Saturday, January 19, 2013

နေပြည်တော် အိမ်ခြံမြေ နေရာကွက်၍ အရောင်းအဝယ် ဆက်ဖြစ်

ခင်မျိုးသွယ် | စနေနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၀၇ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ နေရာအလိုက် ကွက်၍ အရောင်းအဝယ်များ ဆက်ဖြစ်နေကြောင်း သိရသည်။

“နေပြည်တော် အိမ်ခြံမြေ ဈေးကွက်ကြီး တခုလုံး အနေနဲ့ဆိုရင် ဈေးကွက် အေးပါတယ်။ နေရာကွက် အရောင်းအဝယ် ဖြစ်နေတာတွေကတော့ ရှိတယ်။ ရာဇဌာနီ လမ်းမကြီး အနီးပတ်ဝန်းကျင်က မြေကွက်တွေ အရောင်းအဝယ် ဆက်ဖြစ်နေတယ်” ဟု နေပြည်တော်ရှိ နှင်းထက်နိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ လုပ်ငန်းရှင် ဦးဝင်းနိုင်ထွန်း က ပြောသည်။

ရာဇဌာနီ အနီးပတ်ဝန်းကျင်ရှိ မြေကွက်များမှာ အဝေးပြေးကားကွင်း၊ လေယာဉ်ကွင်း၊ အစိုးရ ဝန်ကြီးဌာန များတို့နှင့် နီးခြင်း၊ သွားရေးလာရေး လွယ်ကူခြင်း၊ စည်ကားပြီးသား လူနေရပ်ကွက် ဖြစ်ခြင်း စသည့် အချက်များကြောင့် ဝယ်လိုသူ များနေခြင်းဖြစ်သည်ဟု ဆိုသည်။

“မနှစ်က ကျပ်သိန်း ၃,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့တဲ့ ရာဇဌာနီ လမ်းမကြီးပေါ်က ပေ ၄၀× ပေ ၆၀ အကွက်အချို့ ကျပ်သိန်း ၁,၈၀၀၊ ၂,၀၀၀၊ ၂,၂၀၀၊ ၂,၅၀၀ တွေနဲ့ အရောင်းအဝယ် တည့်သွားကြတယ်။ လမ်းမကြီးပေါ်က ပေ ၈၀× ပေ ၆၀ မြေကွက် တကွက်ကတော့ ကျပ်သိန်း ၄,၀၀၀ နဲ့  အရောင်းအဝယ်
ဖြစ်ခဲ့ပါတယ်” ဟု နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ ဦးလှဌေး က ပြောသည်။

ထို့အပြင် ရာဇဌာနီ လမ်းမကြီး အနီးရှိ  ၈ လမ်း၊ ၉ လမ်း၊ ၂၂ လမ်း နှင့် ၂၃ လမ်း စသည့် လမ်းသွယ်များရှိ
မြေကွက်များမှာလည်း ယခင် လများက ကျပ်သိန်း ၄၀၀ ခန့်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုအခါ
ဈေးအနည်းငယ်မြင့်ကာ ကျပ်သိန်း ၅၅၀ ဝန်းကျင်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေမှုများ ရှိနေသည်။

“ပြီးခဲ့တဲ့ လက အရောင်းအဝယ်လိုက်ခဲ့တဲ့ အဝေးပြေး လမ်းမကြီးပေါ်က ဥယျာဉ်ခြံ မြေကွက် တွေတော့ အရောင်းအဝယ် အေးသွားပါတယ်။ ဒီမြေကွက်တွေကျတော့ လက်ဆင့်ကမ်း အရောင်းအဝယ်ဖြစ်ခဲ့တာ ပိုင်ရှင် နှစ်လက် သုံးလက် ပြောင်းပြီးနေတဲ့ အနေအထား ဖြစ်သွားတာကြောင့်ပါ” ဟု ဦးလှဌေး က ဆိုသည်။

လက်ရှိ နေပြည်တော် ဥယျာဉ်မြေများအား ဝယ်ယူထားသူများက သီးပင် စားပင်များ စိုက်ပျိုးလျက်ရှိနေပြီး
ရောင်းချရန်အတွက် ခေါ်ဈေး မြှင့်တင်ထားကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates