Monday, October 22, 2007

မစၥတာ ဂမ္ဘာရီ အိႏၵိယကို တနင်္ဂနွေမှာ ရောက်မည်
မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ သည် အိန္ဒိယအရာရှိများနှင့် မြန်မာ့အရေး ဆွေးနွေးပွဲများ ကျင်းပရန်အတွက် လာမည့် တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ရောက်ရှိလာမည် ဖြစ်သည်ဟု ကုလအရာရှိတဦးက ပြောသည်။

“လာမယ့် တနင်္ဂနွေ (အောက်တိုဘာလ ၂၂ ရက်) မှာ မစ္စတာ ဂမ်ဘာရီ နယူးဒေလီကို ရောက်လာပါလိမ့်မယ်။ တနင်္လာနဲ့ အင်္ဂါမှာတော့ အိန္ဒိယ နိုင်ငံခြားရေးရာ ဌာနက အရာရှိတွေနဲ့ ဆွေးနွေးပွဲ ရှိပါတယ်” ဟု နယူးဒေလီ အခြေစိုက် ကုလသမဂ္ဂ သတင်းဌာနမှ အရာရှိတဦးက ပြောသည်။

နိုင်ဂျီရီးယမ်း သံတမန်၏ ဆွေးနွေးပွဲ အစီအစဉ် အသေးစိတ်ကိုမူ သိရှိနိုင်ခြင်း မရှိသော်လည်း မစ္စတာ ဂမ်ဘာရီ အနေဖြင့် နိုင်ငံခြားရေးရာ ဝန်ကြီး ပရာနက်ဘ် မူခါဂျီနှင့် နိုင်ငံခြားရေး ဌာနမှ အခြား အရာရှိများကို တွေ့ဆုံဖွယ် ရှိသည်ဟု သိရသည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အဓိကကျသည့် အာရှနိုင်ငံ ၆ နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ခရီးစဉ်ကို ပြုလုပ်နေခြင်းဖြစ်ကာ မလေးရှားနှင့် ထိုင်းနိုင်ငံအပြီး အင်ဒိုနီးရှား နိုင်ငံတွင် လက်ရှိ ရောက်ရှိနေကာ အိန္ဒိယပြီးလျှင် တရုတ်နှင့် ဂျပန်နိုင်ငံများသို့လည်း သွားရောက်မည် ဖြစ်သည်။

မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် စစ်တပ် အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ပြုလုပ်ရန်အတွက် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများကို အရှေ့တောင် အာရှနှင့် ဒေသတွင်းရှိ နိုင်ငံများနှင့် ဆွေးနွေး ညှိနှိုင်းရန်အတွက် ကုလသမဂ္ဂ၏ အစီအစဉ် တစိတ်တဒေသ ဖြစ်သည်။

ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲရန်အတွက် နအဖ စစ်အစိုးရကို နိုင်ငံတကာ အနေဖြင့် ဆုလာဒ်ပေးရေး နည်းစနစ်ကို အသုံးပြုသင့်ကြောင်း ကြာသပတေးနေ့တွင် မစ္စတာ ဂမ်ဘာရီက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လအတွင်းက သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို အကြမ်းဖက် နှိပ်ကွပ်ကာ တုံ့ပြန်ခဲ့သည့် အနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံကို ပိတ်ဆို့မှု ထပ်မံ တိုးချဲ့ရန်အတွက် ခြိမ်းခြောက်နေသည်။

သို့သော်လည်း ဗုဒ္ဓဟူးနေ့က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက ပြောကြားရာတွင် နအဖ အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် ဆောင်ရွက်ပါက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိသည်ဟု ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းတွင် ရန်ကုန်နှင့် တိုင်းပြည်၏ အခြားနေရာများ၌ ဆန္ဒပြပွဲများ အထွဋ်အထိတ်သို့ ရောက်ရှိနေချိန်၌ မြန်မာနိုင်ငံသို့ မစ္စတာ ဂမ်ဘာရီ လာရောက် လည်ပတ်ခဲ့ရာ အဖမ်းဆီးခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို တွေ့ဆုံခဲ့သည်။

လာမည့် နိုဝင်ဘာ လလယ်ပိုင်းတွင် မြန်မာပြည်သို့ ထပ်မံ လာရောက် လည်ပတ်ရန်အတွက် နအဖ စစ်ဗိုလ်ချုပ်များ၏ ဖိတ်ကြားစာကို လက်ခံ ရရှိထားသည်ဟု မစ္စတာဂမ်ဘာရီသည် မကြာသေးခင်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။




အိန္ဒိယသံအမတ် ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ခဲ့
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

အိန္ဒိယသံအမတ်နှင့် နိုင်ငံခြားရေးအတွင်းဝန်တို့သည် ဖမ်းဆီးထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့သည့်သတင်း ထွက်ပေါ်သော်လည်း မြို့တော်ဟောင်း ရန်ကုန်ရှိ အန်အယ်ဒီ ခေါင်းဆောင်များနှင့် နိုင်ငံခြား သံတမန်များကမူ သူတို့အနေဖြင့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ မသိရှိခဲ့ရကြောင်း ပြောဆိုသည်။

နိုင်ငံရေး ပြုပြင် ပြောင်းလဲရန်အတွက် နအဖ စစ်အစိုးရကို ဖိအားပေးမှုများ တိုးမြှင့်နေချိန်တွင် အိန္ဒိယ အနေဖြင့် မြန်မာ့အရေး အပြောင်းအလဲအတွက် သူ့သံအမတ်နှင့် နိုင်ငံခြားရေး အတွင်းဝန်တို့သည် ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် စက်တင်ဘာလ နှောင်းပိုင်းတွင် စတင်တွေ့ဆုံခဲ့သည်ဟု အိန္ဒိယ နိုင်ငံခြားရေးရာ ဌာနကို ကိုးကား၍ သတင်းများ ထွက်ပေါ်လာခဲ့သည်။

မဇ္ဈိမကလည်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် အိန္ဒိယသတင်းစာ အများအပြားမှ ဖော်ပြထားချက် များနှင့်အတူ အိန္ဒိယ နိုင်ငံခြားရေးရာ ဌာနမှ ထွက်ပေါ်လာရခြင်း ယူဆရသော သတင်းများကို ကိုးကား၍ အိန္ဒိယ သံအမတ်မှ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် တွေ့ဆုံခြင်း ခေါင်းစဉ်ဖြင့် သတင်း ဖော်ပြခဲ့သေးသည်။

သို့သော်လည်း မဇ္ဈိမမှ ပြန်မေးရာတွင် နိုင်ငံခြားရေးရာဌာနမှ ထင်မြင်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ရန်ကုန်ရှိ အနောက်တိုင်း သံတမန်တဦးကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲ မရှိခဲ့ကြောင်းနှင့် သံတမန်များ အနေဖြင့်လည်း အခြား ပုဂ္ဂိုလ်များနည်းတူ တွေ့ဆုံခွင့် မရှိနိုင်ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အန်အယ်ဒီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလွင်က “ဆွေးနွေးပွဲအကြောင်း မသိဘူးနော်။ တကယ်လို့ ဟုတ်ခဲ့တယ် ဆိုရင်လည်းပဲ အနည်းဆုံး ရန်ကုန်မှာရှိတဲ့ သံတမန် အသိုင်းအဝိုင်း အကြားမှာတော့ သိရမှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာပြည် အပြောင်းအလဲအတွက် အိန္ဒိယအနေဖြင့် လျှို့ဝှက်စွာ လုပ်ကိုင်နေသည်ဟူသည့် သတင်းများသည် ရည်ရွယ်ချက် ရှိရှိဖြင့် ပြန့်နှံ့နေခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

မြန်မာ့နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာရာတွင် ဘက်ပေါင်းစုံ ပါဝင်နိုင်သည့် ဆွေးနွေးပွဲဖြင့်သာ ဖြစ်နိုင်သည်ဟု အိန္ဒိယအနေဖြင့် ယုံကြည်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုများကို သဘောမတူဘဲ၊ ပြစ်တင် ဝေဖန်မှုမရှိသည့် အပြုသဘော ဆက်ဆံရေးသာ ဖြစ်သင့်သည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။

မြန်မာပြည် လူ ၅ သန်း ဆင်းရဲငတ်မွတ်နေဟု WFP ထုတ်ဖော်
မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာပြည်တွင် ဆန်စပါးနှင့် လယ်ယာထွက်သီးနှံများ ကြွယ်ဝလာနိုင်သည့် အခြေအနေ ရှိနေသော်လည်း ၅ သန်းသော မြန်မာပြည်သူများအနေဖြင့် နေ့တဓူဝ အငတ်ဘေး ကြုံတွေ့နေရသည်ဟု ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကြီးက ထုတ်ဖော် ပြောဆိုလိုက်သည်။

ယခုလို လူဦးရေ ၅ သန်းခန့် အငတ်ဘေး ကြုံတွေ့နေရခြင်းသည် တိုင်းပြည်ကို အုပ်ချုပ်နေသည့် နအဖ စစ်အစိုးရက စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ငြင်းဆန်နေခြင်းကြောင့် ဖြစ်သည်ဟု တဆက်တည်း ဝေဖန်ထားသည်။

ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့၏ ဒေသန္တရ ဒါရိုက်တာတဦးဖြစ်သူ တိုနီ ဘန်ဘူရီက မြန်မာပြည်ရှိ လူဦးရေ သန်း ၅ဝ ခန့်တွင် ၅ သန်းသော ပြည်သူများမှာ တနေ့တာအတွက် အစားအစာ မရှိ ငတ်ပြတ်နေသကဲ့သို့ ကျန်ရှိသော လူဦးရေ အများစုမှာ ဆင်းရဲတွင်းထဲ နစ်မွန်းနေရသည်ဟု ဆိုသည်။

တိုနီ ဘန်ဘူရီမှာ ပြီးခဲ့သည့်အပတ်တွင် မြန်မာပြည်တွင်းသို့ အလည်အပတ် ရောက်ရှိခဲ့ပြီး ယခုလို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

“တချိန်က အရှေ့တောင်အာရှရဲ့ စပါးကျီကြီးလို့ တင်စားခံခဲ့ရတဲ့ မြန်မာပြည်မှာ ပြည်သူတွေက တနေ့တာ စားရေးသောက်ရေးအတွက် တကယ့်ကိုပဲ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်” ဟု ဘန်ဘူရီက ပြောသည်။

စားဝတ်နေရေးအတွက် ဒုက္ခတွေ့နေရသော မြန်မာပြည်သူ ၅ သိန်းကို ထောက်ပံ့ပေးနေသည့် WFP တွင် ထောက်ပံ့ငွေကြေး အကန့်အသတ်များ ရှိနေသဖြင့် ယခုထက်ပို၍ လိုအပ်သည့် အစားအစာ ပမာဏများ ထောက်ပံ့ ဝေငှပေးနိုင်ခြင်း မရှိရကြောင်း ဘန်ဘူရီက ဆက်ပြောသည်။

“လူသားချင်းစာနာတဲ့ အဖွဲ့အစည်းတွေ အနေနဲ့တော့ ကူညီနိုင်ပါလိမ့်မယ်။ ကျနော်တို့ အဖွဲ့မှာတော့ ထောက်ပံ့ငွေ မလောက်ငှတာတွေ ကြုံနေရတယ်။ နောက်ပြီး ကျနော်တို့ ကူညီနေတယ် ဆိုတဲ့ ဟာတွေက ဘာမှကို ပြောပလောက်တဲ့ အနေအထား မရှိသေးပါဘူး” ဟု ဘန်ဘူရီက ဆက်ပြောသည်။

သန်း ၅ဝ သော မြန်မာပြည်သူများ၏ စားဝတ်နေရေး ဖွံ့ဖြိုးလာရေးအတွက် လူသားချင်းစာနာမှု အထောက်အကူများက အပြည့်အဝ လုပ်ဆောင်ပေးနိုင်မည် မဟုတ်သောကြောင့် မြန်မာ စစ်အစိုးရ အနေဖြင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း သူက ဆက်လက် အကြံပြုသွားသည်။


တရုတ်နယ်စပ် ဘုန်းကြီးကျောင်းများကို ရဲက ပိုက်စိတ်တိုက်
မျိုးကြီး (မဇ္ဈိမသတင်းဌာန)အောက်တိုဘာလ ၁၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ် ဒေသများရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို ပြီးခဲ့သည့် အဂါင်္နေ့မှ စတင်၍ ရဲများက ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေသည်။
ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ ဘုန်းကြီးကျောင်းများအပြင် တောင်ပေါ် ရှမ်းတိုင်းရင်းသား ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများကိုပါ ယခုလ ၁၆ ရက်နေ့မှ စတင်ကာ ဝင်ရောက် စစ်ဆေးခြင်း၊ သန်းခေါင်စာရင်း ကောက်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
“အခြေအနေကတော့ မကောင်းသေးပါဘူး။ ဒီဘက်မှာ ကျောင်းတွေကို စစ်ဆေးတာ ၃ ကြိမ်ရှိပြီ။ အခု အရင်နေ့ကတော့ ပိုက်စိပ်တိုက် ရှာတဲ့ သဘောမျိုး ပေါက်တာပေါ့” ဟု လွယ်ဂျယ်မြို့ ကျောင်းထိုင် ဆရာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။
မြန်မာနိုင်ငံအနှံ့ စက်တင်ဘာ ၁၈ ရက်မှ စတင်ခဲ့သည့် သံဃာတော်များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းပြီးနောက် တရုတ်နယ်စပ်ရှိ ဘုန်းကြီးကျောင်းများကိုလည်း ရှာဖွေ စစ်ဆေးမှုများ စတင်ခဲ့သည်။
“အရင်အဖွဲ့တွေတုန်းကတော့ မြို့နားနီးတဲ့ ကျောင်းတွေလောက်ပဲ ဝင်တယ်။ အခု အဖွဲ့ကတော့ တောင်ပေါ်ကျောင်းတွေရော၊ တောင်ကြိုတောင်ကြားက ကျောင်းတွေရော အကုန် ဝင်စစ်တယ်လို့ ဘုန်းကြီးတို့ သိရတယ်” ဟု ဆိုသည်။
ဗန်းမော်မြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာတော်အပါး ၁၄ဝ ခန့်ကို ညအချိန်၌ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ လက်ရှိ အချိန်အထိ သံဃာတော် ၈ ပါးခန့် ဆက်လက် ဖမ်းဆီးခံထားရသည်။
ထို့အပြင် တရုတ် အာဏာပိုင်များကလည်း နယ်စပ် ဘုန်းကြီးကျောင်းများကို စစ်ဆေးနေကြောင်းနှင့် အဆိုပါ ဘုန်းကြီးကျောင်းများတွင် ရှမ်းနှင့် ဗမာ သံဃာတော်များလည်း အများအပြား သီတင်းသုံးနေကြောင်း သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates