Wednesday, September 12, 2007

နေပြည်တော်မှာ ညီလာခံ ထောက်ခံပွဲ အတွက် လူတွေကို ဆင့်ခေါ်

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

နအဖ ညောင်နှစ်ပင် အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ရန် အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ခံ လူငယ်အချို့ကို ယခုရက်ပိုင်းအတွင်း လိုက်လံ စုဆောင်းနေသည်။

နေပြည်တော်တွင် ကျင်းပမည့် အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ရန်အတွက် မြစ်ကြီးနားမြို့မှ အသက် ၃ဝ နှစ်အောက် လူငယ် ၄ဝ ကျော်ကို မြစ်ကြီးနား ယဉ်ကျေးမှု ဗိမာန်ဌာနမှ ဦးဆောင်ကာ စုဆောင်းနေခြင်း ဖြစ်သည်။

“သွားပြီး ထောက်ခံပေးဖို့ပေါ့။ လူစုနေတယ်။ မသွားချင်ကြပါဘူး။ လူငယ် များတယ်။ အမျိုးသား ညီလာခံကို ထောက်ခံတဲ့ပွဲ လုပ်မယ်တဲ့။ လက်ထောင် ပေးဖိုပေါ့။ အဲဒီက ဆုံးဖြတ်တဲ့ ဟာကို ထောက်ခံရမယ်တဲ့။ ကေအိုင်အိုက မပါဘူး၊ အခုဟာက သီးသန့်၊ လူထုကို ခေါ်တာ” ဟု မြစ်ကြီးနားရှိ ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောပြသည်။

“သွားမှာက အောက်တိုဘာ ၄ ရက်နေ့။ အောက်တိုဘာ ၂၈ မှာ ပြန်ပြီး ရောက်လာမယ်။ တလလောက် ကြာမယ်။ နေစရိတ်၊ စားစရိတ် အားလုံး သူတို့ ပေးမယ်တဲ့။ အာမခံချက်နဲ့ သွားရမယ်။ ကြားဖြတ်ပြီးလည်း ပြန်လို့ မရဘူး။ ထွက်မယ်ဆိုပြီး သွားချင်တာကို သွားလာလို့ မရဘူး။ သူတို့က စည်းကမ်း ချတားတယ်။ သူတို့လုပ်တဲ့ ဟာတွေကို စိတ်မပါဘဲ သွားအားပေးရမှာပေါ့” ဟု သွားရောက်ရာတွင် ပါဝင်မည့် အမျိုးသမီး တဦးက ပြောသည်။

အခြား အမျိုးသမီး တဦးကလည်း “မျိုးနွယ်စု အလိုက်သွားရမယ်။ အစားအသောက်လည်း စီစဉ်ပေးမယ်။ တနိုင်ငံလုံး ယဉ်ကျေးမှု ထိန်းသိမ်းရေးလို့တော့ ပြောတယ်။ အမျိုးသားရေး၊ တိုင်းရင်းသားတွေ အနေနဲ့ ဖွင့်ပွဲ ပိတ်ပွဲတွေ ပြီးတဲ့အထိ နေရမယ်လို့ ပြောတယ်။ … မျိုးနွယ်စုလိုက် ကချင် ၆ မျိုး၊ ရှမ်း ၅ မျိုးပေါ့။ တမျိုးကို ၄ ယောက်စီ ပါမယ်။ ကျမတို့ကို ခေါ်တာ ပွဲကြည့်ဖို့ သက်သက်ပါပဲ။ ဘာတွေ ကြည့်ရမလဲတော့ မသိဘူး” ဟု ပြောသည်။

ယခုလ ၁၅ ရက်နေ့တွင်လည်း မြစ်ကြီးနားရှိ ဘောလုံးကွင်းတွင် နအဖ အမျိုးသား ညီလာခံ ကြိုဆို ထောက်ခံပွဲကို ကျင်းပသွားမည် ဖြစ်ကာ ထောက်ခံပွဲသို့ တအိမ်ထောင်လျှင် အနည်းဆုံး တဦးကျစီ လာတက်ရမည်ဟု မြောက်ပိုင်းတိုင်း တိုင်းမှူး (မပခ) ဗိုလ်ချုပ် အုံးမြင့် က အမိန့် ထုတ်ခဲ့သေးသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates