မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ 17 ရက်၊ ၂၀၀၇ ခုနှစ်။
6:10 PM
အချိန် မရေရာသည့် ညီလာခံ ထောက်ခံပွဲ တက်ရောက်ရန် ဝန်ထမ်းများအား ညွန်ကြားထား
မကွေးတိုင်း၊ မကွေးမြို့မှ မိုင် ၅ဝ ခန့် ကွာဝေးသော၊ မြို့သစ် ဌာနဆိုင်ရာ ရုံးများမှ ဝန်ထမ်းများကို ကျင်းပရန် အစီအစဉ် ရှိသည့် အမျိုးသား ညီလာခံ ထောက်ခံပွဲ တက်ရန် ညွှန်ကြားထားသည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်ရန် လျာထားခဲ့သော်လည်း တိုင်းပြည်တွင်း ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီးနောက် ရွှေ့ဆိုင်းခဲ့သည့် ထောက်ခံပွဲအတွက် ဌာနတခုလျှင် ဝန်ထမ်း ၇ ဦးကျ တက်ရောက်နိုင်ရေး စီစဉ်ထားရန် အထက်မှ ညွှန်ကြားထားသည်ဟု မကွေးမြို့သစ်နေ ဝန်ထမ်းတဦးက ပြောသည်။
5:15 PM
ဇခုန်တိန့်ယိင်းနှင့် မြောက်ပိုင်းတိုင်းတွေ့ဆုံ
ငြိမ်းချမ်းရေး ရယူထားသည့် ကချင်ဒီမိုကရေစီသစ် တပ်မတော်အဖွဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိင်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိများက ယမန်နေ့က မြစ်ကြီးနားတွင် တွေ့ဆုံ ဆွေးနွေးလျက် ရှိကြောင်း သိရသည်၊၊
3:40 PM
ချောက်မြို့တွင် သံဃာများဆန္ဒပြ
သံဃာတော်များ ဆန္ဒပြပွဲများ ဖြစ်နေသော မကွေးတိုင်း အတွင်း ချောက်မြို့နယ်တွင်လည်း ယမန်နေ့က သံဃာတောအပါး ၃ဝ ခန့် ဆန္ဒပြ ခဲ့ကြသည်။
ရခိုင်မှာ တိုးမြှင့်လိုက်တဲ့ လုံခြုံရေး
စစ်တွေမြို့ပေါ်ရှိ ဘုရားကြီးနှင့် လောကနန္ဒာ ဘုရားကြီး အတွင်း၌ ရဲ၊ လုံထိန်းများ စောင့်ကြပ်လျှက် ရှိသည်ဟု သံဃာတော် တပါးက ပြောသည်။ ထူးခြားချက် တခုမှာ ဒေသ စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှူး သန်းထွန်းအောင် အမိန့်ဖြင့် ဆင့်ခေါ်သော လုံခြုံရေး စီမံချက် တွင် စစ်တွေမြို့ ဘုန်းကြီးကျောင်းများရှိ တာဝန်ခံ သံဃာတော်များကိုပါ ပူးတွဲ စောင့်ခိုင်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။
2:30 PM
စကုမှာ သံဃာတော်များ ကံဆောင်ရန် အသင့်ဖြစ်နေဟုပြော
မကွေးမြို့တိုင်း စကုမြို့နယ် သံဃာအပါး ၇ဝ ခန့်သည် ပတ္တနိက္ကုဇ္ဇန ကံဆောင်ရန် သဘောတူထားပြီး ဖြစ်နေသည်ဟု စကုမြို့နယ်မှ ဆရာတော် တပါးက ပြောသည်။
ပွင့်ဖြူမှာ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ ဖြိုခွင်းရန်အသင့်
“အခုကျနော်တို့ ပွင့်ဖြူမြို့မှာ အခြေအနေကတော့ တရပ်ကွက်ကို ၃၅ ယောက် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေကို ၃၅ ယောက် စုထားတယ် ။ တနေ့ကို ၁ဝဝဝ ကျပ်ငွေနှုန်း သူတို့ ငွေကြေးပေးတယ်။ အဲဒီမှာ အရေးအခင်း တခုခု ဖြစ်ခဲ့သည် ရှိသော် ပထမ တားရမယ်။ ဒုတိယ တွန်းရမယ်။ တတိယမှာ ရိုက်ရမယ် ဆိုပြီးတော့ တားမယ်၊ တွန်းမယ်၊ ရိုက်မယ်၊ ဆိုပြီးတော့ သူတို့ အမိန့်တွေ ထုတ်ထားတယ် ခင်ဗျာ။ မနေ့ ၁၆ ရက်နေ့က စထုတ်တယ်လို့ ပြောတယ်။ ငှားတဲ့လူတွေကလည်း ကြံ့ဖွတ်နဲ့ စွမ်းအားရှင်ထဲက လူတွေပဲ။” ဟု မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှ ဒေသခံ တဦးက ပြောသည်။
12:38 PM
ရန်ကုန် မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးတွေနဲ့ စည်ကားနေ
“မြို့တော်ခန်းမ ရှေ့မှာတော့ စစ်သားတွေရော၊ ရဲတွေရော၊ စွမ်းအားရှင်လို့ ထင်ရတဲ့ လူတွေ ၁ဝဝ နီးပါးလောက် ရှိတယ် စုစု၊ စုစုနဲ့ ရှိနေကြတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း အရပ်ဝတ် အဝတ်အစားတွေနဲ့၊ စောင့်နေတာတွေ ရှိတယ်။ အင်အားကတော့ ၄ဝ၊ ၅ဝ လောက်တော့ ရှိနိုင်တယ်။
12:36 PM
ကျောက်ပန်းတောင်းက လုံခြုံရေး ရဲတွေပဲ စောင့်ကြည့်နေ
“အခုရဲစန်းက ရဲတွေကတော့ နေရာအနှံ့မှာ ရောက်နေပါတယ်။ နေရာအနှံ့အပြန့်မှာ သူတို့ စောင့်ကြည့်နေတယ်။ သံဃာတွေ ကျောင်းအရှေ့ တည့်တည့်တော့ မနေရဲဘူး သိလား။ ကျောင်းရဲ့ ဝါးသုံးပြန်ကွာလောက်မှာ အကုန်လုံး စောင့်ကြည့် နေကြပါတယ်။ စစ်သား မပါပါဘူးခင်ဗျာ။ ရဲတွေ ပါတယ်၊ ကြံ့ဖွတ်တွေ ပါတယ်။ ပုံမှန် အခု ကျောင်းတိုက် နှစ်တိုက်ရဲ့ ဘေးမှာ ဝါးသုံးပြန်ကျော်လောက်မှာ အကုန်လုံး စောင့်ကြည့် နေကြတာပဲ။”
12:35 PM
ဆန္ဒပြရာတွင် ပါဝင်သော သံဃာတော်တပါး၏ မိန့်ကြားချက်။
“မြို့တော်ရှေ့ စာသင်တိုက်ကြီး နှစ်တိုင်ပေါင်း အခြား စာသင်တိုက် အသီးသီးက ပူးပေါင်း ပါဝင်လာတဲ့ သံဃာတော်များနှင့် တကွ သံဃာ အင်အား ၅ဝဝ ခန့်ပေါ့ မြို့ပေါ်ရှိ ဆုတောင်းပြည့် စေတီအတွင်းမှာ အထွေထွေ အကြပ်အတည်းဖြင့် ဆင်းရဲ ဒုက္ခ ရောက်နေကြတဲ့ ရဟန်းရှင် လူ ပြည်သူများအား ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန် မေတ္တာရှေ့ထား၍ ဦးပဉ္စင်းတို့ မေတ္တာသုတ် တရားတော်ကို ရွတ်ဖတ်ခဲ့ကြပါတယ်။ နောက်တခါ ငြိမ်းချမ်းစွာ ဆန္ဒပြပြီးတော့ အဖမ်းခံထားရတဲ့ ရဟန်းရှင် ပြည်သူများလည်း အမြန်ဆုံး အဖမ်းခံရတဲ့ နောက်အဖွဲ့တွေက လွတ်မြောက်စေရန် ရည်ရွယ်ပြီးတော့ ပရိတ် တရားတော်များလည်း ဦးပဉ္စင်းတို့ ရွက်ဖတ်ပူဇော်ခဲ့ကြပါတယ်။”
“ဦးပဉ္စင်း အထူး ပြောချင်တာကတော့ သူ့အယူဆ ကိုယ့်အယူဆ၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့ တဦးတယောက်ရဲ့ အယူအဆတွေကို ရှေ့တန်းတင်ပြီးတော့ နေကြမယ် ဆိုရင်တော့ လူသင်းကွဲ၊ သံဃာသင်း ကွဲပြီး မကြာမီ ဒုက္ခ သက်ရောက်လိမ့်မယ် ထင်ပါတယ်။ အဲဒီလို လူတွေလည်း မညီညွတ်ကြ၊ သံဃာတွေလည်း မညီညွတ်ကြဘူး ဆိုရင်တော့ မိမိတို့ မြန်မာပြည်ကြီးဟာ ဆင်းရဲတွင်း နက်သတဲ့ နက်ပါလိမ့်မယ် လို့ ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားတဲ့ မြန်မာနိုင်ငံရေး အနေနဲ့ ဘဝအလယ်မှာ အင်မတန်မှကိုပဲ ရှက်ဖွယ်ရာ ကောင်းတဲ့ ဖြစ်ရပ်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို ကမ္ဘာအလယ်မှာ သံဃာကို စော်ကားမှုကြီးတွေ နောက်နောင်အခါမှာ မဖြစ်ပေါ်ဖို့ရန် အတွက်ဟာလည်း လူတိုင်းမှာ တာဝန်ရှိတယ်၊ အလုပ် ဖြစ်ပါတယ်။ ဦးပဉ္စင်းတို့ မြန်မာပြည်သူများလည်းပဲ ပါဝင်ကြဖို့ အထူးပဲ ဦပဉ္စင်းတို့ တိုက်တွန်းချင်ပါတယ်။” ဟု သူက ထပ်ပြောသည်။
11:30 AM
ကျောက်ပန်းတောင်းတွင် သံဃာတော်များ ဆန္ဒပြ
ကျောက်ပန်းတောင်းတွင် သံဃာများ ဆန္ဒပြ
ကျောက်ပန်းတောင်းမြို့တွင် သံဃာတော် အပါး ၅ဝဝ ကျော်က ယနေ့ နံနက်တွင် ကုန်ဈေးနှုန်းများ ကျဆင်းရေးနှင့် နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြသည်။
“ပထမဦးဆုံး လမ်းတလျောက်မှာလည်း ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အပြုအမူ မဟုတ်တဲ့ အပြုအမူမျိုးဖြင့် စော်ကားခံရတဲ့ ပခုက္ကူ သံဃာများက နေပြီးတော့ စီးပွားရေး ကြပ်တည်းမှုကြောင့် ဒုက္ခ ရောက်နေကြတဲ့ ပြည်သူလူထုကို ဒုက္ခမှ လွတ်မြောက်ပေးရန် မေတ္တာ ပို့ပါတယ်။ ကုန်ဈေးနှုန်း တက်ခြင်းကြောင့် မခံမရပ်နိုင်ကြတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး အကျဉ်းသားများ ဒေါ်အောင်ဆန်း စုကြည်နဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ အပါအဝင် ရဟန်းရှင်လူ ပြည်သူလူထုတွေ လွတ်မြောက်နိုင်ဖို့ ဘုရားစာရွက်တွေ ဝေပါတယ်။ သူတို့ရဲ့ သင်ပြချက်တွေကတော့ မြန်မာပြည်တိုင်းမှာ ဦးထိပ်ထားရတဲ့ သာသနာတော်တွေကို နှောင်အခါမှာ ပေါ်ပေါက်မှု မဖြစ်စေရန် ဗုဒ္ဓဘာသာဝင် လူတိုင်းမှာ တာဝန်ရှိတယ်။ တခြား သံဃာတော်များကိုလည်း ပခုက္ကူ သံဃာတော်များနှင့် အတူ ပူးပေါင်း ပါဝင်ကြဖို့ လေးလေးနက်နက် တိုက်တွန်းချက်တွေ ပါပါတယ်။” ဟု ဒေသခံတဦးက ပြောသည်။
နံနက် ၆ နာရီမှစတင်သည့် ဆန္ဒပြပွဲသည် နောက်ပိုင်းတွင် သံဃာတော်အပါး ၁ဝဝဝ ခန့် အထိ ဖြစ်သွားပြီး တနာရီကျော် အကြာတွင် အေးချမ်းစွာ ပြီးဆုံးသွားသည်။
မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ ရဲမှုးနှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေးများ ဆန္ဒပြ သံဃာတန်းနောက်မှ တကောက်ကောက် လိုက်ပါခဲ့ကြသော်လည်း နှောက်ယှက်ခြင်း မရှိပေ။
နံဘေးမှ ကြည့်ရှုသူ ပြည်သူတချို့ “ငိုတောင်ငိုတယ်” ဟုဆိုကာ လူအများ၏ ထောက်ခံချက် အပြည့်အဝ ရသည်ဟု ဆိုသည်။
---------------------------------