Monday, October 15, 2012

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၂၄ နှစ်ပြည့် အခမ်းအနားကျင်းပ

သိန်းလှိုင် | တနင်္လာနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၇ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) တည်ထောင်ခြင်း ၂၄ နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ အရှေ့ ရွှေဂုံတိုင်လမ်းရှိ ဒို့ရိုးရာခန်းမတွင်
အောက်တိုဘာ ၁၂ ရက်နေ့ကကျင်းပခဲ့သည်။

“ဒီနှစ်မှာ ထပ်မံမှတ်ပုံတင်တာဆိုပေမယ့် အခုမှပေါ်လာတာ မဟုတ်ဘူး။ သက်တမ်း အားဖြင့် ၂၄ နှစ်အရွယ် ရှိနေပြီဆိုတာ လေးနက်ထင်ရှားစေချင်တာရယ်၊ ယခင်ကတည်းက ပြည်ထောင်စု အပေါ် ထားရှိတဲ့ ကျနော်တို့ရဲ့ သဘောထားနဲ့ လက်ရှိရခိုင်ဒေသ အရေးအခင်းတွေနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့သဘောထားကို သိသာထင်ရှားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပရတာ ဖြစ်တယ်” ဟု ပါတီ အတွင်းရေးမှူး ဦးမျိုးကျော် က ဆိုသည်။

အခမ်းအနားသို့ မကြာသေးမီက အမေရိကန်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ဥက္ကဋ္ဌ ဦးအေးသာအောင် က ခရီးစဉ်အတွေ့အကြုံနှင့် အမေရိကန်ရှိ တိုင်းရင်းသား ခေါင်းဆောင်များ၏ ရခိုင်ရေးရာ ဆွေးနွေးချက်များကို ပြောကြားသည်။

ALD နှစ်ပတ်လည်နေ့ ကြေညာစာတမ်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်မူနဲ့ မကိုက်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်။

ပြည်တွင်းစစ် ရပ်စဲရေးအတွက် တတ်နိုင်တဲ့ဖက်က ကူညီဆောင်ရွက်မယ်၊ စက်တင်ဘာမှာ ကျင်းပခဲ့တဲ့ ရသေ့တောင် လူထုစည်းဝေးပွဲကြီးရဲ့ကြေညာစာတမ်းပါ အချက်အားလုံးကို ခြွင်းချက် မရှိ ထောက်ခံတယ်။ RNDP သို့ ကမ်းလှမ်းထားတဲ့ ပူးပေါင်းရေးအဆိုနဲ့အညီ ရခိုင်နိုင်ငံရေးပါတီ အားလုံးနှင့် ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်မယ်” ဟု ပါတီခေါင်းဆောင်တဦးက ပြောပြသည်။

ထို့ပြင် “အကြမ်းဖက်သမားတွေကြောင့် ပြည်တွင်းပြည်ပ ရခိုင်လူမျိုး တို့အပေါ် ကျရောက်နေတဲ့ ခါးသီးမှုတွေကို ရခိုင်ပြည်သူလူထုနှင့် ထပ်တူခံစားရတယ်။ စီမံကိန်း တွေက ရခိုင်ဒေသဖွံ့ဖြိုးရေးကို လက်တွေ့ ခံစားနိုင်ရေးနဲ့ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုလည်း ကာကွယ်သွားမယ်” ဟု ဆက်လက်ပြောပြသည်။

အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သဘာပတိအဖွဲ့ဝင်များ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ ရခိုင်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ALD မြို့နယ်ကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ALD မှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးဖြင့် တတိယ အများဆုံး အနိုင်ရရှိခဲ့ပြီးနောက် စစ်အစိုးရ၏ တဖက်သတ် ပါတီဖျက်သိမ်းခြင်းကိုခံရကာ ၂၀၁၂ ခုနှစ်၊ မေလတွင် ထပ်မံ မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates