Friday, December 21, 2012

KNU ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အား တင်မြှောက်လိုက်

ဖနိဒါ | သောကြာနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၇ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။         ။ ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အား ၁၅ ကြိမ်မြောက် ညီလာခံ နောက်ဆုံးနေ့ဖြစ်သည့် သောကြာနေ့တွင် ရွေးချယ် တင်မြှောက်လိုက်ကြောင်း KNU အရာရှိများနှင့် နီးစပ်သူတဦးက ပြောသည်။

နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ခဲ့သည့် ရက်သတ္တ သုံးပတ်ကျော်ကြာ ညီလာခံမှ ဥက္ကဋ္ဌသစ် အဖြစ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒု-ဥက္ကဋ္ဌအဖြစ် နော်စီဖိုးရာစိန် (ယခင် အထွေထွေအတွင်းရေးမှူး)၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ပဒိုကွယ်ထူးဝင်း (မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ)တို့အား လျှိုဝှက်မဲစနစ်ဖြင့်
ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ထုတ်ပယ်ခံထားရသော လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ရောဂျာခင် အား တွဲဘက် အတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်လိုက်ပြီး တွဲဘက်အတွင်းရေးမှူး (၂)ကိုမူ ဆက်လက် ရွေးချယ်နေဆဲ ဖြစ်သည်ဟု KNU နှင့် နီးစပ်သူက မဇ္စျိမကို ပြောသည်။

“ဒီမနက်မှ ရွေးချယ်လိုက်တယ်။ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်လိုက်တယ်။ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးတဲ့ အများကြီး သဘောတူညီချက်ကိုတော့ ကျနော်တို့က လက်ခံရမှာပေါ့၊ ကျနော်တို့က ဒီမိုကရေစီကျင့်စဉ်ကို ခံယူထားတော့ အားလုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုး၊ ပဒိုရောဂျာခင်နှင့် ကွယ်လွန်သူ ပဒိုစောဒေးဗစ်ထော တို့အား ဘားအံမြို့ ဆက်သွယ်ရေး ရုံးဖွင့်ပွဲ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ စည်းဝေးဆုံးဖြတ်ချက်ဖြင့် ခေတ္တထုတ်ပယ်ခဲ့ သည်။ သို့သော် ဗိုလ်ချုပ်ကြီးအား ညီလာခံ ကျင်းပချိန်ထိ မူလတာဝန်ကိုသာ လက်လက် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ယခင် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သော ပဒိုဒေးဗစ်သာကပေါနှင့် တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁) ဟောင်း ပဒိုစောလှငွေတို့အား မည်သည့်တာဝန် ဆက်လက် ထမ်းဆောင်မည်ကိုမူ မသိရှိရသေးပေ။

၁၅ ကြိမ်မြောက် ညီလာခံအား ယနေ့ ညနေပိုင်းထိ ကျင်းပ၍ အဆုံးသတ်ပြီးနောက် ကြေညာချက် ထုတ်ပြန်ရန် ရှိသည်ဟု ဆိုသည်။

KNU ၏ တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင်၊ လှိုင်ဘွဲ့မြို့နယ် လေးဝါးတပ်စခန်းတွင် ထိုညီလာခံ စတင်ကျင်းပသည့်နေ့တွင် ယခင် ဥက္ကဋ္ဌဟောင်း အသက် ၉၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီး စောတာ မလာဘောသည် အသက်အရွယ်နှင့် ကျန်းမာရေးအရ တာဝန်မှ အနားယူတော့မည်ဟု အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ဗဟိုတရားရေးဌာန တာဝန်ခံ ပဒိုစောဒေးဗစ်ထော ၏ နေရာတွင် အစားထိုးရန် လိုအပ်နေဆဲ ဖြစ်သည်။

နှစ်ပေါင်း ၆ဝ ကျော်ကြာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် အစိုးရခေတ် အဆက်ဆက် လက်နက်ကိုင် တော်လှန် ခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလတွင် ယခု အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates