Monday, December 3, 2012

ရွှေဝါရောင် ဦးဆောင်ကိုယ်တော် ထပ်မံထိန်းသိမ်းခံရ

သိင်္ဂီထွန်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုတွင် အရှင်ဂမ္ဘီရ ဘွဲ့အမည်ဖြင့် ဦးဆောင်ခဲ့ပြီး ယခု လူဝတ်လဲထားသည့် ကိုညီညီလွင် အား စနေနေ့ညက ထပ်မံထိန်းသိမ်းလိုက်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေး က ပြောသည်။

ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင်ကိုယ်တော် အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် အား စနေနေ့ညက ထပ်မံထိန်းသိမ်းခံရ (ဓါတ်ပုံ မဇ္ဈိမ)

ရွှေဝါရောင် အရေးအခင်းကြောင့် ဖမ်းဆီးခံရပြီးနောက် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ပြီး ယခု လက်ပံတောင်းတောင် အရေးတွင် ပါဝင်လာဦးမည်စိုး၍
ပြန်လည်ဖမ်းဆီးသွားခြင်း ဖြစ်နိုင်ကြောင်း ဒေါ်ရေး က ဆိုသည်။

“ဘုန်းကြီးကျောင်းတွေကိစ္စကို ဦးဇင်းက ဖြေရှင်းပြီးသားပဲ။

အခု ထပ်ဖမ်းတယ်ဆိုတော့ ဒီကိစ္စနဲ့တော့ မဖြစ်နိုင်ဘူး။ လက်ပံတောင်း ကိစ္စမှာ သူပါလာမှာ စိုးလို့ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စမှာ သူဘာမှ ဝင်မပါပါဘူး။ သူများပြော သလောက်ပဲ သိထားရတာ။ ဒီကို(ရန်ကုန်ကို) လာတာ ကလည်း ဆေးကုဖို့လာတာ” ဟု မဇ္ဈိမကို ပြောသည်။

ကိုညီညီလွင်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး “သူက ထောင်ထဲမှာ နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ တော်တော်ကို ကျန်းမာရေး မကောင်းဖြစ်နေတာ။ ခေါင်းက အချိန်ပြည့်နီးပါး ကိုက်နေတာ။ ဒါကြောင့် သူ့ကို မဖမ်းစေချင်ဘူး” ဟုလည်း ဒေါ်ရေးက ဆိုသည်။

ရန်ကန်ုတိုင်း၊ လှိုင်မြို့နယ်ရှိ သူငယ်ချင်းတဦး၏ နေအိမ် တွင် ခေတ္တတည်းခိုနေစဉ် သင်္ကန်းကျွန်း ရဲစခန်းမှ
စခန်းမှူးနှင့် ရတြပ်သားများက လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သင်္ကန်းကျွန်းရဲတွေ ဖမ်းတာမို့လို့ အဲဒီရဲစခန်းမှာ ဒီမနက်လည်း ရှိမယ်ထင်ပြီး လိုက်သွားသေးတယ်။ ဟိုရောက်တော့ သံလျင်ရဲစခန်းမှာလို့ပြောတော့ သံလျင်ကို ကားငှားပြီး လိုက်တယ်။ အဲဒီရောက်တော့ ညတွင်းချင်း အင်းစိန်ထောင်ကို ပို့လိုက်ပြီတဲ့” ဟု မခင်ကြီးက ပြောသည်။

၂ဝဝ၇ ရွှေဝါရောင် ခေါင်းဆောင်မှုဖြင့် ထောင်ဒဏ ၆၈ နှစ် အပြစ်ပေးခံရကာ ပြန်လွတ်လာပြီးနောက် အစိုးရ ချိတ်ပိတ်ထားသည့် မဂ္ဂင်ကျောင်းတိုက်ကို မိမိဖာသာ သော့ဖွင့်ကာ ပြန်လည် သီတင်းသုံးခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း ၁ရက်နေ့)တွင် ကိုညီညီလွင် အဖြစ် လူဝတ်လဲခဲ့သည်။

ထိန်းသိမ်းခံရစဉ် နှိပ်စက်ညှဉ်းပမ်းမှုများကြောင့် ဦးနှောက်နှင့် အာရုံကြောရောဂါကို ဆိုးရွားစွာ ခံစားနေရသော်လည်း အာဏာပိုင်တို့၏ ငြိုငြင်မှု ခံရမည်စိုး၍ ၎င်းကို ဆေးကုသ ပေးဝံ့သည့် ဆရာဝန်ရှားပြီး ပုဂ္ဂိုလ်ရေးခင်မင်သည့် ဆရာဝန် တဦးကသာ ကုသပေးနေကြောင်း မိခင်ကြီး ဒေါ်ရေး က ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates