Wednesday, December 26, 2012

တနှစ်ကျော်အတွင်း ကားစီးရေ တသိန်းနှစ်သောင်းခန့် လိုင်စင်ထုတ်ပေးခဲ့၊ ကျပ်သန်း ငါးသိန်းခန့် အခွန်ရ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၂ မိနစ်   

ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံပေါင်းစုံမှ ပြည်တွင်း မော်တော်ကားဈေးကွက်သို့ ၂ဝ၁၁ ခုနှစ်၊ စက်တင်္ဘာလမှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ တင်သွင်းခဲ့သည့် ကားများအနက် စီးရေ ၁၂ဝ,ဝဝဝ ခန့်အား လိုင်စင်ထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထိုအထဲတွင် မော်တော်ယာဉ် အသစ်ထပ်တိုးယာဉ် ၄ဝ,ဝဝဝ ခန့် ပါဝင်သည်။

“မော်တော်ယာဉ် တင်သွင်းမှု ပမာဏကို စိစစ်လျှင် စုစုပေါင်း လိုင်စင်ထုတ်ပေးခဲ့တဲ့ ကားစီးရေ ၁၁၆,၆၉၅ တွင် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ခြင်းက ၇၆,ဝဝဝ နီးပါးဖြစ်ပြီး ကျန် ၄ဝ,ဝဝဝ လောက်က အသစ်ထပ်တိုး မှတ်ပုံတင် တဲ့သဘော ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။

၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှ ၂ဝ၁၂ ခုနှစ်၊ မတ် ၃ဝ ရက်နေ့အထိ အခွန်ငွေ ကျပ် ၉၉၄ဝ၂.၅၁ သန်း ကောက်ခံရရှိ (ဓါတ်ပုံ မဇ္ဈိမ)

ဒီဇင်ဘာ၂၄ ရက်က ရန်ကုန်တိုင်းအစိုးရ အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် တင်သွင်း ရောင်းချသူများအသင်း (ယာယီ)နှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မူဝါဒသစ်အရ တင်သွင်းခဲ့တဲ့ မော်တော်ယာဉ်စီးရေကို ကြည့်ရင် ကညန ကို ယာဉ်အို ယာဉ်ယောင်း အပ်နှံမှု ၇၈,၃၃၆ စီး ရှိရာမှာ လိုင်စင်အနေနဲ့ ၇၅,၈၄၃ စီး ထုတ်ပေးပြီးပါပြီ။ အဲဒီထဲမှာ အရောင်းစင်တာတွေကို ထုတ်ပေးတဲ့ လိုင်စင်က ၁၄,၆၅၆ စီး ပါဝင်ပါတယ်” ဟု ဝန်ကြီးက ဆက်ပြောသည်။

ထို့အပြင် သင်္ဘောသား၊ ကုမ္ပဏီ၊ ပြည်ပတွင် သွားရောက်လုပ်ကိုင်သူများအား လိုင်စင် ၆,၂၈ဝ စီးထုတ်ပေးခဲ့ပြီး တဦးချင်း တင်သွင်းမှုအတွက်ကိုလည်း ၃၄,၅၇၂ စီး ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ယာဉ်အသစ်အနေဖြင့်စီးရေ ၄ဝ,ဝဝဝ ခန့်သာ ရှိသော်လည်း ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ် လျက်ရှိသည်။ သို့ကြောင့် ယာဉ်တင်သွင်းရာမှ ကောက်ခံရရှိသည့် အခွန်ငွေများဖြင့် ခုံးကျော်တံတားများနှင့် ပလက်ဖေါင်း ချဲ့ခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှ ၂ဝ၁၂ ခုနှစ်၊ မတ် ၃ဝ ရက်နေ့အထိ လူစီးပါမစ် ၂၇,၆၆၃ ခု၊ ဘတ်စ်ပါမစ် ၄ဝ၄ ခု၊ ကုန်တင်ကားပါမစ် ၈၄၅ ခုဖြင့် စုစုပေါင်း ကားတင်သွင်းခွင့်ပါမစ် ၂၈,၉၁၂ ခုအတွက် အခွန်ငွေ ကျပ် ၉၉၄ဝ၂.၅၁ သန်း ကောက်ခံရရှိခဲ့သည်။

ထို့နောက် ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ လူစီးပါမစ် ၈၂,၆၅၉ ခု၊ ဘတ်စ်ကားပါမစ် ၁,ဝ၈၂ ခု၊ ကုန်တင်ကားပါမစ် ၆,၂၂၄ ခုဖြင့် စုစုပေါင်း ကားတင်သွင်းခွင့်ပါမစ် ၈၉,၉၆၅ ခုမှ အခွန်ငွေကျပ် ၃၇ဝ,၈၈ဝ.၉၉ သန်း ကောက်ခံရရှိခဲ့၍ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ ၂၅ မှ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်အထိ အခွန်ငွေ ကျပ် ၄၇ဝ,၂၈၃.၅ဝ သန်း ရရှိပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတဦး၏ ပြောကြားချက်အရ သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates