Thursday, September 20, 2007

ပခုက္ကူ ဆန္ဒပြပွဲ အသေးစိတ်

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။

နေ့လည် တနာရီလောက်က စတယ်။ တနာရီခွဲလောက်ကျတော့ အတော်လေး ဖြစ်လာပြီပေါ့လေ။ မြို့အပြင် ရောက်လာပြီ။ ဘယ်ကနေ စထွက်တာလဲ ဆိုရင် သူတို့အားလုံး ညှိထားပြီးသားပဲ။ အချိန်ကိုက်ပေါ့လေ။ အစဉ်အားဖြင့်တော့ အနောက်တိုက်၊ အလယ်တိုက်၊ နောက် ဗောဓိမာန်တိုင် အလယ်ခေါင်ပေါ့၊ အဲဒီကနေ အရှေ့တိုက်၊ အားလုံးပေါင်း။ သံဃာ တော်တော် အင်အား များသွားတယ်။ ခန့်မှန်းချက် ကတော့ ၇ဝဝ ကျော်တယ်။

စုရပ် အနေနဲ့ကတော့ ဖြေးဖြေးချင်း လာခဲ့မယ်ပေါ့။ တိုက်တွေအားလုံး စုပြီးတော့။ ဟိုး အနောက်ဘက်ကနေ မြို့တောင်ဘက်ခြမ်း၊ တောင်ဘက်ခြမ်းကနေ ဟိုးအရှေ့တိုက်၊ မြောက်ဘက်ခြမ်း အတိုင်း ထွက်ပြီးမှ အနောက်တောင် ဒေါင့်မှာရှိတဲ့ သီဟိုဋ်ရှင်ဘုရား၊ ဒီမှာတော့ အထင်ကရ ဘုရားပေါ့၊ အကြီးဆုံး ဘုရားပေါ့။ အဲဒီမှာ ဘုရားဖူးပြီးတော့ အခုတော့ သူတို့အားလုံး ကျောင်းတွေထဲ ပြန်ရောက်ကြပါပြီ။

ဘုရားကို ဝတ်ချကြ၊ ရှစ်ခိုးကြပေါ့နော်။ လမ်းမှာတော့ မေတ္တာသုတ် ရွတ်ကြတယ်။ ဆောင်ပုဒ်တွေ ရွတ်တယ်။ သူတို့ ဒီနေ့ အဓိက ထားပြီးတော့ ပြောကြတာက ကဗျာတပုဒ်ကို အဓိက ထားတယ်။

သစ္စာဓိဋ္ဌာန်နဲ့ ဒို့ဆန္ဒ

ကိုယ်ကျိုးမပါ သာသနာနှင့်
မြန်မာတိုင်းကျိုး ဒို့မျှော်ကိုး၍
အားကိုးသစ္စာ ပို့မေတ္တာဖြင့်
သန်မာဆန္ဒ တို့များပြသည်
မုချအောင်ပွဲရစေသော်ဝ်။

ကဗျာကို လူတွေဆီတော့ ကမ်းတာ မတွေ့ဘူး ဒကာကြီး။ အဲဒါကို သူတို့ လမ်းပေါ်မှာလည်း ရွတ်ကြတယ်။ ဂါထာတွေလည်း ရွတ်ကြတယ်၊ အကုန်အစုံ ရွတ်တာပေါ့လေ။ ရှေ့မှာတော့ သာသနာ့ အလံကို ထောင်သွားတယ်ပေါ့လေ။

အနှောင့်အယှက်တွေ မရှိပါဘူး။ ဒီနေ့တော့ အားလုံး ကင်းကင်းရှင်းရှင်းပါပဲ ဒကာကြီး။ သူတို့ ဘေးမှာပဲ ကြည့်နေကြတယ်။ ရဲက ဝတ်စုံတွေ မပါဘူး၊ လူဝတ်တွေနဲ့ပေါ့။

နေ့လည် တနာရီလောက်က စလိုက်တာ အခုပဲ ရောက်ကြတယ် ဆိုတော့ကာ ၄ နာရီလောက်မှာ ပြန်ရောက်ကြတယ်၊ အားလုံး။

နောက်ကလိုက်ကြတာ နှစ်ထောင်ကျော်တယ်။ မြို့က တမြို့လုံးကို အကုန်လုံး ထွက်ကြည့်ကြတာပဲ။ အားပေးကြတယ်။

အခုဟာက တချို့ကတော့ သံဃာ ၈ဝဝ၊ ၉ဝဝ ရှိတယ်တောင် ခန့်မှန်းကြပါတယ်။ အခုဟာက တိုက်ကြီး ၄ တိုက်ကို အကုန်ပေါင်းလိုက်တာ ဒကာကြီး။ လူကလည်း နောက်ကနေ တော်တော်ကြီးကို အားပေးကြပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ခြေကျင် လျှောက်တဲ့သူတွေ။ တချို့ ကိုယ်တော်တွေက ဖိနပ်တောင် မစီးဘူး ဒကာကြီး။ နေပူနေတာ ထီးလည်း မဆောင်းဘူး။ တော်တော်တော့ ပင်ပန်းကြပါတယ် ကိုယ်တော်တွေ။ ချွေးတွေကို သီးနေတာပဲ။ ခရီးကလည်း တော်တော်ကို ရှည်တယ်၊ ဝေးတယ်။ တနာရီလောက်ကနေ ၄ နာရီလောက်အထိ လျှောက်တယ် ဆိုတော့လေ။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates