Monday, January 21, 2013

အခေါက်ရွှေ ဝယ်လိုအား လိုက်လာ၍ ဈေးပြန်မြင့်လာ

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၂၅ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန် အခေါက်ရွှေ ဈေးကွက်အတွင်း ဝယ်လိုအား လိုက်လာသဖြင့် ရွှေဈေးနှုန်းများ
ပြန်လည် မြင့်တက်လာကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

“ဒီတပတ် ဇန်နဝါရီ ၁၄ ရက်ကနေ ၁၇ ရက်အတွင်းမှာ အခေါက်ရွှေ ဝယ်လိုအား မြင့်တက်လာတဲ့အတွက်
ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်တွင် ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၆၂,၂၀၀ ကျပ်နှင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၇၆၅,၅၀၀ ဖြင့် ဈေးပိတ်ခဲ့ကာ ပြည်ပရွှေဈေးမှာ ၁ အောင်စလျှင် ၁,၆၆၄.၅
ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၆၇၄ ဒေါ်လာတွင် ရှိနေသည်။

ဇန်နဝါရီ ၁၅ ရက်တွင် ပြည်ပရွှေဈေး ၁ အောင်စလျှင် ၁,၆၇၁ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၆၈၀ ဒေါ်လာဖြင့် ရှိနေသည်။ ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၆၄,၇၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၇၆၇,၅၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

“ဇန်နဝါရီ ၁၆ ရက်မှာ ပြည်ပရွှေဈေး ၁ အောင်စကို ၁,၆၈၂.၅ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး ညနေမှာ ၁,၆၇၈
ဒေါ်လာဈေး ရှိနေခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးကျတော့ ၁ ကျပ်သား ၇၆၈,၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး ညနေမှာ ၇၆၆,၃၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ၁၈ ရက်မှာတော့ ပြည်ပမှာ ၁,၆၇၈ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး ညနေမှာ ၁,၆၈၀ ဒေါ်လာနဲ့ ရှိနေခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးလည်း ၇၆၆,၃၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး ညနေမှာ ၇၆၇,၀၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့ပါတယ်” ဟု ရွှေကုန်သည် ဦးလှဝင်း က ပြောသည်။

“ဒီအပတ်ထဲမှာ နယ်စပ်က ဝင်မရ ထွက်မရ အနေအထား ရှိနေတယ်။ နယ်စပ်ဘက်ကို ထွက်မရ အနေအထားမျိုးဆိုရင် ရန်ကုန်နဲ့ မန္တလေး ဈေးကွက်မှာ ရွှေတွေ အိုင်နေရမှာ။ လက်ရှိ အခြေအနေက
ရောင်းအားနဲ့ ဝယ်အား မျှနေတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအနေအထားတွင် နယ်စပ်နှင့် ချိတ်ဆက်မှု ရှိခဲ့သည့် လက်ကြီးကုန်သည်အချို့မှာ လွန်ခဲ့သည့် သီတင်းနှစ်ပတ် သုံးပတ်ခန့်က လုပ်ငန်းလက်ကျန်များအတွက် အလုပ်လုပ်နေမှု ရှိနေသည်ဟုဆိုသည်။

“နယ်စပ်နဲ့ ချိတ်ဆက်နေသူ လိုင်းသမားတွေ ဝင်လို့မရ ထွက်လို့မရ အနေအထားမှာ လက်ထဲမှာ ရှိတဲ့ ငွေတွေ မပျောက်ပျက်အောင် ပြန်ဖြည့်တဲ့ အနေအထား ရှိတယ်။ ဒါကြောင့် ဈေးကွက်မှာ အခေါက်ရွှေ ဝယ်လိုအား ရှိနေပါတယ်” ဟု လသာမြို့နယ်နေ ရွှေကုန်သည် တဦးက ပြောသည်။

ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်အထိ ပြည်တွင်း အခေါက်ရွှေဈေးများမှာ အမြင့်ဆုံး ကျပ် ၇၆၇,၀၀၀ နှင့် အနိမ့်ဆုံး ကျပ် ၇၅၇,၃၀၀ ဖြစ်ခဲ့ပြီး ပြည်ပရွှေဈေးမှာ အနိမ့်ဆုံး ၁,၆၄၄ ဒေါ်လာနှင့် အမြင့်ဆုံး ၁,၆၇၂
ဒေါ်လာ ဖြစ်ခဲ့ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates