Wednesday, October 3, 2012

သမ္မတဦးသိန်းစိန် ကစ်ဆင်းဂျားနဲ့ တွေ့ဆုံခဲ့

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၄ မိနစ်   

နယူးဒေလီ(မဇ္ဈိမ) ။       ။ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် မြန်မာသမ္မတ ဦးသိန်းစိန် သည် ၎င်း၏ခရီးစဉ်အတွင်း ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့်လည်း နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်းဂျားနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က “(အဆွေတော်၏) အသက်အရွယ်၊ အတွေ့အကြုံနှင့် ဉာဏ်ပညာအရ မိမိအနေဖြင့် အလွန်ပင် လေးစားခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

သမ္မတ ဦးသိန်းစိန် ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့် နယူးယောက်မြို့တွင် တွေ့ဆုံ (Photo: President's office)

ထို့ပြင် “မိမိတို့အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအရ အရှေ့အနောက် ခွဲခြားဆက်ဆံမှုမျိုး မရှိဘဲ နိုင်ငံအားလုံးနှင့် ချစ်ခင် ရင်းနှီးစွာဖြင့် ဆက်ဆံနိုင်ရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း” လည်း ဦးသိန်းစိန် က ပြောကြားခဲ့ သည်။

သမ္မတ နစ်ဆင်လက်ထက် ၁၉၇ဝ စုနှစ်များအတွင်းက ကမ္ဘာ့အခင်းအကျင်းတွင် သျှမ်းသျှမ်းတောက်
ကျော်ကြား လာခဲ့သော ကစ်ဆင်းဂျားကလည်း “မြန်မာနိုင်ငံအားများစွာ စိတ်ဝင်စားမှုရှိပြီး မြန်မာနိုင်ငံ သမိုင်းအား တန်ဖိုးထား လေးစားပါကြောင်း၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်
ကောင်းမွန်လာသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊… အရှေ့တောင်အာရှ နိုင်ငံများ၏ အနာဂတ်တွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ကို မိမိအနေဖြင့် သိရှိပါကြောင်း” ပြောဆိုခဲ့သည်။

အသက် ၈၉ နှစ်အရွယ်ရှိ ဟင်နရီကစ်ဆင်းဂျားမှာ အထူးသဖြင့် စစ်အေးခေတ် တရုတ်-အမေရိကန် ဆက်ဆံရေး အား ထူထောင်ပေးနိုင်ခဲ့ပြီး ၎င်း၏ ‘Diplomacy’ ကျမ်းကြီးမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ သံခင်းတမန်ခင်း စိတ်ဝင်စားသူများ လေ့လာမှတ်သားကြရသည့် အထင်ကရ ကျမ်းကြီး ဖြစ်ပြီး အခြား သံခင်းတမန်ခင်း စာအုပ်ပေါင်း ၁၅ အုပ်ခန့် ရေးသားခဲ့သည်။

၂ဝ၁၁ ခုနှစ်က On China စာအုပ်ကို ရေးသားခဲ့သည့် ကစ်ဆင်းဂျားမှာ တရုတ်ပြည် အပေါ်တွင်လည်း သြဇာညောင်းသူတဦး ဖြစ်သည်။ အကြောင်းမှာ အမေရိကန်သမ္မတ ရစ်ချဒ် နစ်ဆင်နှင့် တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းတို့အကြား ၁၉၇၂ ခုနှစ်တွင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ထိုမှနေ၍ တရုတ်ပြည်၏ စီးပွားရေးဘဝသစ်ကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုများနှင့် တိုးတက်လာနိုင်စေခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates