ချဲ့ လက်အောက်မှ မြန်မာ့ လွတ်လပ်ရေး ရယူနိုင်ခဲ့သလို ယနေ့ ကာလတွင်လည်း မြန်မာတမျိုးသားလုံး ညီညွတ်ကြရန် လိုအပ်နေပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ယနေ့ကျရောက်သော အမျိုးသား အောင်ပွဲနေ့တွင် ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၈၇ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ယခုအချိန်တွင် မြန်မာ တမျိုးသားလုံး ညီညွတ်ကြရန် လိုအပ်နေပြီဟု အန်အယ်ဒီက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အမျိုးသား အောင်ပွဲနေ့ဟာ ၁၉၂ဝ ခုနှစ် ကျောင်းသားသပိတ်က စတယ်။ အဲလို သပိတ်စပြီးတဲ့ နောက်မှာ အမျိုးသားတွေ ညီညီညွတ်ညွတ်နဲ့ လုပ်ခဲ့ကြလို့ လွတ်လပ်ရေးရတယ်။ အခုလို အရေးကြီးတဲ့အချိန်မှာလည်း အမျိုးသားအားလုံး ညီညီညွတ်ညွတ်ရှိဖို့၊ ညီညွတ်ရေးသည်သာ အရေးကြီးတယ် ဆိုတာကို ကျနော်တို့ ဒီနေ့ ထုတ်ဖော်ပါတယ်” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံး၌ ယနေ့နေ့လည် ၁၂ နာရီခွဲတွင် စတင်ကျင်းပပြီး သခင်သိန်းဖေ အပါအဝင် ဝါရင့် နိုင်ငံရေးသမားများ၊ နိုင်ငွေသိမ်းနှင့် လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင်အချို့နှင့် အခြား ဒီမိုကရေစီရေး လိုလားသူများ စုစုပေါင်း အင်အား ၄ဝဝ ခန့် တက်ရောက်ကြကာ အခမ်းအနားကို ၄ နာရီတွင် အနှောင့်အယှက်မရှိ ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

အခမ်းအနား ကျင်းပပုံနှင့် ပတ်သက်ပြီး ဦးဉာဏ်ဝင်းက “ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ လုပ်ပါတယ်။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသား အောင်ပွဲနေ့ ကျေညာချက်ကို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမြင့် ဖတ်ပါတယ်။ ဒုတိယပိုင်းမှာ စာရေးဆရာ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ ဦးကြည်အောင် (မန္တလေး)တို့က အမျိုးသား အောင်ပွဲနေ့နဲ့ ပတ်သက်တာလေးတွေ ဟောပြောသွားပါတယ်” ဟု ဆက်ပြောသည်။

အလားတူပင် ရန်ကုန်မြို့ရှိ သခင်သိန်းဖေ၏ နေအိမ်တွင်လည်း အမျိုးသား အောင်ပွဲနေ့ အခမ်းအနား တရပ်ကို ကျင်းပခဲ့ရာတွင် ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့က နအဖ စစ်အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ထို့အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မြန်မာ့ရိပ်သာခန်းမတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ၆ဝ ကျော်ကလည်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။

သဘာပတိ ဦးပညာဝရက “အင်္ဂလိပ်အစိုးရ လက်အောက်မှာ တက္ကသိုလ် အက်ဥပဒေဆိုတဲ့ ကျွန်ပညာရေးစနစ်ကို တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက် တော်လှန်တဲ့နေ့ ဖြစ်တယ်။ နောက်ပိုင်းမှာ လွတ်လပ်ရေး ရခဲ့ပေမယ့် လွတ်လပ်ရေးရဲ့ အရသာကို မှုံပြပြသာ မြင်ခဲ့ရပါတယ်။ လွတ်လပ်ရေးကို ပြန်ရဘို့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက် ထမ်းဆောင်ရာမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ် ကျော်ဇောပြောတဲ့ အတိတ်က ဖြစ်ခဲ့တဲ့ဟာတွေကို ခဏတဖြုတ် မေ့ပျောက်ထားပြီး တယောက်နဲ့တယောက် အပြစ်တင်မနေကြဘဲ နအဖ စစ်အစိုးရ ပြုတ်ကျဖို့ရာအတွက် အာရုံစိုက် လုပ်ဆောင်သွားကြဖို့ နှိုးဆော်လိုက်ပါတယ်” ဟု မိန့်ကြားခဲ့သည်။



တင့်ကားများ မြစ်ကြီးနားတွင် လှည့်ပတ်

မဇ္ဈိမသတင်းဌာန
Tuesday, 04 December 2007 20:50 - မြန်မာစံတော်ချိန်

စစ်အင်အား ပြသည့်အနေဖြင့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် နအဖ တင့်ကားအချို့ လှည့်ပတ် မောင်းနှင်ခဲ့ကြောင်း အပစ်အခတ်ရပ် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ အရာရှိတဦး အဆိုအရ သိရသည်။

“ကျနော်တို့ ဌာနချုပ်ကို တင့်ကားတွေ မြစ်ကြီးနားမှာ လှည့်ပတ်နေတဲ့ အကြောင်း လှမ်းပြောတယ်။ အထူးသဖြင့် စီတာပူ ရပ်ကွက်ထဲက ကေအိုင်အေ ရုံးရှေ့မှာပေါ့နော်” ဟု အမည်မဖော်လိုသူ အရာရှိက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားတွင် နအဖ စစ်တင့်ကားများ လှည့်လည်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒေသခံ တဦးကလည်း အတည်ပြု ပြောဆိုသည်။

“လွန်ခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံး အပတ်လောက်က ဖြစ်ခဲ့တယ် ထင်တယ်။ ကျနော် အလုပ်က ပြန်လာတော့ မြို့လယ်ခေါင်မှာ တင့်ကားတွေ လှည့်နေတာကို မြင်ခဲ့ရတယ်” ဟု ဒေသခံက ပြောသည်။

မည်သည့်အတွက်ကြောင့် ယခုလို မြန်မာစစ်တပ်မှ စစ်အင်အား ပြသကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ကေအိုင်အေ အရာရှိက ဤသည်မှာ နအဖ စစ်အစိုးရ၏ မေတ္တာရပ်ခံချက်ကို လက်ခံရန် ပျက်ကွက်သည့်အတွက် ကေအိုင်အေသို့ သတိပေးချက်တရပ် ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းက အဖမ်းဆီးခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်လိုက်သည့် ကျေညာချက်ကို ကန့်ကွက်ရန်အတွက် ကြိုဆင် ရေးသားလာသည့် ကျေညာချက်ကို ဖိအားပေး လက်မှတ် ရေးထိုးခိုင်းရာ၌ ကေအိုင်အိုမှ ငြင်းဆိုခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု သတင်းများ ပေါ်ထွက်နေသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် ထုတ်ပြန်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည် ကျေညာချက်တွင် တိုင်းရင်းသား လူနည်းစုများ အရေးကို အလေးထား စဉ်းစားနိုင်ရန် အလို့ငှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်။

ကျေညာချက် ပေါ်ထွက်ပြီး နောက်ပိုင်း နအဖ က တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အပစ်အခတ် ရပ်စဲရေး ရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ကို စေလွှတ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို ဆန့်ကျင် တုံ့ပြန်ရန်အတွက် ဖိအားပေးခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။

“စစ်အစိုးရက သူတို့အင်အားကို အခုလို ပြသပြီး ကျနော်တို့ကို သတိပေးလိုတာ ဖြစ်နိုင်တယ်” ဟု ကေအိုင်အေ အရာရှိက ဆက်ပြောသည်။


မင်းသားကျော်သူ၏ သမီး မင်္ဂလာဆောင် ကြော်ငြာ ဆင်ဆာဖြတ်ခံရ

နန်းဒေဝီ
Tuesday, 04 December 2007 19:48 - မြန်မာစံတော်ချိန်

စက်တင်ဘာ လူထုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ နိုင်ငံကျော် မင်းသား ဦးကျော်သူ၏ သမီး မင်္ဂလာဆောင် ကြော်ငြာကိုပင် စစ်အစိုးရ သတင်းစာများတွင် ထဲ့သွင်းခွင့်မပြုဘဲ ဆင်ဆာ ဖြတ်တောက်ခဲ့သည်။

ဦးကျော်သူ၏ တဦးတည်သော သမီး သြစတြေးလျား နိုင်ငံနေ မမြင့်မိုရ်ဦးနှင့် ကျော်ကိုကိုဇင် တို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆစ်ဒနီမြို့ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် လက်ထပ် ထိမ်းမြားမည့်အကြောင်း ကြော်ငြာကို ပိတ်ပင်ခြင်း ဖြစ်သည်။

“ကျနော့်အနေနဲ့ဆိုရင် အနုပညာလုပ်ခွင့်လည်း လုပ်လို့မရဘူး။ ဇာတ်ကားရိုက်တာ မပြောပါနဲ့၊ ရုပ်ရှင်ရိုက်တာ မပြောပါနဲ့၊ ကျနော်တို့ နာမည်လေးတောင်မှ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ပါလို့မရဘူး။ ကျနော့်သမီး မင်္ဂလာဆောင်ပွဲအတွက် သတင်းစာမှာ ကြော်ငြာ ထည့်ချင်တာတောင် ကျနော်တို့နာမည် ထည့်လို့မရဘူး” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ယမန်နေ့က စစ်အစိုးရရုံးစိုက်ရာ ကျတ်ပြေးဒေသတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကျော်ဆန်းမှ ပြီးခဲ့သည့် စက်တင်ဘာနှင့် သြဂုတ်လအတွင်း သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ အနုပညာရှင်များသည် အမျိုးသားရေး စိတ်ဓာတ် ကိုယ်ခံအားနဲသူများ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“အဲဒါတော့ ကျနော်လည်း နားမလည်ဘူးခင်ဗျ။ ကျနော်လည်း စဉ်းစားလို့ မရဘူး။ ဘာကို ရည်ရွယ်ပြီး ပြောသလည်းဆိုတာ မသိဘူး” ဟု ဦးကျော်သူက ပြောသည်။

“ဒါကတော့ ရောယောင်ပြီး လုပ်တာတော့ မဟုတ်ပါဘူး။ ဒါ ကိုယ့်အသိ စိတ်ဓာတ်နဲ့ လုပ်တာ။ ကိုသူရ (လူရွှင်တော် ဇာဂနာ) ကလည်း ကိုသူရအလျောက် လုပ်တယ်။ ကျနော်တို့ကလည်း ကျနော်တို့အလျောက် လုပ်တာပဲ။ ဒါပေမဲ့ အဲဒီမှာ သွားဆုံတာပဲ။ အဲဒီမှာ ကျော်သူ၊ ဇာဂနာဆိုပြီးတော့ နာမည်ထွက်လာတယ်” ဟု သူက ဆက်ပြောသည်။

အာဏာပိုင်များက ရက်သတ္တပတ် ၃ ပတ်ကြာ ထိန်းသိမ်းပြီးနောက် လွတ်မြောက်လာသော သရုပ်ဆောင်နှင့် အကယ်ဒမီ ကျော်သူ ပါဝင် ရိုက်ကူးခဲ့သော ရုပ်ရှင်ကားကြီး ၂ ခု အပါအဝင် ဗွီဒီယိုကားပေါင်း ၂ဝ ခန့်ကိုလည်း ရုံတင်ပြသခွင့် ပိတ်ပင်ထားသည်။

သည့်အပြင် စက်တင်ဘာအတွင်း သံဃာတော်များ ဦးဆောင် ဆန္ဒပြရာတွင် ဆွမ်းကပ်လှူသူများအနက် လူရွှင်တော်နှင့် ဒါရိုက်တာ ဦးသူရ (ဇာဂနာ) အပြင် စာရေးဆရာမ သန်းမြင့်အောင် ကိုလည်း အမည်နှင့်တကွ စစ်အစိုးရထုတ် သတင်းစာတွင် ဖော်ပြ ရေးသားထားပြီး အများပြည်သူသို့ ဖျော်ဖြေခွင့်ကို ပိတ်ပင် တားမြစ်ထားသည်။



နှစ်ဆန်းတရက်နေ့တွင် ဝန်ထမ်းသပိတ် ဆင်နွှဲမည်ဟု ပြည်တွင်းအဖွဲ့က ပြော

မောင်ဒီး
Tuesday, 04 December 2007 13:06 - မြန်မာစံတော်ချိန်

နအဖ စစ်အစိုးရ၏ ယန္တရား ရပ်ဆိုင်းရေးအတွက် ဝန်ထမ်းများအနေဖြင့် ၂ဝဝ၈ ခုနှစ် လဆန်းတရက်မှ စတင်ကာ လုပ်ငန်းခွင်သို့ မသွားဘဲ နေအိမ်အတွင်း နေထိုင်ကာ ဆန္ဒပြရန်အတွက် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းတခုက တိုက်တွန်းနှိုးဆော်နေသည်။

၈ လေးလုံး နှစ်ပတ်လည်နေ့ ဖြစ်သော ၂ဝဝ၈ ခုနှစ် သြဂုတ်လတွင် မြန်မာပြည်သားများ လွတ်လပ်ရမည်ဟူသည့် ဆောင်ပုဒ်ဖြင့် စစ်အစိုးရ၏ ယန္တရား ပြိုကျသွားရန် ထောက်တိုင်များဖြစ်သော အစိုးရ ဝန်ထမ်းများမှ နေအိမ်ပြင်ပ မထွက်ဘဲ ဆန္ဒပြရန် ၂ဝဝ၈ ခုနှစ် နှစ်ဆန်း တရက်နေ့မှ စတင်ရန် အမည်ထုတ်ဖော်ခြင်း မရှိသော်လည်း အမှန်တကယ် တည်ရှိသော ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းတခုဟု ယုံကြည်ရသော အဖွဲ့က အီးမေလ်တစောင် မဇ္ဈိမထံ ပေးပို့ရာတွင် ဖော်ပြထားသည်။

သူတို့က “နအဖပြောတဲ့ မရေရာ၊ မသေချာတဲ့၊ မာယာ ပရိယာယ်များတဲ့ တွေ့ဆုံ စကားပြောခြင်းအပေါ် ကျနော်တို့ မစောင့်နိုင်တော့ဘူး။ ဒီ ဒိုင်ယာလောက်ဆိုတဲ့ ဟာကြီးထဲမှာပဲ နှစ်မွန်း မနေကြသင့်တော့ဘူး။ ၈ လ၊ ၈ ရက်၊ ၂ဝဝ၈ ခုနှစ်မှာ ကျနော်တို့တွေ အားလုံး လွတ်လပ်ရေး ရကြရမယ်” ဟူ၍ စာထဲတွင် ဖော်ပြထားသည်။

စက်တင်ဘာ လှုပ်ရှားမှု နောက်ပိုင်းတွင် နအဖ စစ်အုပ်စုဝင်များ ထုတ်ဝေသော ဂျာနယ်စာစောင်များကို မဝယ်ယူရန်၊ နအဖ အလိုတော်ရိများ ပိုင်ဆိုင်သော ကားလိုင်းများကို မစီးနင်းရန်နှင့် ၎င်းတို့ပိုင် ဈေးဆိုင်များတွင် ဈေးမဝယ်ရန် ပြည်သူများကို နှိုးဆော် တိုက်တွန်းနေသည့် ယခုလို အဖွဲ့များ ပေါ်ထွက်လာသည်။

အဆိုပါ အဖွဲ့များနှင့် နီးစပ်သူတဦးက “သယ်ယူ ပို့ဆောင်ရေးဆိုရင် ပါရမီလိုင်း ရှိမယ်ဗျာ၊ အဓိပတိ လိုပေါ့။ အစိုးရ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းတွေ ရှိမယ်။ ပြီးရင် ကြံ့ခိုင်ရေးက ပိုင်တဲ့ ယာဉ်လိုင်းတွေ ရှိမယ်။ ရွှေသံလွင် ကုမ္ပဏီလို ကျောထောက်နောက်ခံရှိတဲ့ ကုမ္ပဏီပိုင်တဲ့ ရွှေဧည့်သည် ကားလိုင်းတွေကို မစီးဘူး။ အဲဒါကို စလုပ်နေကြတာ။ နီးစပ်ရာပေါ့။ အလုပ်နဲ့ နီးတဲ့ ဝန်ထမ်းတွေကတော့ လမ်းလျှောက်မယ်။ ခပ်ဝေးဝေးက ဝန်ထမ်းတွေကတော့ သူတို့ပိုင်တဲ့ ကားလိုင်းတွေ မစီးဘဲ တခြားဟာတွေနဲ့ သွားကြပေါ့” ဟု ပြောသည်။

သည့်အပြင် စီးပွားရေးဆိုင်ရာ သပိတ်ကြီးကို ပြည်သူများက ဖော်ဆောင်လာရန် အတွက် နအဖနှင့် ပတ်သက်နေသည့် ဈေးဆိုင်များကိုလည်း အဆိုပါ အဖွဲ့များက စာရင်း ပြုစုနေပြီး တိကျ ပြည့်စုံစွာ ရရှိသည့်အခါ ထုတ်ဖော်၍ သပိတ်ကို စတင်လာနိုင်ဖွယ် ရှိသည်ဟု သူက ပြောသည်။

“ဒီလှုပ်ရှားမှုတွေက တော်တော်လေးကို ထိရောက်ပါတယ်။ ပြည်တွင်း Small Business တွေကလည်း တော်တော်လေး အရေးပါတယ်ဗျ။ ဒီ Small Business တွေကို နည်းနည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားအောင် လုပ်နိုင်မယ်ဆိုရင် သူတို့အတွက် တော်တော်လေးကို ဘေးကျပ်နံကျပ် ဖြစ်သွားနိုင်တယ်” ဟု ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ကိုကျော်ကိုကိုက ပြောသည်။

သူက ဆက်ပြီး “ဝန်ထမ်းပေါင်းစုံ ပါလာမလားဆိုတာ ကျနော် အတိအကျ ခန့်မှန်းလို့ မရသေးဘူး။ သိပ်မထင်သေးဘူး။ ဝန်ထမ်းတွေဆိုတာက စားဝတ်နေရေး ဒုက္ခအပြင် တခြား ချည်နှောင်ထားတဲ့ နှောင်ကြိုးတွေ အများကြီး ရှိတာ။ ဒီတော့ တတ်နိုင်သမျှ သိပ်အရှိန် မယူဘဲနဲ့၊ သိပ်မလောဘဲနဲ့ ဖြေးဖြေး အရှိန်ယူကြရင် ကောင်းမယ်ထင်တယ်” ဟု ပြောသည်။

ပြည်တွင်းကလာသည့် ပေးစာထဲတွင် နအဖ စစ်အစိုးရမှ ယခုလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ဖမ်းဆီးထားသည့် သံဃာတော်များ၊ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် သံဃာတော်များကို ဝန်ချတောင်းပန်ခြင်း ပြုရန်လည်း တောင်းဆိုသွားမည်ဟု ဆိုသည်။



မြန်မာနိုင်ငံဆိုင်ရာ ကုလအကြီးအကဲ တိုင်းပြည်မှ ထွက်ခွာ ရတော့မည်

မဇ္ဈိမသတင်းဌာန
Monday, 03 December 2007 22:57 - မြန်မာစံတော်ချိန်

သူ၏ခန့်အပ်လွှာကို လွန်ခဲ့သောလက စစ်အစိုးရက သက်တမ်းထပ်မံ တိုးမပေးသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး အကြီးအကဲ မစ္စတာ ချားလ်စ်ပက်ထရီ Charles Patrie သည် အင်္ဂါနေ့တွင် အဆိုပါ အရှေ့တောင်အာရှနိုင်ငံမှ ထွက်ခွါရတော့မည် ဖြစ်ကြောင်း ရန်ကုန်ရှိ ကုလရုံး အရာရှိတဦးကပြောကြားလိုက်ပါသည်။

မြန်မာ စစ်အစိုးရက မစ္စတာ ပက်ထရီကို နိုဝင်ဘာလ ၂ ရက်နေ့တွင် သူတို့၏ တောတွင်း မြို့တော်သစ် နေပြည်တော်သို့ ဆင့်ခေါ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး အကြီးအကဲ၏ ဆောင်ရွက်ချက်များကို မနှစ်မြို့ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်လက် တာဝန် ထမ်းဆောင်ရန်လည်း မလိုလားကြောင်း ဖေါ်ပြ ရေးသားထားသည့် စာတစောင်ကို ပေးအပ်ခဲ့သည်၊

အထူးသဖြင့် အောက်တိုဘာလတွင် ကျရောက်သော ကုလသမဂ္ဂနေ့တွင် ထုတ်ပြန်ခဲ့သည့် ပက်ထရီ၏ ကြေညာချက်ကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစာတွင် မြန်မာနိုင်ငံ၏ ယိုယွင်းလာသော လူသားဆိုင်ရာ အကြပ်အတည်းကို သတိပေး ပြောကြားခဲ့ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသော ဆန္ဒပြသူများအပေါ် အလေးထား အာရုံစိုက်ပါရန်လည်း မြန်မာ စစ်အစိုးရကို တိုက်တွန်း ပြောကြားခဲ့သည်။

“အထူးသဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အဖွဲ့ကြီးတို့အကြား ပူးပေါင်း ဆောင်ရွက်မှု အရေးကြီး နေချိန်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ အနေဖြင့် မစ္စတာ ပက်ထရီ မြန်မာနိုင်ငံတွင် ဆက်လက် တာဝန် ထမ်းဆောင်ခြင်းကို မလိုလားပါ” ဟု စစ်အစိုးရက မစ္စတာ ပက်ထရီကို ပေးအပ်ခဲ့သည့်စာတွင် ဖေါ်ပြထားသည်။

သူ့အမည်ကို ထုတ်ဖေါ် ပြောကြားခြင်း မရှိသည့် အဆိုပါ ကုလအရာရှိက “မစ္စတာ ပက်ထရီ မနက်ဖန် ထွက်ခွါမှာပါ” ဟုပြောကြားခဲ့ပြီး မစ္စတာ ပက်ထရီကိုယ်စား ခေတ္တ ဌာနေ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦးကို ခန့်ထားပြီး ဖြစ်ကြောင်းလည်း ဆက်လက် ပြောကြားသွားပါသည်။

အဆိုပါ အရာရှိက အသေးစိတ်ကို ဆက်လက် ပြောဆိုရန်ကိုမူ ငြင်းဆန်ခဲ့ပြီး AFP သတင်းဌာန၏သတင်း ဖေါ်ပြချက်အရ Dan Baker ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ခေတ္တဌာနေ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ် တာဝန်ပေးပြီး ဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်အစိုးရက ထိုကဲ့သို့ ရန်ကုန်တွင် ခေတ္တဌာနေ ကိုယ်စားလှယ်တဦး ခန့်အပ်ရန် ကုလသမဂ္ဂ အထူးသံ မစ္စတာ ဂမ်ဘာရီနှင့် သဘောတူညီမှု ရထားပြီး ဖြစ်ကြောင်း နိုဝင်ဘာလဆန်းပိုင်းက ထုတ်ဖေါ် ပြောကြားခဲ့သည်။

စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အကြား တွေ့ဆုံ ဆွေးနွေးပွဲများ ပေါ်ပေါက်ရန် ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးရန် အတွက် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သော မစ္စတာ ဂမ်ဘာရီသည် မစ္စတာ ပက်ထရီအား နှင်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အကြီးအကဲ၏ သတင်းစကားကို မြန်မာ ဗိုလ်ချုပ်ကြီးများထံ ပါးခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီးမွန်၏ နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် မြန်မာစစ် အစိုးရ၏ ဆောင်ရွက်ချက်ကို ပြစ်တင်ရှုံ့ချခဲ့ပြီး မစ္စတာ ပက်ထရီ၏ ထုတ်ပြန်ကြေညာချက်ကို သူထောက်ခံကြောင်းလည်း ဖေါ်ပြထားသည်။

မစ္စတာ ပက်ထရီသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများကို ၂ဝဝ၃ ခုနှစ် ကတည်းက ခေါင်းဆောင်လာခဲ့သူ ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates