Thursday, October 25, 2012

အင်းလေး ရေပေါ်ဈေး ပြန်ဖော်ထုတ်သင့်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များ အကြံပြု

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၉ မိနစ်

ရန်ကုန် မဇ္ဈိမ ။  ။ နိုင်ငံခြားသား ခရီးသည်များ အများဆုံး စိတ်ဝင်စားမှုရှိခဲ့သော အင်းလေးဒေသရှိ
ရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်သင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက
ပြောဆိုကြသည်။

“အင်းလေးဒေသရဲ့ ရေပေါ်ဈေးဆိုတာ ကမ္ဘာပေါ်မှာ တခုတည်းသာရှိခဲ့တဲ့ သဘာဝ ရေပေါ်ဈေး
ဖြစ်ပါတယ်။ ထိုင်းမှာရှိတဲ့ ရေပေါ်ဈေးဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကမှ ဖန်တီးပြုလုပ်ပြီး
နိုင်ငံခြားသား ခရီးသည်တွေလည်း အတော်စိတ်ဝင်စားကြပါတယ်။

အင်းလေးဒေသမှာရှိတဲ့ ရေပေါ်ဈေးက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တိမ်ကောသွားတာ၊ ကုန်းပေါ်တတ်ပြီး ဈေးရောင်းလာကြတယ်။ အခုဆိုရင် နာမည်ပဲ ကျန်တော့တယ်။ ဒီလိုရှားပါးတဲ့ သဘာဝ ရေပေါ်ဈေးကို ပြန်လည် ဖော်ထုတ်နိုင်ရင်တော့ ခရီးသွားတွေကို အတော်ဆွဲဆောင်နိုင်တဲ့
နေရာတခု ဖြစ်လာမှာပါ” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (တောင်ကြီးဟိုတယ်ဇုန်) မှ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။

တောင်ကြီး ဟိုတယ်ဇုန်မှ အင်းလေး ညောင်ရွှေဒေသတွင် ဟိုတယ် အလုံး ၄၀၊ ကလောဒေသတွင် ဟိုတယ် ၂၃ လုံး၊ လွိုင်ကော်ဒေသတွင် သုံးလုံး၊ ပင်းတယ်ဒေသတွင် ငါးလုံး ရှိသည်။

အင်းလေးဒေသ ရွာမရွာတွင် တည်ရှိခဲ့သည့် ရေပေါ်ဈေးလေးမှာ အရှည်ပေ ၁၅၀ ဝန်းကျင် ရှိခဲ့သည်။ ၎င်းအား အတုယူ၍ ထိုင်းနိုင်ငံက ဖန်တီးနိုင်ခဲ့၍ ယခုအချိန်တွင် အာရှ၌ ဘန်ကောက် Damnoen Saduak ရေပေါ်ဈေး တခုသာ လူသိများနေရသည်။ ထိုဈေးတွင် အစားသောက်နှင့် သစ်သီးဝလံ မျိုးစုံအပြင်၊ အဝတ်အထည်နှင့် လက်မှုပညာများပါ လှေချင်းထိ၍ ရောင်းချကြကာ နိုင်ငံခြားသား ဧည့်သည်များဖြင့် အလွန်စည်ကားသည်ဟု ဆိုသည်။

“ရေပေါ်ဈေးစာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အင်းလေးဒေသမှာ ရှိခဲ့ပါတယ်။ လုပ်ယူဖန်တီးထားတာ မဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ ရေပေါ်ဈေးနေရာလေး တခုက အခြားပုံစံနဲ့ ဖြစ်တည်သွားတာ နှမြောစရာကာင်းပါတယ်။ ကျနော်တို့ အားလုံး နဂိုအတိုင်း ရှိအောင် ပြန်ကြိုးစားသင့်ပါတယ်။ ရေပေါ်ဈေးဟာ အင်းလေးဒေသ အတွက်လည်း ဂုဏ်ယူစရာနေရာလေးပါ” ဟု May Guest House မှ လုပ်ငန်းရှင် ဦးညီညီတင် က ဆိုသည်။

ခရီးသွားလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည့် ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ ပညာရှင် ဦးခင်မောင်ထွေး က “ကျနော် ခရီးသွားလုပ်ငန်းမှာ ဝင်လုပ်ခဲ့က နိုင်ငံခြားသား ဧည့်သည်တွေကို အင်းလေးကို လိုက်ပို့ခဲ့ရတယ်။ အင်းလေးက ပြန်လာပြီးတဲ့ ဧည့်သည်တွေတိုင်းက တောတောင်ရေမြေ သဘာဝ အလှတရားတွေနဲ့
ပြည့်စုံနေတာကြောင့် အင်းလေးဟာ ကမ္ဘာပေါ်မှာ ဘယ်လိုနေရာမှာမှ မရှိနိုင်တဲ့ နေရာမျိုးတဲ့။ တခေါက်ရောက်ပြီးရင် နောက်တခေါက် ပြန်သွားချင်တယ်။ အင်းလေးကို နောက်တခါ ပြန်သွားနိုင်အောင် ကြိုးစားမယ်လို့ ပြောကြတယ်။ ခြုံပြောရရင် အင်းလေးဟာ ခရီးသွားလုပ်ငန်းအတွက်သာ မဟုတ်ဘဲ နိုင်ငံအတွက်ပါ ဂုဏ်ယူစရာ နေရာတခုပါ” ဟု ဆိုသည်။

ထို့ပြင် “ရန်ကုန်-အင်းလေး အဝေးပြေးလမ်းမကြီး တခုကို ၄ - ၅ နာရီခရီးနဲ့ သွားနိုင်အောင် အစိုးရဘက်က ပံ့ပိုးကူညီပေးလိုက်ရင် အင်းလေးဒေသဟာ ပြည်ပခရီးသည် အများဆုံး ဝင်ရောက်တဲ့နေရာ ဖြစ်လာမှာပါ” ဟု ဦးခင်မောင်ထွေး က အကြံပြုသည်။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်မှာ မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကန် ဖြစ်ပြီး
ဖောင်တော်ဦး ဘုရားဖူးနှင့် ကမ္ဘာ့ခရီးသွားများ သွားရောက်လေ့ရှိသည်။

မူလက ရေပြင်ဧရိယာ ၁၀၀ စတုရန်းမိုင်အထိ ရှိခဲ့ရာမှ ၂ဝဝ၈ ခုနှစ်တွင် ၂၃ မိုင်ခန့်သာ ရှိတော့ကာ ၂ဝ၁ဝ ခုနှစ်ထဲတွင် စံချိန်တင် ရေခမ်းခြောက်ခဲ့သည်။ 

ရေခမ်းခြောက်ကာ ရေအဆိပ်သင့်နေသည့် အင်းလေးကန်အတွင်း ကျေးရွာ၊ နေအိမ်နှင့် ကျွန်းမျောများ ထပ်မံ မဆောက်လုပ်ရန် အပါအဝင် ၁ဝ ချက်အား ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂၀၁၁ ခုနှစ်၊ ဇွန်လပိုင်းက ပြုလုပ်သည့် ဆွေးနွေးပွဲတရပ်တွင် တိုက်တွန်းခဲ့ဖူးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates