Wednesday, December 26, 2012

မှောင်ခို စားအုန်းဆီများ ထိရောက်စွာ အရေးယူရန် ဆီကုန်သည်များလိုလား

အောင်မြတ်ထွန်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၄ မိနစ်
   
ရန်ကုန် (မဇ္ဈိမ) ။        ။ စားသောက်ကုန်လုပ်ငန်းများထံမှ ဝင်ငွေခွန် ကောက်ခံရန် မသင့်ဘဲ မှောင်ခို
ဈေးကွက်မှ ဝင်ရောက်နေသည်များကိုမူ ထိထိရောက်ရောက် အရေးယူစေလိုကြောင်း မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ် ဦးသိန်းဟန် က ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံရဲ့ စားသုံးကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတို့ဟာ ကျနော်တို့ လူမျိုးအားလုံးအတွက် မရှိမဖြစ် လိုအပ်လှတဲ့ အတွက် အခွန်များကောက်ခံမှု ရှိသော်လည်း ပြည်ပမှ တင်သွင်းရန် ခွင့်ပြုမထားတဲ့ စားအုန်းဆီကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိတဲ့ ဆီတွေကို မှောင်ခိုဈေးကွက်မှ ဈေးနှုန်းချိုသာစွာနှင့် တရားမဝင် တင်သွင်းလာတာတွေကို အရေးယူ မှု အားနည်းတာကိုလည်း ထိရောက်စွာ အရေးယူစေချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ထိုသို့ ပြောသွားခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း၊ အဖွဲ့ဝင်များ ဖြစ်သည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်စန်းလှိုင်တို့အပြင် ကုန်သည်ကြီး များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် လုပ်ငန်းရှင်စုစုပေါင်း ၆ဝ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းရှင်များဘက်မှ မှန်ကန်သည့် စာရင်း တင်ပြခြင်း မရှိ၍ အကောက်အခွန် ကောက်ခံရန် ခက်ခဲပြီး ကုန်သွယ် လုပ်ငန်းခွန် ဥပဒေကိုလည်း တနိုင်ငံလုံးနှင့် တူညီသည့် ဥပဒေ ဖြစ်နိုင်ရန် ပြင်ဆင်သင့်ကြောင်းလည်း ပဲနှင့်နှမ်း လုပ်ငန်းရှင်တဦးက အကြံပြုသွားသည်။

ယခင်အစိုးရလက်ထက်တွင် ဥပဒေများကို သက်ဆိုင်ရာ ဝန်ကြီးဌာန ရေးဆွဲကာ ရှေ့နေချုပ်ရုံးက အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းကြောင့် ဝေဖန်မှုများရှိခဲ့ရာ ယခုအချိန်တွင် ပြည်သူများအနေဖြင့် ဥပဒေတခုကို ကိုယ်တိုင်ရေးဆွဲကာ လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းပေးနိုင်ရန် ကောမတီ ဥက္ကဋ္ဌ ဦးအောင်သောင်း က တိုက်တွန်းသွားသည်။

“ယခင်အစိုးရ လက်ထက်တုန်းကဆိုရင် ဥပဒေတခုကို ဝန်ကြီးဌာနက ထုတ်ပြီး ရှေ့နေချုပ်ရုံးနှင့်သာ အပြန်အလှန်
ပေးပို့ အတည်ပြုနိုင်ခြင်းမျိုး ရှိခဲ့ပြီး ပြည်သူများက ဝေဖန်ခြင်းမျိုးကိုသာ လုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြည်သူများ ကိုယ်တိုင် ကောင်းမွန်တဲ့ ဥပဒေများကို ရေးဆွဲနိုင်ပါပြီ” ဟု ဆိုသည်။

ထို့အပြင် ပြည်သူများအနေဖြင့် ဥပဒေများကို လေ့လာစေလိုပြီး ထင်မြင်ချက်များကို လွှတ်တော်သို့ တိုက်ရိုက် တင်သွင်းနိုင်သကဲ့သို့ လွှတ်တော်အမတ်များမှတဆင့်လည်း ပေးပို့နိုင်သည်ဟု ဦးအောင်သောင်း က ပြောဆိုသွား သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates