Sunday, December 2, 2012

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

ကောင်းဆု | တနင်္ဂနွေနေ့၊ ဒီဇင်ဘာလ ၀၂ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၃၈ မိနစ်

နေပြည်တော် (မဇ္ဈိမ) ။       ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အဖြစ်မှန် ပေါ်ပေါက်စေရန်နှင့် ယင်းစီမံကိန်းကို ဆက်လက် လုပ်ကိုင်ရန် သင့်မသင့် လေ့လာအကြံပြုရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ စနေနေ့က ထုတ်ပြန်လိုက်သည်။

အဖွဲ့ဝင် ၃ဝ ပါ ကော်မရှင်အဖွဲ့မှာ ထိုကြေးနီစီမံကိန်းကြောင့် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊
နိုင်ငံတော်အတွက် အကျိုးရှိ/မရှိ စသည်တို့ကို သုံးသပ်အကြံပြု တင်ပြရန်ဖြစ်ပြီး စီမံကိန်း ကန့်ကွက်ဆန္ဒပြရခြင်း အကြောင်းရင်းများအပြင် ဆန္ဒပြ သံဃာတော်များ ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်တို့ကိုလည်း သမ္မတထံ ဒီဇင်္ဘာလ မကုန်မီ အစီရင်ခံရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ စနေနေ့က ထုတ်ပြန် (ဓါတ်ပုံ မဇ္ဈိမ)

ကော်မရှင်တွင် ယခင်အစိုးရ စွမ်းအင် ဝန်ကြီးဟောင်း ဦးလွန်းသီ၊ ပုလဲနှင့် ဆားလင်းကြီး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနအချို့မှ ညွှန်ချုပ်နှင့် ဒု-ညွှန်ချုပ်များ၊ အမျိုးသားဒီမိုကရေစီအင်အားစုနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ၈၈ ကျောင်းသား အဖွဲ့နှင့် ဒေသခံ ရွာသုံးရွာမှ ကိုယ်စားလှယ် ၃ ဦးတိုပလည်း ပါဝင်ဖွဲ့စည်းထားသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို သမ္မတရုံးနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့တို့က ဖြည့်ဆည်းပေးရန် ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates