Friday, December 14, 2012

မြန်မာ့ဆား၊ ဘင်္ဂလားနှင့် ဆားဈေးကွက်

ခင်မျိုးသွယ် | သောကြာနေ့၊ ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၁၇ မိနစ်

(ဆောင်ပါး) မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် နေလှမ်းဆား တန်ချိန် ၅,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူရန် ကမ်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“မကြာမီက ဆားလုပ်ငန်းက တာဝန်ရှိသူတွေ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့က ဆားလုပ်ငန်းရှင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့အပြီး မြန်မာနိုင်ငံက ဆားတန် ၅,၀၀၀ ကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက ဝယ်ယူရန် သဘောတူထားပြီး ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

တရားမဝင်သာ ရောင်းခဲ့ရ

ယခင်က ဆားတင်ပို့သည့် လှေများမှာ တနေ့လျှင် အစီး ၂၀-၃၀ ခန့် ရှိခဲ့ပြီး တလလျှင် စက်လှေ အစီး ၁၀၀ ကျော် တင်ပို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“အရင်က နေလှမ်းဆားတွေကို ဘင်္ဂလားဒေ့ရှ်မှာ တရားမဝင် ရောင်းခဲ့ရတာပါ။ အခု ဆား တန် ၅,၀၀၀ ဝယ်ယူမှုအပေါ် စက်လှေ ရှစ်စီးနဲ့ နှစ်သုတ်ခွဲပြီး ဆား ၂,၅၄၅ တန်ကို တင်ပို့ပြီးပါပြီ။ ဆက်ပြီး တင်ပို့သွားမှာပါ ဒီနှစ်ထဲမှာ ဆားတန်ချိန် ၁၀,၀၀၀ တင်ပို့နိုင်မယ်လို ခန့်မှန်းထားပါတယ်” ဟု ဆားထုတ်လုပ်သူများ အစုအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နေလှမ်းဆားများကို အောက်တိုဘာနှင့် နိုဝင်ဘာတို့မှ စတင်၍ မေလဆန်းအထိ ထုတ်လုပ်ကြသည်။

ဧရာဝတီတိုင်းက အဓိက ထုတ်လုပ်နေ


“ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ နေလှမ်းဆားကို သင်္ဃန်းကြီး၊ ပြင်စလူ၊ ဆင်ခြေရာ၊ မန်ကျီးပင်၊ သင်္ဃန်းကုန်း၊ သက်ကယ်သောင် စသည့် ကျေးရွာများမှ နှစ်စဉ် ပိဿာ နှစ်သောင်းခန့် ထုတ်လုပ်နေပါတယ်” ဟု ဆားလုပ်ငန်းရှင် ဦးမြင့်သန်း က ဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ရွှေလှေကျင်း၊ ရွှေထီး၊ ဒေါ်ငြိမ်း၊ ခါးပြတ်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ကုလားထိပ် စသည့် ပင်လယ်ကမ်းစပ် ကျေးရွာများတွင် နေလှမ်းဆား အများအပြား ထုတ်လုပ်လျက်ရှိရာ ဖျာပုံ တမြို့နယ်လုံးအနေဖြင့် ပျှမ်းမျှထုတ်လုပ်နိုင်မူမှာ ပိဿာချိန် သိန်း ၁၅၀ ကျော် ရှိနေကြောင်း ဆားထုတ်လုပ်သူများ အစုအဖွဲ့က ဆိုသည်။

တန် ၁၀,၀၀၀ တင်ပို့ရန် လိုင်စင်ထုတ်ပေးပြီး

“ပြည်ပကို ဆားတင်ပို့သူများနှင့် ပတ်သက်ပြီး ဆားတန်ချိန် ၁၀,၀၀၀ အတွက် လိုင်စင် ထုတ်ပေးပြီးပါပြီ။ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ အမှန်တင်ပို့ပြီးတာ တန် ၃,၀၀၀ ကျော်ပါ။ ကျန်တဲ့ ဆားတန်ချိန်တွေကိုလည်း ဆက်ပြီး တင်ပို့ဖို့ရှိပါတယ်”ဟု စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့် က အတည်ပြု ပြောကြားသည်။

နေလှမ်းဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူရာတွင် ဆားချော ထုတ်လုပ် ရောင်းချရန် ဝယ်ယူခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း နေလှမ်းဆားကို ဧရာဝတီတိုင်းမှ အများဆုံး ထုတ်လုပ်လျက်ရှိရာ ရာသီဥတု
ကောင်းမွန်ပါက ဝယ်လိုအား ရှိသလောက် ထုတ်လုပ်နိုင်မှု ရှိသည်ဟု ဆိုသည်။ တဧကလျှင် ဆားကြမ်း ပိဿာ ၁,၅၀၀ မှ ၁,၇၀၀ အထိ ထုတ်လုပ်နိုင်သည်။

“နေလှမ်းဆား ထုတ်လုပ်မူက ပင်လယ်ရေကို ကုန်းပေါ်စက်နဲ့ မောင်းတင်ပြီး နေစွမ်းအင်နဲ့ ချက်တာဆိုတော့ ရာသီဥတုကောင်းရင် အောက်တိုဘာကနေ မေလဆန်းလောက်အထိ ၇ လလောက် ထုတ်လို့ နိုင်ပါတယ်။ အရင်ကတော့ ဘင်္ဂလားဒေရှ်နဲ့ ပင်လယ် ငါးဖမ်း စက်လှေတွေကို အဓိက အားထား ရောင်းရတာ။ အခုနောက်ပိုင်း ပြည်ပဈေးကွက်လည်း ပျောက်လာတယ်။ ငါးဖမ်း စက်လှေတွေကလည်း လျော့လာတာကြောင့် ဝယ်လိုအား နည်းသွားပြီး ဆားတွေ ပုံနေတယ်” ဟု သက်ကယ်သောင် ကျေးရွာမှ ဆားတောင်သူ ဦးလှကျော် က ပြောသည်။

နာဂစ်နောက်ပိုင်း ထိုင်းဆားများ နေရာဝင်ယူလာ

ထို့အပြင် ဆားဝယ်ယူသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရာသီဥတု ကောင်းမွန်ပါက ဆားကို ပိုလျှံစွာ ထုတ်လုပ်နိုင်သည့် အနေအထားတွင် ရှိနေသည့်အပြင် နာဂစ်မုန်တိုင်း ဝင်ရောက်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှ ဆားများ ဝင်ရောက်ခဲ့ရာမှ ယခု နောက်ပိုင်း ပြည်တွင်း ဆားဈေးကွက် နေရာတွင် ဝင်ရောက် နေရာယူနေသည်။

“လောလောဆယ် အနေအထားက လက်ထဲမှာရှိတဲ့ ဆားတွေ အရင် ရောင်းထွက်အောင်ပဲ ဈေးကွက် အရင်ရှိဖို့ လိုပါတယ်။ ပြီးမှ ပြည်တွင်း ဆားဈေးကွက်ကို နေရာဝင်ယူနေတဲ့ ထိုင်းနိုင်ငံဘက်က ဆားတွေနဲ့ အရည်အသွေး ယှဉ်နိုင်အောင် ကြိုးစားဖို့ လိုမယ်။ အဲဒီကမှ တဆင့် အရည်အသွေးမြင့် ဆားချောတွေ ထုတ်လုပ်နိုင်အောင် နည်းပညာပိုင်း၊ စက်ရုံ စုပေါင်းတည်ထောင်နိုင်မှု အပိုင်းတွေ တဆင့်ချင်း သွားနိုင်ဖို့ လိုပါတယ်”ဟု ဆားစက်ရုံပိုင်ရှင် ဦးမင်းသိန်း က ပြောသည်။

ယခုအခါ ဧရာဝတီတိုင်းအတွင်း ဆားထုတ်လုပ်သည့် စက်ရုံ ၁၅ ရုံခန့် ရှိနေသည်။ ပြည်တွင်းတွင် ဆားချော ထုတ်လုပ်သည့် စက်ရုံအချို့ ပိတ်ခဲ့ရသည်။

“ပြည်တွင်းဆားက အရောင်မလှဘူး။ ကြမ်းတယ်။ ထိုင်းက ဝင်တဲ့ ဆားက အရောင်လှတယ်။ ချောတယ်။ ဝယ်သူ ကြိုက်တော့ နှစ်မျိုးရော ရောင်းရတယ်” ဟု အင်းစိန်ဈေးမှ ဆားရောင်းသူ မခင်အေး က ပြောကြားသည်။

ဆားတောင်သူများ၏ ရောင်းသည့် ဈေးမှာ ၁ ပိဿာလျှင် ၆၀ ကျပ် ဝန်းကျင်ရှိပြီး အရောင်လှပါက ၅ ကျပ်မှ ၁၀ ကျပ်အထိသာ တိုးရသည့် အနေအထား ရှိနေခြင်း၊ ပြည်ပ ဝယ်လိုအား နည်းနေခြင်း၊ ထုတ်လုပ်မှု စရိတ်နှင့် ရောင်းချရမှု စရိတ်မှာ ကွာဟမှု နည်းခြင်း စသည့် အကြောင်းများကြောင့် ဆားတောင်သူများအနေဖြင့် အခက်အခဲများစွာ ရှိနေသည်။

အရည်အသွေးမြင့် မထုတ်နိုင်တာ မဟုတ်

“ပြည်တွင်း ဆားတောင်သူတွေအနေနဲ့ အရည်အသွေးကို မယှဉ်နိုင်တာတော့ မဟုတ်ဘူး။ ဆားဖြူအောင် ထုတ်မယ်ဆိုရင် ဆားထုတ်မယ့် တလင်းကို သန့်နေပြောင်နေအောင် လုပ်ရတယ်။ အလုပ်ပိုတယ်။ အချိန်ကုန်တယ်။ ဘာကြောင့်လဲဆိုရင် ဈေးပိုရရင်လည်း ၁ ပိဿာ ၅ ကျပ် ၁၀ ပဲ တိုးပေးလို့။ အဲဒီလို ဈေးနှုန်းမျိုးကြောင့် တောင်သူ အများစုက အရည်အသွေးပိုင်းကို မထိမ်းတော့ဘူး။ ဖြစ်သလို ထုတ်လာကြတဲ့သဘော ရှိတယ်”ဟု ဆားထုတ်လုပ်မှု ကြီးကြပ်ရေး အဖွဲ့မှ ဦးမြင့်သန်း က ပြောသည်။

ရန်ကုန် ဈေးကွက်အတွင်း ပြည်တွင်းထုတ် ဆားမှာ ၁ ပိဿာလျှင်၂၅၀ ကျပ် ရှိနေပြီး ထိုင်းနိုင်ငံမှ ဝင်ရောက်သည့် ဆားမှာ ၁ ပိဿာလျှင် ၄၀၀ ကျပ်ဈေး ရှိနေကာ ဆားအရောမှာ ၃၀၀ ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိသည်။

“ဆားတောင်သူတွေကို အတိုးနှုန်း နည်းနည်းနဲ့ ငွေချေးပေးတာမျိုး၊ အစိုးရနဲ့ ကုန်သည် ပူးပေါင်းပြီး ဈေးကွက်ရှာတာမျိုး၊ တန်ဖိုးမြှင့်ကုန် ထုတ်တာမျိုး၊ ပြည်တွင်း စက်မှုထုတ်ကုန်တွေအတွက် ဝယ်ယူတာမျိုး၊ ဥပမာအနေနဲ့ ဓါတ်ဆား ထုတ်လုပ်မှု အတွက် ဝယ်ယူတာမျိုးတွေ စတဲ့ နည်းလမ်းတွေနဲ့ ကူညီနိုင်မယ်ဆိုရင် တောင်သူတွေရဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး အစီအစဉ်ကိုပါ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်” ဟု စီးပွါးရေးပညာရှင် တဦးက သုံးသပ် ပြောကြားသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates