စက်တင်ဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။
5:30 PM
မြောင်းမြမှာ ဆန္ဒပြသည် ဆိုသော ကောလာဟများ ထွက်ပေါ်
မြောင်းမြတွင် သံဃာတော်များ ဆန္ဒပြသည် ဆိုသော ကောလာဟလများ ထွက်ပေါ်လာပြီးနောက် မဇ္ဈိမက ရန်ကုန်ရှိ စစ်ဘက်လုံခြုံရေး (စရဖ) သို့ ဆက်သွယ် မေးမြန်း အတည်ပြုချက် ရယူရာ “အဲဒါ သေချာ၊ မသေချာ မသိသေးဘူး။ သွားစုံစမ်းရဦးမယ်။” ဟု ဖြေကြားသွားသည်။
4:45 PM
မြစ်ကြီးနားမြို့တွင် ဆန်ဈေးများ တလအတွင်း တရှိန်ထိုး တက်သွားသည်။
ကချင်ပြည်နယ်ထွက်ဆန် ဒေသအခေါ်အရ ကော်ချက်ဆန် ၂၄ ပြည်ပါ တတင်းခွဲ တအိတ်လျှင် လွန်ခဲ့သည့်လက ၂၁ဝဝဝ ကျပ် ရှိရာမှ ယခု ၂၇ဝဝဝ ကျပ်သို့ မြင့်တတ်သွားသည်။ လုံးကွယ်မွေး ဆန်မှာ ၂၄ဝဝဝ ကျပ်မှ ၂၉ဝဝဝ ကျပ် ဈေးပေါက်နေပြီး ကုလားကြီးဆန်က ၁၇ဝဝဝ ကျပ်မှ ၂၁ဝဝဝ ကျပ်ဈေး ဖြစ်နေသည်။
2:48 PM
ပခုက္ကူမြို့တွင် သံဃာတော်များ ဆန္ဒပြမှုကို အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နအဖ စစ်အစိုးရကို ဆန့်ကျင် ကန့်ကွက်သောအားဖြင့် မြန်မာနိုင်ငံသား သံဃာတော် ၂ ပါးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြခဲ့ကြရာ ထိုင်းရဲက ဖမ်းဆီးလိုက်သည်။
“ထိုင်းဘက်ကနေပြီးတော့ ခွင့်မပြုဘူးလေ တကာကြီးရေ၊ ခွင့်မပြုဘူးဆိုတော့ ဦးဇင်းတို့ကို ဖမ်းတယ်။ ဦးဇင်းတို့ကို ဖမ်းပြီးတော့ အခု မဲဆောက် ပို့မယ်လို့ ပြောတယ်။” ရဲကားပေါ်မှာ လိုက်ပါသွားရင်း ဦးသုဝါရ က တယ်လီဖုန်းဖြင့် ပြောပြသည်။
1:08 PM
တောင်ကုတ် တကိုယ်တော် ဆန္ဒပြသူကို ထောင် 4 နှစ်ချ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ဗုဒ္ဓဘာသာဝင် အဖြစ်မှ ထုတ်ပယ်ပစ်ရန် အတွက် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က တကိုယ်တော် တောင်းဆို ဆန္ဒပြခဲ့သူကို အာဏာပိုင်များက နေ့တွင်းချင်းပင် ထောင်ဒဏ် 4 နှစ် ပြစ်ဒဏ်ချလိုက်သည်။
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ဗုဒ္ဓ ဘာသာဝင်မှ ထုတ်ပယ်ပစ်ရေး အပါအဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် တကိုယ်တော် ဆုတောင်း ဆန္ဒပြသူ တောင်ကုတ်မြို့နယ် ဆားပြင် ကျေးရွာသား ကိုစိုးဝင်းကို တောင်ကုတ် မြို့နယ် တရားရုံးမှ တရားသူကြီး ဒေါ်သိန်းဟန်က ဆန္ဒပြသည့် နေ့၌ပင် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
1:05 PM
နိုင်ငံခြား သတင်းထောက် တချို့ ကံမကောင်း
ရန်ကုန် အခြေစိုက် နိုင်ငံခြား သတင်းထောက် တချို့၏ ဖုန်းလိုင်းများ ယမန်နေ့ ညကတည်းက ပြတ်တောက်သွားသည်။ သတင်း စီးဆင်းနေမှုကို တားဆီးလို၍ ဖြတ်တောက်ခြင်း မဖြစ်နိုင်ဘဲ နိုင်ငံရေး သမားများနှင့် တက်ကြွ လှုပ်ရှားသူများ၏ ဖုန်းများကို ပိတ်ရင်း ဆက်သွယ်ထားသော နံပါတ်များကို ခေတ္တပိတ်ခြင်းသာ ဖြစ်မည်ဟု နိုင်ငံခြား သတင်းထောက် အများစုက ယုံကြည်နေကြသည်။
နိုင်ငံခြား သတင်းထောက်များ ကလပ်တွင် အရေးပေါ် အစည်းဝေးတခုကို ယနေ့ နေ့လည်တွင် ကျင်းပသွားမည်ဟု သိရသည်။
--------------------------------------------
ထင်ရှားသော နိုင်ငံရေး သမားများနှင့် တက်ကြွ လှုပ်ရှားသူများ၏ တယ်လီဖုန်းလိုင်း ဖြတ်တောက်ပြီး စစ်အစိုးရ သတင်းအမှောင်ချ
စက်တင်ဘာလ ၁၁ ရက်၊ ၂၀၀၇ ခုနှစ်။
7:00 PM
ကုန်တင်ကားခဈေးနှုန်း လျှော့ချပေးရန် ရေစကြို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌနှင့် မထသ ခေါ် မော်တော်ယာဉ် ထိန်းသိမ်းရေး ဌာနကို စီးပွားရေး လုပ်ငန်းရှင် 36 ဦးက မကြာသေးခင်က တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ တုံ့ပြန်မှု မရှိသေးဘဲ ဖြစ်နေသည်။
5:50 PM
မြန်မာပြည်တွင်းမှ ဘလော့ဂ်ရေးသူ တချို့ကို အာဏာပိုင်တွေက ခေါ်ယူ မေးမြန်းခြင်း၊ သတိပေးခြင်းများ လုပ်နေသည့် သတင်းများ ထွက်ပေါ်နေသည်။ အနည်းဆုံး ၅ ဦး ရှိသွားပြီဟု မဇ္ဈိမ က စုံစမ်း သိရှိရသည်။
5:07 PM
သတင်းအမှောင်ချပြီ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူတချို့ အပါအဝင် တက်ကြွ လှုပ်ရှားသူများ၏ တယ်လီဖုန်းများကို စစ်အာဏာပိုင်များက ဖြတ်တောက်ခြင်းဖြင့် သတင်း စီးဆင်းနေမှုကို ကန့်သတ်လိုက်သည်။
5:05 PM
ရဲက ဘုန်းကြီးလုပ်မလို့
ပြည်ထဲရေး ဝန်ကြီးဌာန အောက်ရှိ ရဲအချို့ကို ဘုန်းကြီးဝတ်ခိုင်းပြီး ဘုန်းကြီးများအတွင်း သတင်း ထောက်လှမ်းရေးနှင့် ဖြိုခွဲရေး အတွက် လုပ်ဆောင်နေပြီဟု ခိုင်လုံသော သတင်းရပ်ကွက် တခုက ပြောသည်။
တပ်ဖွဲ့တခုလျှင် ၂ ယောက်ကျစီ ရွေးထုတ်ခဲ့သည်ဟု သိရသည်။
4:35 PM
အမျိုးသားရေး ဦးဝင်းနိုင်၏ တယ်လီဖုန်းလိုင်းကို အာဏာပိုင်များက ဖြတ်တောက်လိုက်သည်။
3:11 PM
ကြခတ်ဝိုင်းကျောင်းတော့ ပုံမှန်ပါ
“လုံခြုံရေးလဲ မရှိပါဘူး။ ဘာ ပညတ်ချက်မှလည်း မရှိသေးဘူး၊ ဆွမ်းခံ ထွက်ပါတယ်။ ဒီနေ့လဲ ထွက်ပါတယ်။ ဒီကျောင်းမှာကတော့ ဘုန်ကြီးတွေ အားလုံး ၁၂ဝဝ ရှိပါတယ်။” ဟု ပဲခူးမြို့ ကြခတ်ဝိုင်း ကျောင်းတိုက်မှ သံဃာတော် တပါးက ပြောသည်။
12:05 PM
ပဲခူးမှာ ဘုန်းကြီးတွေကို အာဏာပိုင်တို့ စိုးရိမ်နေ
“မနေ့လောက်ကတည်းက စပြီးတော့ လုံခြုံရေးတွေ ကြပ်တည်းလာတယ်။ အန်အယ်ဒီဆိုရင် အပြင်ထွက်တာနဲ့ အနောက်ကနေပြီးတော့ 4-5 ယောက် လိုက်တာပဲ၊ ရဲတွေ၊ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ပေါ့။ ဘုန်ကြီးတွေ ထကြွမှာ ကြောက်လို့ ဘုန်းကြီးတွေနော်၊ ဘုန်းကြီးတွေကို သိပ်စိုးရိမ်နေတယ်နော်။ ဘုန်းကြီးကျောင်းတွေမှာ ဆိုတာက ပဲခူးမှာ နံမည်ကြီး ဘုန်းကြီးကျောင်းတွေပေါ့ စာသင်တိုက်တွေ ရှိတယ်။ အဲဒီကျောင်းတွေမှာ အများကြီး ချထားတယ်။ ဘုန်းကြီးတွေ က အထဲကနေ အပြင်ကိုတောင် မထွက်ရဘူး” ဟု ဒေသခံ တဦးက ပြောပြသည်။
-----------------------------------------------