Sunday, October 14, 2012

ရွှေဂုံတိုင် လမ်းဆုံအနီး ယာဉ် လေးစီးတိုက်မှု ဖြစ်

အောင်ကြည် | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၀၀ နာရီ ၁၈ မိနစ်    

ရန်ကုန် (မဇ္ဈိမ)။       ။ ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲကျော်ခန့်က ယာဉ်လေးစီးတိုက်မှု ဖြစ်ပွားခဲ့ရာ လူလေးဦး ဒဏ်ရာ အနည်းငယ်စီ ရရှိကာ ကားနှစ်စီး အနည်းငယ် ပျက်စီးပြီး လမ်းဘေး ဓါတ်တိုင်တတိုင် ပြိုလဲသွားသည်။

အုတ်ခဲများ တင်ဆောင်လာပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း ဦးကတုံး
မောင်းနှင်လာသော ကုန်တင်ယာဉ်အမှတ် ၁က/၂၆၄၇ သည် ရွှေဂုံတိုင် လမ်းဆုံအနီး ကမ္ဘာအေး ဘုရားလမ်းနှင့် ဓမ္မ စေတီလမ်း မီးပွိုင့်အရောက်တွင် ဘရိတ်ပေါက်ကာ လမ်းဘေး ပလက်ဖောင်းပေါ်ရှိ ဓါတ်တိုင်ကို ဝင်တိုက်ပြီးနောက် ရွှေဂုံတိုင် မီးပွိုင့်တွင် ရပ်နားထားသော ဆလွန်းကား သုံးစီးကို ဆင့်ကဲ တိုက်မိပြီးမှ ရပ်တန့်သွားသည်။

“ကျနော့် ကားက မီးပွိုင့်မိလို့ ရပ်ထားတာ နောက်ကနေ ဆူညံသံတွေ ကြားလိုက်ရတော့ လှည်ကြည့်တာ ကုန်တင်ကား တစီး ပလက်ဖောင်းပေါ် တက်ပြီး တခြမ်းစောင်း မောင်းလာတာ တွေ့လိုက်ရတဲ့ အချိန်မှာပဲ ကားက ဓါတ်တိုင်ကို တိုက်လိုက်တာ ဓါတ်တိုင်က လဲပြီး ကျနော့်ကား စက်ဖုံးပေါ် လာကျတယ်” ဟု ဆူပါ ဆလွန်း အငှားယာဉ်မောင်း က ပြောသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းဆုံအနီးတွင် ယာဉ်လေးစီးတိုက်မှု ဖြစ်ပွားခဲ့ရာ လူလေးဦး ဒဏ်ရာ အနည်းငယ်စီ ရရှိ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

“တော်သေးတာပေါ့ဗျာ ဓါတ်တိုင်က ကားခေါင်မိုးပေါ် မကျလို့ ကားနောက်ခန်းမှာလည်း ခရီးသည်
နှစ်ယောက် ပါလာသေးတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သော တိုယိုတာ ကယ်ဒီနား အငှား ယာဉ်မောင်း ဖြစ်သူ ဦးဝင်းနိုင်က “ကျနော့်ကားကို နောက်ကနေ ဝင်တိုက်လိုက်တော့ ကားက လည်ထွက်သွားတယ်။ တိုက်မိမိချင်း ကျနော့်စိတ်ထင် ကားတောင် ပက်လက်လန်သွားမယ် ထင်ခဲ့တာ” ဟု ဆိုသည်။

“ကားပေါ်မှာတော့ ခရီးသည် မပါပါဘူး။ ကားက အသစ်စက်စက်ပဲ ရှိသေးတာ ကျနော်က အငှားမောင်းတာပါ။ ပိုင်ရှင်နဲ့တော့ ပြဿနာ တက်တော့မှာပဲဗျာ” ဟု ဦးဝင်းနိုင် က ညည်းငြူသည်။

ကုန်တင်ယာဉ်သည် ဓါတ်တိုင်ကို တိုက်ပြီး ဆူပါဆလွန်းကား ၄/က …. အငှားယာဉ်ကို ထပ်မံ တိုက်မိပြီးနောက် တိုယိုတာ ကယ်ဒီးနား ၅ ဃ/ .. အငှားယာဉ် နောက်ပိုင်းကို ဝင်တိုက်မိရာ တိုယိုတာကယ်ဒီနား ယာဉ်မှတဆင့် ရှေ့တွင်ရပ်ထားသော တိုယိုတာ ၁/င ကိုယ်ပိုင်ဆလွန်းယာဉ်ကို ဝင်တိုက်မိခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းဆုံအနီးတွင် ယာဉ်လေးစီးတိုက်မှု ဖြစ်ပွားခဲ့ရာ လူလေးဦး ဒဏ်ရာ အနည်းငယ်စီ ရရှိ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ယာဉ်တိုက်မှုကြောင့် ကုန်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော အလုပ်သမား လေးဦး ဒဏ်ရာ အနည်းငယ်ရပြီး တိုယိုတာ ၁င/ ကိုယ်ပိုင်ဆလွန်းကားနှင့် ဆူပါဆလွန်း အငှားယာဉ်တို့မှာ ထိခိုက်မှု နည်းပါးသော်လည်း ၅ဃ/ အငှားယာဉ်မှာ ကားနောက်ပိုင်းနှင့် ယာဉ် ယာဖက်ဘေး ပျက်စီးသွားသည်။

“ကျနော်တို့ ကားက မောင်းလာတာ အရှိန် သိပ်မပြင်းပါဘူး။ မီးပွိုင့်မှာ ဘရိတ်ပေါက်ပြီး ယာဉ်မောင်းလည်း ဂီယာနဲ့ ကားကို အရှိန်ထိန်းဖို့ ကြိုးစားပေမယ့် ကုန်းဆင်း ဖြစ်တဲ့အတွက် ဂီယာထိုးလို့ မရဘူးဖြစ်နေလို့ ကားက ပလက်ဖောင်းပေါ်ကို တက်သွားတာ” ဟု ကုန်တင်ကားပေါ်တွင် ပါလာသော ရွှေပြည်သာ မြို့နယ်နေ အလုပ်သမား ဦးနိုင် က ဆိုသည်။

ကုန်တင်ကားသည် ပလက်ဖောင်းပေါ်တက်ပြီး ဓါတ်တိုင်ကို ဝင်တိုက်မိချိန်တွင် ယာဉ်ပေါ်တွင် ပါလာသော အလုပ်သမား ခုနှစ်ဦးအနက် လေးဦးမှာ ကြောက်လန့် တကြားဖြင့် ယာဉ်ပေါ်မှ ခုန်ချခဲ့ရာမှ ဒဏ်ရာ အနည်းငယ်စီ ရရှိသွားခြင်း ဖြစ်သည်။

ဘရိတ်ပေါက်သွားသော ကုန်တင်ယာဉ်သည် ရွှေပြည်သာ မြို့နယ်မှ အုတ်နီခဲများကို ဗဟန်းမြို့နယ်ရှိ
ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ တင်ဆောင်လာစဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်အသွားအလာ များပြားသော ရွှေဂုံတိုင်လမ်းဆုံတွင် ဂုံးကျော်တံတား တစင်း တည်ဆောက်ရန် မြို့တော် စည်ပင် သာယာရေး ကော်မတီက Capital Development ကုမ္ပဏီကို တာဝန်ပေးထားပြီး
ဖြစ်သော်လည်း ယခု အချိန်အထိ မြေစမ်းသပ် တိုင်းတာခြင်း လုပ်ငန်းကိုသာ လုပ်ကိုင်နေကြောင်း သိရှိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates