Thursday, January 17, 2013

မွန်အမျိုးသားနေ့ ကျင်းပရေး ဦးစီးကော်မတီတွင် ပြည်နယ်အစိုးရ မပါဝင်တော့

ကွန်းချမ်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်

စံခလပူရီ (မဇ္ဈိမ)။   ။ မွန်အမျိုးသားနေ့ ကျင်းပရာတွင် မွန်ပြည်နယ် အစိုးရအဖွဲ့က ဦးစီးကော်မတီဝင်များ အဖြစ် ပါဝင်တော့မည် မဟုတ်ကြောင်း ကျင်းပရေး ကော်မတီဝင်များကို ဗုဒ္ဓဟူးနေ့တွင် ပြည်နယ် အစိုးရရုံးသို့ ခေါ်ယူတွေ့ဆုံကာ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်မည့် ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရာတွင်
ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင် လေးဦးကို ဦးစီးကော်မတီတွင် ထည့်သွင်းပေးရန် ဇန်နဝါရီလ ၇ ရက်နေ့က အဆိုပြုခဲ့ပြီးနောက် ယင်းအဆိုကို ပြန်လည် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“၁၅ မိနစ်လောက်ပဲ ကျနော်တို့နဲ့ စကားပြောဖြစ်တယ်။ ဒေါက်တာမင်းနွယ်စိုးက ဝန်ကြီး မှတ်ချက် ဆိုပြီး ဖတ်ပြတယ်။ အကျဉ်းချုပ် ပြောရရင် ဗဟိုဦးစီး ကော်မတီမှာ သူတို့ မပါတော့ဘူး။ အခမ်းအနားကိုပဲ လာတော့မယ်။ အခမ်းအနား တက်ရင် ဝန်ကြီး အဆောင်အယောင်တွေနဲ့ လိုက်ဖက်အောင် စီစဉ်ပေးဖို့ ဒီလောက်ပဲ ပြောတယ်” ဟု ကျင်းပရေးကော်မတီ ဆက်ဆံရေး တာဝန်ခံ ဒေါက်တာမင်းစိုးလင်း က ပြောသည်။

ပြည်နယ် အစိုးရ၏ ယခင်အဆိုပြုချက်အရ ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ တို့အား နာယကများ အဖြစ်လည်းကောင်း၊ ပြည်နယ် ဝန်ကြီးများ ဖြစ်ကြသည့်
ဒေါက်တာမင်းနွယ်စိုးနှင့် ဒေါက်တာ ခင်မောင်သွင် တို့အား ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများ အဖြစ်လည်းကောင်း ကျင်းပရေး ကော်မတီတွင် ထည့်သွင်းပေးရန် ဖြစ်သည်။

ကော်မတီ စတင်ဖွဲ့စည်းစဉ်ကပင် ပြည်နယ် အစိုးရထံသို့ တင်ပြခဲ့သော်လည်း ပြည်နယ် အစိုးရ အနေနှင့် ပါဝင်ခဲ့ခြင်း မရှိဘဲ ၎င်းတို့၏ လုပ်ငန်း ၆၀ ရာနှုန်း ပြီးစီးသည့်အချိန်တွင်မှ ဦးစီးကော်မတီအနေနှင့် ပါဝင်လာမည်ကို ကျင်းပရေးကော်မတီက လိုလားခြင်း မရှိဟု ဆိုသည်။

“ကျနော်တို့ ကျင်းပရေး ကော်မတီကို အများဆန္ဒနဲ့ ရွေးပြီး ဖွဲ့ထားတာ။ အများဆန္ဒ မပါဘဲ ဦးစီး
ကော်မတီအနေနဲ့ ပါချင်တာကလည်း မဖြစ်သင့်ဘူး။ ဒီမိုကရေစီ ခေတ်ပြောင်းကာလမှာ ဒါဟာ ပိုပြီး မဖြစ်သင့်ဘူး” ဟု ကော်မတီ ဥက္ကဋ္ဌ နိုင်တင်အောင် က ပြောသည်။

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ကျင်းပမည့် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားသို့ ပြည်နယ် အစိုးရအနေနှင့် တက်ရောက်မည် မဟုတ်တော့ဘဲ မော်လမြိုင်မြို့တွင် ကျင်းပမည့် မြို့နယ် အခမ်းအနားသို့သာ တက်ရောက်လိမ့်မည်ဖြစ်ကြောင်းပြီး ပြည်နယ် အစိုးရ၏ သဝဏ်လွှာကိုမူ ကျင်းပရာ မြို့နယ်တိုင်းသို့
ပေးပို့သွားမည်ဟု ဒေါက်တာ မင်းနွယ်စိုး က ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်းပြင် မော်လမြိုင်မြို့နယ် မွန်အမျိုးသားနေ့ အခမ်းအနားကို ပြည်နယ်ခန်းမတွင် ကျင်းပလိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုး က ဆိုသော်လည်း ကျင်းပရေး ကော်မတီအနေနှင့် Sunshine Villa ဟိုတယ်တွင် ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates