စက်တင်ဘာ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်ရင်းမှူးတဦးကို လာဘ်စားသည်ဆိုသော စွပ်စွဲချက်များဖြင့် ဖမ်းဆီး ထိန်းသိမ်းပြီး တပ်တွင်း စစ်ဆေးနေကြောင်း စစ်ဘက်သတင်း ရပ်ကွက် အရ သိရသည်။
လားရှိုးမြို့ အခြေစိုက် နမခ ကွပ်ကဲမှု နယ်မြေအတွင်းရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မြို့နယ်ခွဲတွင် အခြေပြု လှုပ်ရှားနေသည့် အမှတ်(၁၂၃) ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ကြည်အောင်ကို ကွတ်ခိုင် ဗျူဟာမှူး ဗိုလ်မှူးကြီး စံရွှေသာ ဦးဆောင်သည့် အဖွဲ့မှ ယခုလ ၂ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ယခုအခါတွင် လာရှိုးမြို့ရှိ တိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။
လာဘ်စားသည် ဆိုသော တိုင်တန်းမှုများ ရှိနေခဲ့ခြင်း အပေါ် အခြေခံကာ ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ခလရ ၂၃ တပ်ရင်း သတင်း ရပ်ကွက်အရ သိရသည်။ တပ်ရင်းမှူးပိုင် ပစ္စည်းများကိုလည်း လိုက်လံ သိမ်းဆည်းနေသည်။
တိုင်တန်းမှု တခုတွင် မေလကုန်ပိုင်းက တာမိုးညဲ မြို့နယ် မုံးစီးဒေသတွင် ကချင် အမျိုးသား ကာကွယ်ရေး တပ်မတော်(ခေါ်) KDA အဖွဲ့ စီးပွားရေး တာဝန်ခံနှင့် အဖွဲ့ဝင်များထံမှ မူးယစ်ဆေးဝါး မျိုးစုံ ဖမ်းဆီးရမိမှုတွင် လာဘ်ငွေများ ရယူခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးသူ ဗျူဟာမှူး ဗိုလ်မှူးကြီး စံရွှေသာသည် ၂ဝဝ၁ ခုနှစ်ကတည်းက တာဝန် ကျနေသူ ဖြစ်ပြီး ယခင် နယ်စပ်ဒေသ ကွပ်ကဲမှု အဖွဲ့များ၏ လာဘ်စားမှုများကို ဖော်ထုတ်ပေးရာတွင် အဓိက ပါဝင်ခဲ့သူ ဖြစ်သည်။ ဗိုလ်မှူးကြီး စံရွှေသာသည် ပြိုင်ဘက်များကို အပြတ် ရှင်းပစ်လေ့ ရှိသူဟု နာမည် ကျော်ကြားသော်လည်း ယခု တပ်ရင်းမှူးကို ဖမ်းဆီးသည့် ကိစ္စမှာမူ တိုင်တန်းမှုများကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။