Saturday, December 15, 2012

မြန်မာရောက် ဆွီဒင်လက်နက်များကိစ္စ အိန္ဒိယ စုံစမ်းနေပြီဆို

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် ဓာတ်ပုံ အထောက်အထားများဖြင့် တွေ့ရှိခဲ့သည့် ဆွီဒင်နိုင်ငံလုပ် လက်နက်များကိစ္စကို ဆွီဒင် ကုန်သွယ်ရေးဝန်ကြီး၏ တောင်းဆိုချက်အတိုင်း အိန္ဒိယက စုံစမ်းနေပြီဟု ဆိုသည်။

“ဆွီဒင်က ဒီကိစ္စကို ကျနော်တို့ဆီ တင်ပြလာပါတယ်။ ကျနော်တို့ စုံစမ်းစစ်ဆေးနေပါပြီ။ ဒါပေမယ့် သေစေနိုင်တဲ့ လက်နက်တွေကို မြန်မာနိုင်ငံဆီ ကျနော်တို့ ဘယ်တုန်းကမှ မပို့ခဲ့ဖူးပါဘူး” ဟု တာဝန်ရှိ အရာရှိတဦးအား ကိုးကား၍ PTI သတင်းတရပ်တွင် ပါရှိသည်။

ဥရောပမှ မြန်မာနိုင်ငံအား ရောင်းချရန် ပိတ်ပင်ထားသော ဆွီဒင်လုပ် လက်နက်များ အိန္ဒိယနိုင်ငံ မှတဆင့်
မြန်မာနိုင်ငံသို့ မည်ကဲ့သို့ ရောက်ရှိသွားသည်ကို ရှင်းလင်း ပြောကြားပေးရန် ဆွီဒင် ကုန်သွယ်ရေးဝန်ကြီး Ewa Bjorling က အိန္ဒိယအား သောကြာနေ့က တောင်းဆိုထားခြင်း ဖြစ်သည်။

ဆွီဒင် မီဒီယာတွင် ထုတ်ပြန်ခဲ့သော မြန်မာ အလွတ် ဓါတ်ပုံဆရာ တယောက် ရိုက်ကူးခဲ့သည့် ဓါတ်ပုံများတွင် မြန်မာအစိုးရ စစ်တပ်မှ ကျန်ရစ်ခဲ့သည့် ဆွီဒင်လုပ် M3 Carl Gustaf တင့်ကားဖျက် ရိုင်ဖယ်နှင့် ကျည်ခွံများကို တွေ့ရသည်။

ဆွီဒင်သည် လတ်တလော လက်နက်များကို အိန္ဒိယသို့ ရောင်းချထားခြင်းဖြစ်သည်။

ဥရောပ သမဂ္ဂသည် ၁၉၉၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates