စက်တင်ဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ စစ်အစိုးရ အနေဖြင့် မြန်မာ ပြည်သူလူထု၏ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်များ အတွက် ဆန္ဒ ဖော်ထုတ်နေခြင်းကို အကြမ်းဖက် နှိမ်နှင်းကာ ဖမ်းဆီးခြင်းမှ အမြန်ဆုံး ရပ်တန့်ရန်နှင့် လူထု၏ အခြေခံ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အသိအမှတ်ပြု လေးစားရန် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် (HRDP) က ပြောဆိုလိုက်သည်။
လောင်စာဆီဈေး ထိုးတက်သွားခြင်း၏ နောက်ဆက်တွဲ လူမှု ဒုက္ခအဝဝကို ဖော်ထုတ်သူများကို အစိုးရ ကျောထောက် နောက်ခံ ပြုထားသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်များက အကြမ်းဖက် နှိမ်နှင်းကာ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ အမျိုးသမီးများကို အိနြေ္ဒ ပျက်စေရန် ဆွဲလားရမ်းလား ပြုလုပ်ခြင်း စသည့် လူသား၏ အခြေခံ အခွင့်အရေးများကို မျက်ကွယ်ပြုပြီး ရာဇဝတ်မှုများကို အစွမ်းကုန် ချိုးဖောက်နေခြင်းများကို ရပ်တန်းမှ ရပ်စေရန်နှင့် ပြည်သူလူထု၏ အခြေခံ အခွင့်အရေးကို အသိအမှတ်ပြုရန် နအဖ စစ်အစိုးရကို HRDP က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယခုလို ဆိုးဝါးသည့် အခြေအနေကို နအဖ အနေဖြင့် ပြုပြင် သင့်သကဲ့သို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေကို စောင့်ကြည့်ပြီး ကူညီ ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု HRDP ကွန်ယက်ဝင် ကိုကျော်ထက်က ပြောသည်။
“လက်ရှိ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အင်မတန်မှ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ အင်မတန်မှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ အဲဒီ ကိစ္စတွေကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက နေပြီး ရပ်တန်းက ရပ်စေဖို့ ဆောင်ရွက် ပေးစေချင်တယ်။ အလားတူ လက်ရှိ အစိုးရ အနေနဲ့လည်း ကုလသမဂ္ဂ ပဋိဉာဉ် စာချုပ်ကို လက်မှတ် ရေးထိုးထားပြီး ဒါကိုပဲ ထပ်ထပ် ချိုးဖောက်နေတာ။ အဲဒါကြောင့် လူထုတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစားဖို့၊ အသိအမှတ် ပြုဖို့၊ လက်ခံဖို့ ကျနော်တို့ ပြောချင်တာပါ” ဟု သူက ပြောသည်။
ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထား ကြေညာချက်ထဲတွင် မြန်မာ အစိုးရသည် ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်ကို လက်မှတ် ထိုးထားသဖြင့် အဆိုပါ စာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာတမ်းပါ ရည်ရွယ်ချက်များကို လေးစား လိုက်နာရမည် ဖြစ်သော်လည်း ဆန္ဒ ထုတ်ဖော်သည့် လူထုကို အုပ်စုလိုက် အကြမ်းဖက် တိုက်ခိုက် ဖမ်းဆီးခြင်း၊ လူ့အခွင့်အရေး ကိစ္စသက်သက် လုပ်ဆောင်နေသူများကို ဥပဒေမဲ့ တိုက်ခိုက်ဖမ်းဆီး ထောင်ချခြင်း စသည့် ရာဇဝတ်မှုများကို အာဏာပိုင်များက အစွမ်းကုန် ကျူးလွန် နေကြပြီး လူ့အခွင့်အရေးကို လျစ်လျူရှူကာ ချိုးဖောက်နေသည်ဟု ရေးသား ဖော်ပြထားသည်။
HRDP ကွန်ယက် ခေါင်းဆောင် ဦးမြင့်အေးကို သြဂုတ်လ ၂၄ ရက်နေ့တွင် အထူး သတင်းတပ်ဖွဲ့မှ အရာရှိ ဦးဝင်းမြင့်နှင့် ကြည့်မြင်တိုင် မဝတ ဥက� ဌ ဦအောင်ကျော်ဦးတို့ အပါအဝင် လူတစုက အကြောင်းပြချက် တစုံတရာ မပါဘဲ ကျိုက� ဆံကွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး လွန်ခဲ့သည့် ဧပြီလ အတွင်းက လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူ ကိုမြင့်နိုင်နှင့် ကိုမောင်မောင်လေးတို့ကို အာဏာပိုင်များ ဦးဆောင်သော လူတစု၏ အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး ကိုမြင့်နိုင်ကို ဆူပူမှု ဖြစ်စေရန် လှုံ့ဆော်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၈ နှစ်၊ အခြား လုပ်ဖော်ကိုင်ဖက် ၅ ဦးကို ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချခဲ့သည်။
HRDP တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်း တင်ထားပြီး နောင်တချိန်တွင် အသုံးချရန်အတွက် အစီအစဉ်များ ရှိသည်ဟုလည်း သိရသည်။
“လက်ရှိ အခြေအနေက ဗမာပြည်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ယူအန်တွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့တွေ ဝင်ပါသင့်ပြီလို့ ကျနော်တော့ မြင်ပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်မွေးရာပါ အခွင့်အရေးတွေကို တောင်းဆိုနေတာပဲ။ အေးအေးချမ်းချမ်း ဖွင့်ပြနေတာပဲ။ ဒါလုပ်ရမယ်၊ လုပ်သင့်တယ်။ ကျနော်တို့ ထောက်ခံတယ်။ ကိုယ့်အခွင့်အရေး ကိုယ်သိဖို့၊ ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုဖို့၊ ကာကွယ်ဖို့။ ဒါလုပ်ရမယ့် အရာတွေပဲ” ဟု ဦးကျော်ထက်က ပြောသည်။
သူက ဆက်ပြီး “ကျနော် ပြောချင်တာကတော့ ပြည်သူလူထုရဲ့ မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ် ပြုပါ၊ လေးစားပါ၊ လက်ခံပေးပါ။ နောက်တချက် နိုင်ငံတကာ အဖွဲ့အစည်း၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်စေဖို့ ဆောင်ရွက်ပေးကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။