Monday, October 8, 2012

မလေးရှား လူမှုအဖွဲ့တခု ရခိုင်ပြည်နယ် သွားရောက်လှူဒါန်း

သိန်းလှိုင်၊ နှင်းပွင့် | တနင်္လာနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၂၉ မိနစ်

စစ်တွေ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ မလေးရှားနိုင်ငံမှ လူမှုအဖွဲ့တခုဖြစ်သည့် Kelab Putera 1 Malaysia မှ အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ လာရောက် လှူဒါန်းသည်။

စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ပြည်နယ် လွှတ်တော်ခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့နှင့် Kelab Putera 1 Malaysia အဖွဲ့တို့ တွေ့ဆုံကာ ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်
နေအိမ်ပစ္စည်းများ ဆုံးရှုံးခဲ့သည့် နှစ်ဦးနှစ်ဖက် လူ့အဖွဲ့အစည်းများအတွက် လူမျိုးဘာသာ မခွဲခြားဘဲ အထောက်အကူများ ပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

၎င်းအဖွဲ့သည် ရခိုင်ဒုက္ခသည်စခန်း နှစ်ခုနှင့် မူဆလင်ဒုက္ခသည်စခန်း နှစ်ခုတို့ကို ဖြန့်ဝေ ထောက်ပံ့ သွားမည်ဖြစ်ပြီး ကျန်ပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဒေသတခုလုံး လွှမ်းခြုံဖြန့်ဝေ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ထောက်ပံ့ပေးမည့် ပစ္စည်းများမှာ ဆန် တန်ချိန် ၅၀၊ သကြား တန်ချိန် ၁၀၊ အဝတ်အထည် ပုံး ၁၀၀၊ ဆေးဝါးပစ္စည်း ပုံး ၂၀၊ ရေသန့် ဗူး ၇၂,၀၀၀ နှင့် အခြား စားသောက်ကုန်ပစ္စည်းများလည်း ပါဝင်သည်။

အဖွဲ့ဝင် ၈၀ ကျော် လိုက်ပါလာသော Kelab Putera 1 ကိုယ်စားလှယ်အဖွဲ့တွင် မလေးရှား  သာသနာပိုင်အဖွဲ့ချုပ် ဆရာတော် Ven.Datuk Kirinde Dhammaratene Thero၊ မြန်မာ နိုင်ငံ ဆိုင်ရာ မလေးရှား သံအမတ်ကြီး H.E. Dr.Ahmad Faisal Muhamad နှင့် အဖွဲ့ ဥက္ကဋ္ဌ Mr.Datuk Abdul Azeez Abdul Rahim တို့ ဦးဆောင်ပါဝင်ပြီး သတင်းထောက် လေးဆယ်ခန့်နှင့်အတူ အောက်တိုဘာလ ၇ ရက်နေ့ကတွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

Kelab Putera 1 အဖွဲ့သည် စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းတွင် စစ်တွေ ရွှေစေတီ ဒုက္ခသည်စခန်း၊ မင်းဂံ ဒုက္ခသည်စခန်းနှင့် သက္ကေပြင် ဒုက္ခသည်စခန်းများသို့ သွားရောက်၍ ထောက်ပံ့ပစ္စည်း များပေးအပ်ခဲ့သည့် ပြီးနောက် မောင်တော  ဒေသသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Kelab Putera 1 အဖွဲ့သည် မလေးရှား ဝန်ကြီးချုပ် Mr.Dato Sri Haji Mohammad Najid bin Tun Haji AbdulRazak ၏ မိတ်ဘက် အဖွဲ့အစည်းတခုဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားရေး လုပ်ငန်းများကို အဓိက ကူညီဆောင်ရွက်သည့် လူမှုအဖွဲ့တခုဖြစ်သလို နာဂစ် မုန်တိုင်းသင့် မြန်မာ
ပြည်သူများသို့လည်း အထောက်အပံ့များ ပေးအပ်ခဲ့ဖူးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates