Thursday, December 13, 2012

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဒေါ်စု နှင့် တွေ့မည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံသို့ သောကြာနေ့တွင် သွားရောက်မည့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူးရှီးဒ် Salman Khurshid ၏ ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန် အပြင်
ဒေါ်အောင်ဆန်းစုကြည် နှင့်ပါ တွေ့ဆုံမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မစ္စတာ ခူးရှီးဒ် သည် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း နယူးဒေလီမြို့၌ ဒေါ်အောာင်ဆန်းစုကြည် အား ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ဖူးသည်။

သုံးရက်ကြာ ခရီးစဉ်မှာ “နှစ်နိုင်ငံ ဆက်ဆံရေး တခွင်တပြင်လုံးကို ပြန်လည်သုံးသပ်နိုင်မည် ဖြစ်ပြီး
နှစ်နိုင်ငံ ဆက်ဆံရေးတွေကို ပိုမိုအရှိန်အဟုန်မြှင့်တင်နိုင်လိမ့်မည်” ဟု ကြေညာချက်က ဆိုသည်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ နည်းပညာ၊ လုံခြုံရေးကဏ္ဍများအပြင် မြန်မာ လွှတ်တော်အမတ်များနှင့် လွှတ်တော်ဝန်ထမ်းများကို အိန္ဒိယတွင် သင်တန်းများပေးခြင်းများလည်း ရှိနေပြီး နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေးများလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။

လွန်ခဲ့သည့် နှစ်လခန့်ကမှ အသစ်ခန့်အပ်လိုက်သည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးမှ နိုဝင်ဘာလက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံ နှင့် ထိပ်သီးများအစည်းအဝေးသို့သာ သွားရောက်ခဲ့သေးပြီး ပထမဆုံးသော နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်သည်။

ထိုသို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ပြီး မကြာမီ ဒီဇင်ဘာလ ၂၀ နှင့် ၂၁ ရက်နေ့များတွင် နယူးဒေလီမြို့၌ ကျင်းပမည့် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာသမ္မတ ဦးသိန်းစိန် လာရောက်မည်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates