Thursday, September 6, 2007

အကြမ်းဖက်လုပ်ရပ် ရပ်တန်းက ရပ်ဟု အိန္ဒိယရောက် မြန်မာများ ပြောဆို

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အကြမ်းဖက် တိုက်ခိုက်နေသည့် နအဖ စစ်အစိုးရကို ဆန့်ကျင် ရှုတ်ချသည့် ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ယနေ့ နေ့လည်ပိုင်းတွင် နယူးဒေလီ မြို့၌ ကျင်းပခဲ့ကြသည်။

ယခုလ ၂၂ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့နှင့် နယ်ဒေသ အချို့တွင် ဖြစ်ပွားနေသည့် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လူထုဆန္ဒ ပြပွဲများကို နအဖ စစ်အစိုးရက ကြံ့ဖွံ့၊ စွမ်းအားရှင်၊ မီးသတ်၊ ရဲနှင့် စရဖ ခေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ကို အသုံးချကာ အကြမ်းဖက် ဖြိုခွဲပြီး ဖမ်းဆီးနေသည့် လုပ်ရပ်များနှင့် ပတ်သက်၍ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက နယူးဒေလီ မြို့လယ်ရှိ ဂျန်တားမန်တား အရပ်တွင် ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲ တရပ်ကို ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

“ပြည်တွင်းမှာ ၈၈ ကျောင်းသားတွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ပြည်သူတွင်းမှာ၊ တိုင်းနဲ့ ပြည်နယ်တွေမှာ သေးပင်သေးသော်လည်း၊ လူနည်းပင် နည်းသော်လည်း နေ့စဉ်ရက်ဆက် ဖြစ်နေကြတယ်။ အဲဒီလို သတ္တိကောင်းတဲ့ သူတွေ၊ ကိုယ်ကျိုး မဖက်တဲ့ သူတွေ သူတို့တွေနဲ့ မပူးပေါင်းသေးတဲ့ သူတွေကို ဒီဆန္ဒပြပွဲကနေ ဖိတ်ခေါ်လိုက်တာ ဖြစ်တယ်။ ကျနော်တို့နိုင်ငံ ဖြစ်ပျက်နေတာတွေကို ရေငုံ နှုတ်ပိတ်နေတဲ့ အိမ်နီးချင်း အိန္ဒိယကို အိပ်ပျော်နေရာကနေ နိုးထအောင် နိုးဖို့ လိုပါတယ်။ ဒီထက် အင်အားကြီးတဲ့ သတင်းစကားတွေ ပို့ဖို့ လိုပါတယ်” ဟု အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီး ဒေါက်တာ တင့်ဆွေက ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။

ယနေ့ထုတ်ပြန်သည့် SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် (အိန္ဒိယ) ၏ ထုတ်ပြန် ကျေညာချက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ၊ အန်အယ်ဒီ ပါတီဝင်များနှင့် ပြည်သူများကို နအဖ စစ်အုပ်စုက လက်ကိုင်ဒုတ်များ အသုံးချ၍ ရိုက်နှက် ဖမ်းဆီးခြင်း၊ ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာခြင်း၊ မအေနှမအရွယ် အမျိုးသမီးများကို ကာယအိနြေ္ဒ ပျက်ပြားစေမှုများ စသည့် ဥပဒေမဲ့၊ မင်းမဲ့စရိုက် လုပ်ရပ်များဖြင့် အကြမ်းဖက် ဖြေရှင်းနေကြောင်းနှင့် ယခုလို အကြမ်းဖက် လုပ်ရပ်များကို ရပ်တန်းက ရပ်ရန် ရေးသား ဖော်ပြထားသည်။

ဆန္ဒပြသူအင်အား ၁ဝဝ ခန့်သည် ‘ဘာလုပ်နေလဲ … ချီတက်နေတယ်’၊ ‘ဘာလုပ်ဖို့လဲ … တိုက်ပွဲဝင်ဖို့’၊ ‘ဘယ်သူ့အတွက်လဲ … ပြည်သူ့အတွက်’၊ ‘ထိရင် ကြွ … ဖိရင် ချ’၊ ‘တို့ဗိုလ်ချုပ်က မှာခဲ့တယ် … ရရင် ရ၊ မရရင် ချ’၊ ‘ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ … ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး’ အစရှိသည့် ကြွေးကြော်သံများကို အော်ဟစ်ကာ နအဖ အကြမ်းဖက်မှုကို ဆန့်ကျင် ရှုတ်ချခဲ့ခြင်း ဖြစ်သည်။

SYCB ၏ ကျေညာချက်တွင် မြန်မာပြည်တွင်းရှိ လက်ရှိ ဆန္ဒပြပွဲများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဆက်လက် တိုက်ပွဲဝင်ရန် အတွက် ကျောင်းသားထုများ အပါအဝင် ရဟန်းရှင်လူ ပြည်သူများကိုလည်း တိုက်တွန်း နှိုးဆော် ထားသေးသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates