Monday, September 3, 2007

မောင်တောက အမာခံ ပြည်သူ့စစ်များကို အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းပေး

ငြိမ်းချမ်း (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

မကြာသေးခင်က ပြန်လည် ဖွဲ့စည်းလိုက်သော မောင်တောမြို့မှ ပြည်သူ့စစ်များကို သက်ဆိုင်ရာ ဒေသခံ စစ်တပ်မှ အဓိကရုဏ်း နှိမ်နင်းရေး သင်တန်း ပေးနေပြီ ဖြစ်သည်။

သင်တန်းကို သြဂုတ်လ ၂၉ ရက်နေ့က အရေးပေါ် ပြန်လည် ဖွဲ့စည်းလိုက်သော ပြည်သူ့စစ်များကို နယ်မြေခံတပ် ဖြစ်သည့် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကြီးကြပ်မှု ဌာနချုပ် (နစက) တွင် ၃ ရက်ကြာ သင်တန်း ပို့ချနေခြင်း ဖြစ်သည်။

“သင်တန်းမှာ ဆရာကြီးက ပြောပြတာကတော့ ဆန္ဒပြတဲ့လူတွေ အော်ရင် ကျနော်တို့ အဖွဲ့တွေကလည်း ခြိမ်းခြောက်တဲ့ သဘောနဲ့ သူတို့ထက် ပိုကျယ်အောင် အော်ရမယ်။ နောက်ပြီး လက်တွေ့ သင်တန်းမှာ ကျတော့ ဒိုင်းလို ပုံစံတခုနဲ့ တုတ်ကို လက်က ကိုင်ပြီးတော့ ဘယ်လိုရိုက်ရမယ် ဆိုတာမျိုးတွေ သင်ပေးတယ်” ဟု အမည်မဖော်လိုသူ သင်တန်းသား တဦးက မဇ္ဈိမကို ပြောသည်။

ယခုသင်တန်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ခြင်းဖြစ်ပြီး မောင်တောတွင် ဖွဲ့စည်းထားသော ပြည်သူ့စစ် အင်အားကို နှစ်သုတ်ခွဲကာ ပို့ချ သင်ကြားသွားမည်ဟု မောင်တောမြို့မှ ရယက ဥက� ဌ တဦးကလည်း ပြောပြသည်။

သူက “အခု သင်တန်းပေးနေတဲ့ လူတွေက မကြာသေးခင် နှစ်ရက်၊ သုံးရက်က ပြန်လိုက်တဲ့ အမာခံ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို သင်တန်း ပေးနေတာပါ။ မောင်တောမှာ ဆန္ဒပြပွဲတွေ ဖြစ်လာရင် ထိန်းနိုင်အောင်လို့ပါ” ဟု ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့က မောင်တောမြို့ပေါ်ရှိ ရပ်ကွက် ၉ ခုကို တရပ်ကွက်လျှင် အမာခံ ပြည်သူ့စစ် ၁၁ ဦးစီ ဖွဲ့စည်းခဲ့ပြီး ယခုလို စီစဉ်မှုသည် နယ်စပ် လုံခြုံရေးအတွက် ပြင်ဆင်မှု ဖြစ်သလို အခြား တဖက်တွင်လည်း မြို့အတွင်း အေးချမ်း သာယာရေး အတွက် ဖြစ်သည်ဟု နစက တပ်ဖွဲ့မှ တပ်ကြပ်တဦးက ပြောသည်။

မောင်တောမြို့နယ်အတွင်း အရေးကြီး နေရာများဖြစ်သော မီးစက်ကြီး၊ မြန်မာ့ ရေနံ ကော်ပိုရေးရှင်းရုံးနှင့် ဂိုဒေါင်များတွင် သြဂုတ်လ ၃ဝ ရက်နေ့မှ စတင်ကာ မောင်တောရဲများကို လုံခြုံရေး ချထားနေကြောင်း မောင်တောမှ ကိုသက်နိုင်ထွန်းက ပြောသည်။

သို့သော် မောင်တောမြို့တွင် ဆန္ဒပြမည့် အခြေအနေ မမြင်ရကြောင်း သူက ဆက်လက် ပြောသည်။

သူက “အခုလောလောဆယ် ကျနော်တို့ မြို့မှာ ဆန္ဒပြမယ့် အခြေအနေ မရှိသေးဘူး။ ပြည်သူတွေကတော့ အေးအေးဆေးဆေးပဲ။ ရေဒီယိုကိုပဲ အဓိက အာရုံစိုက် နားစွင့်နေကြတယ်” ဟု ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates