Wednesday, October 17, 2012

ဘိလပ်မြေ တန်ချိန် ၁၁၀,၀၀၀ ကျော် တင်သွင်းမှုရှိခဲ့

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပြည်တွင်း ဘိလပ်မြေ စက်ရုံများ၏ ထုတ်လုပ်မှုမှ မလုံလောက်၍ ယခုနှစ် စက်တင်ဘာလ အတွင်း ဘိလပ်မြေ တန်ချိန် တသိန်း တသောင်းကျော် တင်သွင်းမှုရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။

“စက်တင်ဘာလထဲမှာ ဘိလပ်မြေကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တဆင့် ၁,၃၂၈ တန် တင်သွင်းမှု ရှိခဲ့သလို ပင်လယ်ရေကြောင်းကလည်း တန်ချိန် ၁၃၀,၀၀၀ ကျော် တင်သွင်းခဲ့ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

“နှစ်စဉ် မိုးကာလတွေ ဖြစ်တဲ့ စက်တင်ဘာတို့၊ သြဂုတ်လတို့မှာ ဘိလပ်မြေ အရောင်းပါးလေ့ရှိတယ်။ ဒီလို ကာလမှာတောင် တလကို တန်ချိန် ၁၁၀,၀၀၀ ကျော် တင်သွင်းနေရတာဟာ ဖြုန်းအား ကောင်းတာကို
ထောက်ပြတာပါပဲ။ အရင်က ရန်ကုန်ဈေးကွက်ကနေ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ အလယ်ပိုင်းဒေသတွေကို တင်ပို့ရောင်းချနေရာက အခုဆို မြစ်ကြီးနားဘက်အထိ ပို့ပေးရတာ တွေ့ရတယ်။ အရင်က မြစ်ကြီးနား ဝန်းကျင် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် လိုင်ဇာတို့၊ လွယ်ဂျယ်တို့၊ ချင်းရွှေဟော် တို့ဘက်က သွင်းကြတာ များတယ်” ဟု ဘိလပ်မြေ အများဆုံး တင်သွင်းသည့် ကုမ္ပဏီိတခုဖြစ်သော ရွှေမဲကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းလွင် က ဆိုသည်။

ပြည်ပမှ တင်သွင်းသည့် ဘိလပ်မြေ ဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်၊ စိန်တံဆိပ်နှင့် မောင်တိန်း တံဆိပ်တို့မှာ ဈေးကွက်ဝေစု အများဆုံးရရှိထားကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းချသူ လုပ်ငန်းရှင်များထံမှ သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates