Monday, December 3, 2012

နိုင်ငံသားများ ကုန်ထုတ်လုပ်ရေးတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြ

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ၁၉၉၄ ခုနှစ်၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထုတ်ပြန်ပြီးနောက် ခွင့်ပြုထားသည့် ကဏ္ဍများအနက် ကုန်ထုတ်လုပ်ငန်းများတွင် အရေအတွက် အများဆုံး ရင်းနှီးမြှုပ်နှံထားကြကြောင်း သိရှိရသည်။

ဥပဒေအရ နိုင်ငံသားများကို ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စက်မှုဇုန်မြေကွက်ကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ ဖွံ့ဖြိုးမှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း စသည်တို့တွင် ခွင့်ပြုထားသည့်အနက် ကုန်ထုတ်လုပ်ငန်းမှာ အများဆုံး လုပ်ကိုင်ကြသည်ကို တွေ့သည်။

“နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုထားတဲ့ လုပ်ငန်းတွေထဲမှာ ကုန်ထုတ်လုပ်ငန်းက ၅၉၈ ခုနဲ့ အရေအတွက် အများဆုံး ရှိနေပါတယ်” ဟု လှိုင်သာယာ စက်မှုဇုန်ရှိ စားသောက်ကုန် လုပ်ငန်းတခုမှ မန်နေဂျာ ဦးဌေးမြင့် က ပြောသည်။

အဆိုပါ ကုန်ထုတ်လုပ်ငန်းများတွင် စားသောက်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ အထည်ချုပ်နှင့် ပရိဘောဂလုပ်ငန်း စသည်တို့ ပါဝင်သည်။

နိုဝင်ဘာ လကုန်အထိ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၅၃ ခုဖြင့် ဆောက်လုပ်ရေး ကဏ္ဍတွင်လည်း တိုးတက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးမူဌာနက ဆိုသည်။

“ဆောက်လုပ်ရေးကဏ္ဍမှာ နိုဝင်ဘာလ ၃ဝ ၇က်နေ့အထိ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ လုပ်ငန်း ၅၃ ခုကနေ ကျပ်သန်းပေါင်း ၆၄ဝ,ဝဝဝ ကျော် အထိ ရှိထားပြီးဖြစ်ပါတယ်” ဟု ဒုတိယဦးစီးမှူး ဦးအောင်မင်းဦး က ပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့အထိ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများမှာ စက်မှုဇုန်မြေကွက်တွင် ပါမစ် တခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတွင် ပါမစ် ငါးခု၊ စိုက်ပျိုးရေးတွင် ပါမစ် ငါးခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် ပါမစ် ခုနှစ်ခု၊ အခြားလုပ်ငန်း ပါမစ် ခုနှစ်ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းပါမစ် ၂၁ ခု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပါမစ် ၂၃ ခု၊ အိမ်ခြံမြေ ဖွံ့ဖြိုးမှုလုပ်ငန်းတွင်ပါမစ် ၃၂ ခု၊ သတ္တုတွင်း လုပ်ငန်းတွင် ၅၁ ခု၊ ဆောက်လုပ်ရေးတွင် ပါမစ် ၅၃ ခု၊ ကုန်ထုတ် လုပ်ငန်းတွင် ပါမစ် ၅၉၈ ခုတို့ရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates