Saturday, September 1, 2007

မြစ်ကြီးနားတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်အင်အား တိုးချဲ့နေပြီ

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
သြဂုတ်လ ၃၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် အာဏာပိုင်များမှ အရန်မီးသတ် တပ်အသစ်များကို စစ်သင်တန်းများ ယခုလ ၂၇ ရက်နေ့မှ စတင်ကာ သင်တန်းများ ပေးနေကြောင်း သိရသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်မှ တအိမ်ထောင်လျှင် တဦးကျနှုန်း မီးသတ်တပ်ဖွဲ့အတွင်း မဝင်မနေရ အမိန့်ကို မြို့နယ် မယက ရုံးသို့ ပြီးခဲ့သည့် ရက်သတ္တပတ်ထဲတွင် ပေးပို့လိုက်သဖြင့် ရပ်ကွက်လူကြီးများနှင့် ဆယ်အိမ်မှူးများက ယခု ရက်ပိုင်းအတွင်း နာမည်စာရင်းများ လိုက်ကောက်ကာ အချို့ကို စတင်၍ သင်တန်းပေးနေပြီ ဖြစ်သည်။

မြစ်ကြီးနားရှိ မြို့မ၊ ယုဇန၊ မြေမြင့်၊ မြို့သစ်ကြီး၊ ဒူကထောင်၊ တပ်ကုန်း၊ ဂျန်မိုင်ကောင်း၊ စီတာပူ ရပ်ကွက် စသည့် ရပ်ကွက်များတွင် အရန်မီးသတ် အင်အားကို ဖွဲ့စည်းနေခြင်းဖြစ်ကာ အချို့အိမ်များတွင် လူလတ်ပိုင်း ယောက်ျား မရှိလျှင် အိမ်ကျော်၍ လိုက်လံ ကောက်ခံနေခြင်းလည်း ဖြစ်သည်။

“ဖွဲ့တယ်။ ရပ်ကွက်တိုင်း ဖွဲ့တယ်။ မနက်တိုင်း လေ့ကျင့်ခန်း လုပ်ရတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ်သွားရတယ်။ သူတို့ပြောတယ် အရန်မီးသတ် တပ်ရင်း ဖွဲ့မယ်လို့ ပြောတယ်” ဟု မြစ်ကြီးနား ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

မိမိ၏ ရပ်ကွက်အတွင်းရှိ ဘော်လုံးကွင်းများ၊ ကျယ်ပြန့်သည့် ကွင်းပြင်များတွင် လေ့ကျင့်ခန်းများ ပြုလုပ်နေကာ အရန်မီးသတ်ဝင်များက လူသစ်များကို အခြေခံ မီးသတ် သင်တန်းပေးသလို၊ အခြေခံ စစ်သင်တန်းကိုပါ သင်ကြားနေသည်ဟု အမည်မဖော်လိုသူ ရပ်ကွက်လူကြီး တဦးက ပြောပြသည်။

သင်တန်းကာလကို ၁၂ ရက် သတ်မှတ်ထားပြီး၊ နောက်ပိုင်းတွင် လက်နက်ကိုင် သင်တန်း ပြန်ပေးမည် ဖြစ်ကြောင်းနှင့် ယခုအခါ သင်တန်းတက်သူ ဦးရေ ၁ဝဝ ကျော်နေကြောင်း သိရသည်။

“ဘာကြောင့် ဖွဲ့တယ် ဆိုတာကတော့ ကျနော်တို့ မသိဘူး။ ကျနော်ကတော့ ကိုယ့်ရပ်ကွက်အတွက် ရပ်ကွက်အကျိုး အလုပ်လုပ်တာပါ။ အရင်ကတော့ ကျနော်တို့ ရပ်ကွက်မှာ ၅ ယောက်၊ ၆ ယောက်လောက်ပဲ ရှိတယ်။ အခုတော့ တအိမ်တယောက် ဆိုရင်လည်း ၂ဝ ယောက်လောက် ရှိတယ်။ ဘယ်လိုဆက်လုပ်မယ် ဆိုတာ မပြောနိုင်သေးဘူး။ မှန်မှန်ကန်ကန်၊ တိတိကျကျ မပြောနိုင်သေးလို့ ကျနော် မပြောတာပါ” ဟု ဒူကထောင် ရပ်ကွက်နေ အရန် မီးသတ်ဝင်ဟောင်း တဦးက မဇ္ဈိမကို ပြောသည်။

ယခု သတ်မှတ်လိုက်သော ရပ်ကွက်များသည် တရပ်ကွက်လျှင် အနည်းဆုံး အိမ်ထောင်စု ၄ဝဝ ကျော် ရှိသည်ဟု စီတာပူ ရပ်ကွက်နေသူများ အဆိုအရ သိရသည်။

ဒူကထောင် ရပ်ကွက်မှ လူငယ်တဦးက “ခုလို သူတို့တွေ မီးသတ်ဖွဲ့တာက စစ်အစိုးရ အာဏာပိုင်တွေကို ထောက်ခံအားပေးဖို့ လူအင်အား စုဆောင်းနေတာ၊ အဆင်သင့် လုပ်နေတာပါ” ဟု ဝေဖန် သုံးသပ်သည်။

တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့်သည် ပြီးခဲ့သည့် တပတ်က မြစ်ကြီးနား တက္ကသိုလ်သို့ မကြာခဏ လာရောက်ကာ ကျောင်းသားများကို မည်သည့် အဖွဲ့အစည်းတွင်မှ မပါဝင်ရန် ပြောဆို မှာကြားခဲ့သည် ဟုလည်း တက္ကသိုလ် ကျောင်းသားတဦးက ပြောပြသည်။

သည့်အပြင် တိုင်းမှူး အမိန့်အရ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် စသည့် မြို့များတွင် စစ်သားများ စုဆောင်းကာ နေပြည်တော်သို့ စစ်သင်တန်း တက်ရန် ပို့ဆောင် နေသည်ဟုလည်း ဖားကန့် ဒေသခံ တဦးက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates