စက်တင်ဘာလ ၅ ရက်၊ ၂ဝဝ၇ ခုနှစ်။
မကြာသေးခင်က ပြီးစီးသွားခဲ့သော အမျိုးသား ညီလာခံတွင် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)က တင်သွင်းထားခဲ့သော အချက် ၁၉ ချက်ပါ တောင်းဆိုချက် ကိစ္စအတွက် မြန်မာ စစ်အစိုးရက ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် တဦးကို နေပြည်တော်သို့ ခေါ်ယူ ဆွေးနွေးခဲ့သည်။
ကချင်နှစ်ခြင်း အသင်းတော် အတွင်းရေးမှူးဟောင်း ဖြစ်သူ သင်းအုပ် ဆရာတော် ဆဘွဲဂျုံမ် ကို အဆိုပြုချက်များ ဆွေးနွေးရန်အတွက် နအဖ က ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်သို့ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် ခရီးစဉ်နှင့် ပတ်သက်ပြီး ဆရာ ဆဘွဲဂျုံမ်က မှန်ကန်ကြောင်း မဇ္ဈိမကို အတည်ပြု ပြောဆိုခဲ့ပြီး၊ သူက “ကေအိုင်အို တင်သွင်းခဲ့တဲ့ အချက် ၁၉ ချက်ပါ အဆိုပြုချက်ကို ကျနော်တို့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ ကျနော်က အဲဒီ သတင်းစကားကို လိုင်ဇာမှာရှိတဲ့ ကေအိုင်အို ရှိရာကို သယ်ဆောင်ခဲ့ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း သူက နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် နအဖ အရာရှိများ၏ အမည်ကို ထုတ်ဖော် ပြောဆိုခြင်း မပြုပါ။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ကေအိုင်အိုနှင့် မြန်မာ စစ်အစိုးရ ခေါင်းဆောင်များ အကြား အပစ်အခတ် ရပ်စဲရေး အတွက် အဓိက ကြားဝင် စေ့စပ်ခဲ့သူ ဖြစ်သည့် ဆရာ ဆဘွဲဂျုံမ်က နေပြည်တော် ခရီးစဉ် နောက်ပိုင်း သြဂုတ်လ ၁၇ ရက်နေ့တွင် ကေအိုင်အို ဌာနချုပ် တည်ရှိရာ တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ် အတွင်းရှိ လိုင်ဇာဒေသသို့ သွားရောက်ခဲ့သည်ဟု ပြောသည်။
ယခုတပတ်အတွင်း နေရပ်သို့ ပြန်လည် ရောက်ရှိလာကြသည့် ကေအိုင်အို၏ အမျိုးသား ညီလာခံသို့ တက်ရောက်သည့် ကိုယ်စားလှယ်များနှင့် သူသည် လိုင်ဇာသို့ သွားရောက်ကာ ကြားဝင် စေ့ပ်သူအဖြစ် ကေအိုင်အို အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ တိုးချဲ့ ပြုလုပ်သွားမည် ဖြစ်သည်ဟု သူက ပြောသည်။ “ကျနော်တို့ တောင်းဆိုထားတဲ့ အဆိုပြုချက် ၁၉ ချက်ကို စေ့စပ် ညှိနှိုင်းတဲ့ နည်းလမ်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ပြီး တောင်းဆိုမှာ ဖြစ်ပါတယ်” ဟု ဆရာ ဆဘွဲဂျုံမ်က ပြောသည်။
ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့သည် ပြီးခဲ့သည့် တနင်္လာနေ့က အဆုံးသတ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ဆိုင်ရာ ညီလာခံသို့ ဇူလိုင်လအတွင်းက ၁၉ ချက်ပါရှိသည့် အဆိုပြုချက်ကို တင်သွင်းခဲ့သည်။ သို့သော်လည်း နအဖ စစ်အစိုးရက ၎င်းကို မသိကျိုးကျွန် ပြုကာ ညီလာခံ အတွင်း၌ ထည့်သွင်း ဆွေးနွေးခြင်း မပြုလုပ်ခဲ့ပေ။