Monday, January 21, 2013

Samsung ကုမ္ပဏီ မြန်မာပြည်တွင် စက်ရုံဆောက်ရန် မရှိသေး

တင်ဇာအောင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၂၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ Samsung ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် စက်ရုံ
ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လာရောက် တင်ပြထားခြင်း မရှိသေးကြောင်း သိရသည်။

“ကျမတို့ဆီမှာ အခုချိန်ထိ ခွင့်ပြုမိန့် ချပေးတဲ့အထဲမှာ Samsung မပါသေးပါဘူး” ဟု မြန်မာ့ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်မှ ညွှန်ကြားရေးမှူး ဒေါ်ခင်လေးတင့် က ပြောသည်။

ထို့အပြင် Samsung ကုမ္ပဏီ၏ မြန်မာနိုင်ငံ ရုံးခွဲမှ တာဝန်ရှိသူတဦးကလည်း “ကျနော်တို့ အနေနဲ့တော့ စက်ရုံ လာဆောက်မယ်ဆိုတာ မသိသေးပါဘူး။ ကျနော်တို့ ဘက်ကိုလည်း ဘာမှ ညွှန်ကြားချက် မလာသေးပါဘူး” ဟု ပြောသည်။

Samsung ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် စက်ရုံလာဆောက်၍ ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်မည်ဟု
ပြည်တွင်းထုတ် ဂျာနယ်တစောင်တွင် ဖော်ပြထားသည်။

Samsung သည် ကမ္ဘာကျော် အီလက်ထရောနစ် ကုမ္ပဏီကြီး ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အိမ်အသုံး
အဆောင် ပစ္စည်းများအပြင် မိုဘိုင်းဖုန်းများလည်း ပြည်တွင်းတွင် တရားဝင် ဖြန့်ဖြူးရောင်းချရန် ကုမ္ပဏီများကို ခန့်အပ်ထားရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates