မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၄၂ မိနစ်
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အပစ်အခတ် ရပ်စဲရေးအတွက် အင်ဂျန်းယန် မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှ အရေးကြီးအဆိုကို ယနေ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။
ကချင်အရေးနှင့် ပတ်သတ်ပြီး ယခုကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးတွင် ဒုတိယကြိမ်မြောက် တင်သွင်းခြင်းဖြစ်သည်။ ယခင် သီတင်းပတ်က မြစ်ကြီးနား ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မှ ပထမအကြိမ် တင်သွင်းခဲ့ပြီးဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျှက်ရှိသည့် ကေအိုင်အို၊
ကေအိုင်အေနှင့် အစိုးရတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှုများအား ချက်ချင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးစတင် ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့ အစည်းများနှင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြု
ရေးဆိုသည့် အရေးကြီး အဆိုဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ၀ဘ်ဆိုက်တွင် ဖော်ပြပါရှိသည်။
မကြာခင်က ဖြစ်ပွားနေသော ကချင်ဒေသစစ်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့နှင့် စစ်ဘေးတိမ်းရှောင်နေသည့် ဒုက္ခသည်များကြောင့် ကချင်ပြည်သူများနှင့် မြန်မာနိုင်ငံတ၀ှမ်းလုံး စိတ်စိုးရိမ်မှုများ ရှိနေပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အပြင် ဒီမိုကရေစီလမ်းကြောင်းကိုပါ အနှောက်အယှက်
ဖြစ်စေနိုင်သဖြင့် အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပြည်သူနှင့် လက်တွဲပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည့် အရေးကြီးအဆိုဖြစ်သည်။
အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူ တင်သွင်းသော အဆိုအား ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်ဟု သိရသည်။