Thursday, October 25, 2012

အီးဒ်နေ့ မကျင်းပရန် အစ္စလာမ်အဖွဲ့ကြီး ဆုံးဖြတ်လိုက်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်တွင်း အရေးအခင်းများကြောင့် အစ္စလာမ် ဘာသာဝင်တို့၏ အထွဋ်အမြတ် ထားရာ အီးဒ်နေ့ကို ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကျင်းပပြုလုပ်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက
ကြေညာလိုက်သည်။

စနေနေ့တွင် ကျရောက်သည့် အီဒုလ်အဒ်ွဟာ ကုရ်ဘာနီ အီးဒ်နေ့တွင် “ကုရ်ဘာနီ ပြုလုပ်ခြင်းကို ရပ်စဲရန်
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တညီတညွတ်တည်း ဆုံးဖြတ်ကြောင်း”
မြန်မာနိုင်ငံရှိ မူဆလင်အဖွဲ့အစည်း ၅ ဖွဲ့၏ ပူးပေါင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဇွန်လအတွင်းမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း လူမှုအသိုက်အဝန်းနှစ်ခုအကြား စိတ်မချမ်းမြေ့ဖွယ်
ဖြစ်ရပ်များကြောင့် ထိုသို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း အဖွဲ့ကြီး၏ တွဲဖက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ က ပြောသည်။

“အရေးအကြီးဆုံးအချက်ကတော့ ရခိုင်ဒေသမှာ ငါးလအကျော်ကြာမျှ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ဟာ အပြစ်မဲ့ လူတွေ သေကြေကြတယ်၊ ဒုက္ခရောက်ကြတယ်၊ အိုးအိမ်တွေ စွန့်ခွါထွက်ပြေးနေရတယ်။ ဒီအခြေအနေတွေကို ကျနော်တို့အနေနဲ့ စိတ်မချမ်းမြေ့ဘူး။ တရားဥပဒေ စိုးမိုးရေး ရှိစေချင်တယ်။ အဲဒီ ရခိုင်ပဋိပက္ခကို အကြောင်းပြု ပြီးတော့ အခြား ပြည်နယ်နဲ့တိုင်းတွေမှာလည်း ကျနော်တို့နိုင်ငံမှာ ရှိခဲ့ပြီးတဲ့ ဘာသာတခုနဲ့ တခုကြားမှာ လေးစားမှု၊ နားလည်မှုတွေဟာ တဖြည်းဖြည်း လျော့ပါးလာတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့က ကုရ်ဘာနီ အီးဒ်နေ့
ပြုလုပ်ဆင်နွှဲခြင်းအားဖြင့် ရှေ့က ကောင်းခဲ့တဲ့ အစဉ်အလာတွေကို ထိခိုက်နိုင်တဲ့အတွက် ဒီနှစ်အတွက် စွန့်လွှတ် လိုက်ရတာပါ” ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ ၎င်းတို့၏ တသက်တာ နှစ်စဉ်ကျင်းပနေကျ ဘာသာရေးပွဲတော်အား ဆင်ယင်ကျင်းပမှုမပြုဘဲ စွန့်လွှတ်လိုက် ရခြင်းနှင့် ပတ်သက်၍ “ဒီနေ့ထူးနေ့မြတ်ဆိုတာ တနှစ်လုံး စောင့်နေတဲ့ရက်ပါ။ ဒီရက်ကို စွန့်လွှတ်ရတဲ့အတွက် မူဆလင်အားလုံးကတော့ အတိုင်းမသိ ဝမ်းနည်းပါတယ်။ ဒါပေမယ့် အဲဒီ ဝမ်းနည်းတာက ရခိုင်ဒေသဖြစ်စဉ်ကို အကြောင်းပြုပြီးတော့ ကျနော်တို့နိုင်ငံမှာ မကြုံဖူးတဲ့ ဒီလိုကိစ္စရပ်တွေ ဖြစ်နေတာဟာ ပိုဝမ်းနည်းစရာဖြစ်ပါတယ်” ဟု ဦးဝဏ္ဏရွှေ က ပြောသည်။

ထိုသို့ အီးဒ်နေ့ မကျင်းပတော့ခြင်းမှာ အစ္စလာမ်ဘာသာဝင်များ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများလည်း ရှိပြီး ထိပ်တိုက်ပြဿနာ မတိုးပွားလာစေရန်အတွက်လည်း ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်တဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး က ပြောသည်။

“ရခိုင်အရေးပြဿနာကို တချို့က ဘာသာရေးအသွင် ပြဿနာဖြစ်လာအောင် ဆွဲယူနေတယ်။ ဘယ်သူရယ် ဘယ်ဝါရယ်ဆိုပြီး မပြောလိုပါဘူး။ အစိုးရပေးတဲ့ လုံခြုံရေးက အစ္စလာမ်ဘာသာဝင် အာလုံးအတွက် လုံခြုံတယ်လို့ မထင်ဘူး။

အစ္စလာမ်ဘာသာဝင်တွေက မြန်မာတနိုင်ငံလုံး ပြန့်ကျဲနေပါတယ်။ ရန်ကုန်မြို့၊ မန္တလေးမြို့လုံခြုံခြင်းဟာ
မြန်မာပြည်လုံခြုံတယ်လို့ မယူဆပါဘူး။ ခုလိုပြဿနာတွေ မီးပွားလိုဖြစ်နေတဲ့ အခါမျိုးမှာ ပြဿနာတခု ဝင်လာခဲ့ရင် တိုင်းပြည်အတွက်လည်း မကောင်းနိုင်ဘူး။ လူ့အဖွဲ့စည်းအတွက်လည်း မကောင်းနိုင်ဘူး ဆိုတဲ့အမြင်အရ မလုပ်တာပါ” ဟု ဆိုသည်။

အနီးခေတ် မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့ကို မကျင်းပဘဲ
ရှောင်ကွင်းခဲ့ရသည့်ဖြစ်ရပ် သုံးကြိမ်ဖြစ်ခဲ့ဖူးသည်။ ၁၉၈၃၊ ၁၉၈၇ နှင့် ၁၉၉၇ ခုနှစ်များက ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့မှု များကြောင့် အီးဒ်နေ့များ မကျင်းပရန် ဆုံးဖြတ်
ရှောင်ကြဉ်ခဲ့ကြရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ က ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates