Monday, October 15, 2012

ဒက္ကာ တက္ကသိုလ်မှာ မြန်မာနှင့် ရိုဟင်ဂျာအရေး ဆွေးနွေး

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာတက္ကသိုလ်၌ စနေနေ့က ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတခုတွင် မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအား ဝေဖန်ဆွေးနွေးခဲ့ကြသည်။

‘မြန်မာနိုင်ငံ၏ နိုင်ငံသားပြဿနာနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆက်ဆံရေး’ ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ နှီးနှော ဖလှယ်ပွဲတွင် ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် လက်မခံသည့် မြန်မာနိုင်ငံ ဥပဒေကို ဝေဖန်ပြစ်တင်သွားကြကြောင်း Daily Star သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဥပဒေတွင် ထိုသို့ ခွဲခြားမှုများရှိနေ၍ ကော့ဘဇားဒေသတွင်းသို့ ရိုဟင်ဂျာများ အစုအပြုံလိုက် ရောက်ရှိလာကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခက်ခဲဒုက္ခဖြစ်စေသည်ဟု ပါမောက္ခများ အပါအဝင် ဆွေးနွေးသူများက ဆိုကြသည်။

သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် “မြန်မာနိုင်ငံ သား ဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်-၄)အား ပယ်ဖျက်သင့်ကြောင်း” အဆိုကို စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် ၇ မှ ဦးတင်မြ က တင်သွင်းရာ အခြား ကိုယ်စားလှယ် တဦးက ထောက်ခံပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

ဇူလိုင်လအတွင်းက စစ်တွေနှင့် မောင်တောမြို့ အပါအဝင် မြန်မာနိုင်ငံသို့ လာရောက် လေ့လာသွားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကလည်း အဆိုပါ နိုင်ငံသားဖြစ်မှု ဥပဒေအား ပြန်လည် သုံးသပ်ရန် အစိုးရအား တိုက်တွန်းသွားဖူးသည်။

သို့သော် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ကမူ “၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေက အဲ့ဒီတုန်းက အာဏာရှင်စနစ် အောက်မှာ ပြုထားသော်လည်း လူ့အခွင့်ရေးကို အသိမှတ်ပြုတယ်။

နိုင်ငံသား မဟုတ်တဲ့ လူတွေကို ဧည့်နိုင်ငံသား ပြုခွင့် ပေးထားတယ်။ မပေးထားတာ တချက်ပဲ။ နိုင်ငံသား မဟုတ်တဲ့ အတွက် သမ္မတ လုပ်လို့ မရဘူး၊ လွှတ်တော်ကိုယ်စားလှယ် လုပ်လို့မရဘူး။ နိုင်ငံရေး ရာထူးတွေ ယူလို့မရအောင် လုပ်ထားတယ်။ ဒါက ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး။ တခြားနိုင်ငံမှာလည်း
နိုင်ငံသားမဟုတ်တဲ့လူတွေ ဒီလိုကန့်သတ် တာပဲ” ဟု ၎င်း၏ ပါတီ နှစ်ပတ်လည်အခမ်းအနားတွင်
ပြောဆိုသွားသည်။

ထို့အတူ ရခိုင်လူမျိုးများကလည်း အဆိုပါ ၁၉၈၂ ဥပဒေအား ပြင်ဆင်မှုပြုရန် မလိုကြောင်း ဆန္ဒထုတ်ဖော်မှုများ ရှိနေသည်။

မြန်မာအစိုးရနှင့် ရခိုင်ပြည်သူများက မြန်မာနိုင်ငံသားများ မဟုတ်ကြဘဲ တဖက်နိုင်ငံမှ တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီများ အဖြစ်သား သတ်မှတ်ထားပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ၎င်းတို့နိုင်ငံသားများ မဟုတ်ဟူ၍ ငြင်းပယ် ထားသည့် ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သုံးသိန်းခန့် ဒုက္ခသည်များအဖြစ် နေထိုင်လျက်ရှိကြောင်း ကုလဒုက္ခသည်ရုံး UNHCR က ဆိုသည်။

ထိုပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်ကြောင်းလည်း အောက်တိုဘာလ ၁၃ ရက်နေ့ ဒက္ကာတက္ကသိုလ်
ဆွေးနွေးပွဲက အလေးပေးခဲ့ကြသည်။

-----

နတ်မြစ်တွင်းမှ ယာဘဆေးပြားများ ဖမ်းဆီးရမိ

မြန်မာနိုင်ငံ မောင်တောမြို့၏ တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခနက်နယ်အတွင်းရှိ နတ်မြစ်အတွင်းမှ
လှေတစင်းပေါ်တွင် ယာဘဆေးပြား ၄ဝ,ဝ၈၈ ပြားကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ စနေနေ့က ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးများ သယ်ဆောင်လာသူ မြန်မာနိုင်ငံသား သုံးဦးအား တက်ခနက် ရဲဌာနသို့ လွှဲပြောင်းပေးအပ် လိုက်ကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates