ရွှေရာသီကုမ္မဏီ ၏ ရေနံထုတ်လုပ်ခွင့် ပါမစ်ပိတ်သိမ်းခံရမှုမှာ တစ်ဖက်သက်ဖြစ်ဟုဆို

စောဇင်ညီ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၇ မိနစ်

ရန်ကုန်(မဇ္ဈိမ)။      ။ မကွေးတိုင်းဒေသကြီး သရက်မြို့ ပိတောက်ပင်ကျေးရွာရှိ ရေနံတွင်းများ တူးဖော်ခြင်း လုပ်ကိုင်နေသည့်  ရွှေရာသီကုမ္မဏီ၏ ရေနံထုတ်လုပ်ခွင့် ပါမစ်ပိတ်သိမ်းခံရခြင်းသည် တစ်ဖက်သက်
ဖြစ်နေကြောင်း အဆိုပါ ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ကျွန်တော်တို့ မြို့ နယ်ကော ခရိုင်ကော မီးသတ်ဦးစီးဌာနရဲ့ ကြီးကြပ်မှုတွေအရ လုပ်ဆောင်နေတာပါ။ ဒီလိုကြီးဖြစ်သွားတယ်ဆိုတော့  တစ်ဖက်သတ် ဖြစ်သွားတယ်လို့  ထင်ပါတယ်။” ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင်ဒေသရှိ ရေနံလုပ်ကွက်၌ လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိ ထားသော ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ)သည် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် စီမံချက်များ စနစ်တကျ ကြိုတင်ဆောင်ရွက် ထားရှိရန် သတ်မှတ် ထားသော်လည်း အဆိုပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှု မရှိသည့်အတွက် ၇-၂-၂၀၁၃ ရက်နေ့မှ စတင်၍ ရေနံလက်ယက် တွင်းတိမ်များ ရှာဖွေ တူးဖော်ထုတ်လုပ်ခွင့်ပြုမိန့်အား ရုပ်သိမ်းခဲ့သည်ပာု စွမ်းအင်ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်နေ့  နေ့ စွဲဖြင့်  ထုတ်ပြန်ကြေညာထားသည်။

ထိုကြေညာချက်အပေါ် ရွှေရာသီ ကုမ္မဏီ အနေဖြင့် စည်းကမ်းဖောက်ဖျက်မှု မရှိခဲ့ကြောင်း မီးလောင်မှုများ သည်လည်း မတော်တဆများသာဖြစ်ကြောင်း ပာုဆိုသည်။

“မှော်တိုင်းမှာ မီးလောင်မှုတွေက ခဏခဏဖြစ်တက်ပါတယ်။” ပာု ရွှေရာသီ ကုမ္မဏီမှ မှတ်ချက်ပြု
ပြောကြားသည်။

ရွှေရာသီကုမ္မဏီပိုင် ပိတောင်ပင် ရေနံလုပ်ကွက်များအတွင်း မီးလောင်မှုများသည် ဇွန်လမှ ဖေဖော်ဝါရီလ အထိ မီးလောင်မှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သရက်မြို့ ဒေသခံများထံမှ သိရသည်။

“မီးလောင်မှုတွေဖြစ်တာက ကုမ္မဏီဘက်က ဆီပေပါတွေ သိမ်းတဲ့စနစ် အဆင်မပြေလို့ပါ။” ပာု ပိတောက်မြေ
ရေနံလုပ်ကွက်တစ်ခုအား အဌားလုပ်ကိုင်နေသူ ဦးမျိုးသန်းထွန်း က ပြောသည်။

အဆိုပါလုပ်ကွက်များအတွင်း မီးလောင်မှုများဖြစ်ပွားခြင်းသည် ရေနံထုတ်လုပ်ရာတွင် တွင်းမှ ရေနံဆွဲထုတ် ရသည့် ရေနံဆွဲသည့် ကြေးနန်းကြိုး အချင်းချင်း ပူးကပ်၍ မီးတောက်ကာ မီးလောင်မှု ဖြစ်ပွားခြင်းများ
ဖြစ်ပေါ်ကြောင်း  ပိတောက်မြေရေနံလုပ်သားများထံမှ သိရသည်။

အဆိုပါ ရွှေရာသီ ကုမ္မဏီသို့  ပါမစ်ပိတ်သိမ်းသည့် ကိစ္စနှင့် ပတ်သတ်၍ စွမ်းအင်ဝန်ကြီးဌာနအား ဖုန်းဖြင့် ဆက်သွယ်ရာ အဆက်အသွယ်မရခဲ့ပေ။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး