Sunday, September 30, 2007

ဗန်းမော်ထောင်မှာ သံဃာတော်များ အစာငတ်ခံ ဆန္ဒပြနေ

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ အကျဉ်းထောင်တွင် ဖမ်းဆီး ခံထားရသည့် သံဃာတော် အပါး ၃ဝ ကျော်သည် ဆွမ်းဘုန်းမပေးဘဲ အစာငတ်ခံ ဆန္ဒပြနေသဖြင့် ၂၇ ရက်နေ့တွင် အခြားထောင်များသို့ ပြောင်းရွှေ့ လူစုခွဲလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၅ ရက်နေ့ညက ဗန်းမော်မြို့ရှိ ကျောင်းတိုက် ပေါင်းစုံကို စစ်အာဏာပိုင်များက အတင်းအဓမ္မ ဝင်ရောက်ကာ သံဃာတော် ၁ဝ၈ ပါးကို ဖမ်းဆီးခဲ့ကာ အတင်းအကျပ် လူဝတ်လဲ၍ အကျဉ်းထောင်ထဲသို့ ချုပ်နှောင် ထားရှိလိုက်ကတည်းက သံဃာအပါး ၃ဝ ကျော်သည် ဆွမ်းမစားဘဲ အစာငတ်ခံ ဆန္ဒပြခဲ့ကာ အခြား သံဃာအပါး ၁ဝဝ ကျော်ကလည်း ပရိတ် ရွတ်ဖတ်နေသဖြင့် ယခုလ ၂၇ ရက်နေ့ညတွင် ဗန်းမော်ခရိုင် အတွင်းရှိ မိုးမောက်နှင့် မန်စီမြို့နယ် စစ်တပ် အချုပ်များသို့ လူစုခွဲ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

“အဲဒီလို ဆွမ်းမစားကြဘူး။ ပရိတ်တွေ ရွတ်ကြတော့ ၂၇ ရက်နေ့ ညပိုင်းက မှန်လုံကားတွေနဲ့ ခွဲပြီး ဗန်းမော်ခရိုင်ထဲမှာပါတဲ့ မန်စီနဲ့ မိုးမောက်မြို့တွေက စစ်တပ် အချုပ်တွေကို ခွဲပို့လိုက်တယ်လို့ သူတို့ ထောင်က ဝန်ထမ်းတွေက အဒေါ်တို့ကို ပြောပြတယ်လေ” ဟု အကျဉ်းကျခံ သံဃာတော်များ၏ မိသားစု အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ဗန်းမော်မြို့တွင် ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ သံဃာတော်များကို အာဏာပိုင်များက ရိုက်နှက် ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်းနှင့် ၂၅ ရက်နေ့တွင် ဒေသခံ ၆ ဦးပါ ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။

“ဖမ်းကြတာ ရက်ရက်စက်စက်ကို လုပ်တာ။ ဗန်းမော် မင်းမနိုင် ရပ်ကွက်မှာ ရပ်ကွက်ထဲက ဒကာတွေက မြသပိတ် ပေါက်လို့ဆိုပြီး ဘုန်းကြီးတွေကို အိမ်ခေါ်ပြီး ဆွမ်းကပ်တာ။ ဆွမ်းစားနေတာကို အတင်း ဝင်ဆွဲရမ်းပြီး ဝင်ဖမ်းကြတာပါကွယ်။ သံဃာတပါးဆို သင်္ဃန်းတွေကို အတင်း ဆွဲချွတ်ပြီး ဝင်ဖမ်းကြတာ” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

ဗန်းမော်မြို့ အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့ကိုလည်း အကျဉ်းထောင်မှ ရဲစခန်း အချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသော်လည်း အခြား ဖမ်းဆီး ခံထားရသူများ၏ အခြေအနေကိုမူ စုံစမ်း၍ မရသေးဘဲ ဖြစ်နေသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates