Wednesday, January 23, 2013

လဂျားယန်ဒေသအတွင်း အစိုးရ စစ်အင်အား တိုးမြင့်လာဟု KIA နှင့် ကျောင်းသားတပ် ပြော

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၂၂ မိနစ်

ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရ၏ တပ်စိုက်ထားရာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာ အထက်ပိုင်း လိုင်ဇာဌာနချုပ် အနီး လဝါယန်နှင့် ခရာဘွမ် ဒေသသို့ တပ်အင်အား တိုးမြင့်မှုများ ရှိနေသည်ဟု
ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF က ပြောသည်။

ဗန်းမော် လမ်းကြောင်းမှ စစ်ကားများဖြင့် ချီတက်လာနေခြင်းဖြစ်သည်ဟု ကျောင်းသားတပ် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေး က ဆိုသည်။

“သူတို့ ဗန်းမော်ဘက်ကနေ ကား ၂၆ စီး တောက်လျှောက်တက်လာတယ်။ အတိအကျတော့ မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။

လဂျားယန်ဒေသအတွင်း ခရာဘွမ်တောင်ခြေဘက် လက်နက်ကြီး ပစ်ခတ်မှု အနည်းငယ်ရှိနေပြီး ညနေပိုင်းတွင် တိုက်ခိုက်မှုများ မရှိဘဲ ငြိမ်နေသည်ဟု ၎င်းက ဆိုသည်။ 

လဝါယန်နှင့် ခရာဘွမ် အနောက်ဘက် တောင်ခြေနှင့် မဒီးယန်နှင့် အောင်ဂျာယန်ကျေးရွာများတွင် ယနေ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟုလည်း ကချင်လွတ်လပ်ရေးတပ် KIA ရှေ့တန်းမှ တပ်ဖွဲ့ဝင် တဦးက ပြောသည်။

“အခုလည်း ပစ်နေတုန်းကပဲ။ ဒီနေရာတွေမှာက သုံးရက်ဆက်တိုက်ရှိပြီ။ ဒီမနက်က နားချိန်တောင် မရှိဘူး။ ခန နားနားပြီး ပြန်တိုက် ဖြစ်နေတယ်။ ခရာဘွမ်အရှေ့ဘက်မှာပဲ ပစ်နေတယ်။ မနေ့ည လဂျာယန်မှာ စစ်ကားတွေ ထပ်ရောက်တယ်” ဟု လဝါယန်ကျေးရွာတွင် ရောက်ရှိနေသော KIA ရဲဘော်က ပြောသည်။ 

လဂျားယန်ကျေးရွာတွင် အစိုးရစစ်တပ်အင်အင်း ဖြည့်တင်းထားမှုများ ရှိသည်ဟု သိရကြောင်း သူက မဇ္စျိမကို ပြောသည်။ လေယာဉ်တစင်း လာရောက် ပျံသန်းမှုရှိသော်လည်း ပစ်ခတ်သွားခြင်း မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။ 

နေပြည်တော် အစိုးရက လဂျားယန်ဒေသအား ပစ်ခတ်မှု ရပ်ဆိုင်းရန် ညွန်ကြားပြီး လိုင်ဇာမြို့အား သိမ်းပိုက်မည် မဟုတ်ကြောင်း ပြောဆိုနေသော်လည်း လိုင်ဇာမြို့မှ ၆ မိုင်အကွာရှိ ဒေသများအတွင် အစိုးရဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ယနေ့ရှိနေသလို၊ အင်အား ဖြည့်တင်းမှု ရှိနေကြောင်း KIA နှင့် ကျောင်းသားတပ်တို့က ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates