Friday, September 14, 2012

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်အရေး ပွင့်လင်းမြင်သာမှုရှိရန် HRW ပန်ကြား

ဟင်္သာနီ (မွန်မြေ) | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၄ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၁ဝ ခုမှ ဒုက္ခသည်များ လုံခြုံရေးအရ စိတ်ချရစွာ နေရပ်ရင်း ပြန်နိုင်ရန်အတွက် ပွင့်လင်းမြင်သာသည့် ဒုက္ခသည် ပြန်လည် နေရာချထားရေး အစီအစဉ်များအား ချမှတ်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW အာရှဒေသ လက်ထောက် ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန် Phil Robertson က ပြောကြားလိုက်သည်။

“ကျနော် ထောက်ပြချင်တာက အစိုးရတပ်ကရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ
မြေမြှုပ်မိုင်းတွေ သုံးစွဲနေကြတယ်။ ဒါတွေကို ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ပြီး အခြေချနေထိုင် လုပ်ကိုင် စားသောက်ဖို့ မြေယာတွေကို ခရိုနီ စီးပွားရေး လုပ်ငန်းရှင်တွေက စိုက်ပျိုးမြေနဲ့ အခြား စီးပွားရေး လုပ်ငန်းတွေ အတွက် သိမ်းပိုက်ထားမှုတွေ၊ နောက်တချက်က ဒီဒုက္ခသည်တွေ
နေရပ် ပြန်နိုင်ဖို့ အသေးစိတ် အစီအစဉ် ချမှတ်မှုမှာ UNHCR၊ ထိုင်းအစိုးရ၊ မြန်မာအစိုးရတွေအကြား ပွင့်လင်းမြင်သာတဲ့ အစီအစဉ်ကို ထုတ်ပြန် ကြေညာမှု မရှိသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

သက်ဆိုင်ရာ UNHCR၊ ထိုင်းနှင့် မြန်မာ အစိုးရတို့အကြား ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေးအတွက်
ဆောင်ရွက်နေကြသည်ဟု ဆိုသော်လည်း လက်တွေ့ လုပ်ဆောင်ရာ၌ အခက်အခဲများ ရှိနေဆဲဟု ဆိုသည်။

ဒုက္ခသည်များ နေရပ် ပြန်နိုင်ရန် အစီအစဉ် ရေးဆွဲချမှတ်ရာ၌ စခန်းတခုချင်း၊ မိသားစု တစုချင်း၊ ဒုက္ခသည် တဦးချင်း အပေါ် သဘောထားအမြင် ကောက်ခံရန် လိုအပ်ပြီး ၎င်းဒုက္ခသည် များ၏ ပြန်လို မပြန်လို ဆန္ဒများကိုလည်း သက်ဆိုင်ရာ အစိုးရများမှ အလေးအနက် ကောက်ခံရန်နှင့် ဒုက္ခသည်များနှင့် ဆွေးနွေး တွေ့ဆုံပွဲများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ရန် လိုအပ်သည်ဟု ၎င်းက ထောက်ပြ ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများ၏ အခြေအနေများနှင့် ပတ်သက်၍ HRW အဖွဲ့က Ad Hoc and Inadequate (Thailand’s Treatment of Refugees and Asylum Seekers) အမည်ရှိ စာမျက်နှာ ၁၅၃ မျက်နှာရှိ အစီရင်ခံစာ တစောင်အား ထုတ်ပြန်ခဲ့ပြီး ထိုင်းအစိုးရ၏ ဒုက္ခသည်များအပေါ် ကိုင်တွယ် ပြုမူမှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်
ထောက်ပြခဲ့သည်။

“ထိုင်းနိုင်ငံသည် ဒုက္ခသည် သိန်းဂဏန်း ကျော်အား ဆယ်စုနှစ် သုံးခု ကျော်ခန့် လက်ခံထားပြီး ဖြစ်သော်လည်း ၎င်း၏ ဒုက္ခသည်ဆိုင်ရာ မူဝါများမှာ အားနည်းချက် များစွာ ရှိနေသေး၍ အာဏာပိုင်များအတွက် ဒုက္ခသည်များအပေါ် ထင်သလို ပြုမူနိုင်နေသေးသည့် အနေအထား ရှိ၍ ၎င်းပေါ်လစီမှာ အားနည်းမှု၊ မပြည့်စုံမှုများကို ဖော်ပြနေဆဲ” ဟု အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

“စခန်း အာဏာပိုင်တွေ၊ ထိုင်းပြည်သူ့ရဲတွေ၊ အော်ဆော် (စခန်း လုံခြုံရေးရဲ) တွေက အကျင့်ပျက် ခြစားမှုနဲ့ ဒုက္ခသည် တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိနေပါတယ်။ စခန်း ဒုက္ခသည်တွေအတွက် ရိက္ခာတွေကိုလည်း အာဏာပိုင်တွေနဲ့ အဆင့်ဆင့် ဝန်ထမ်းတွေက
ဖြတ်တောက်မှုတွေ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ချမှတ်ထားတဲ့ လာဘ်စားမှု တိုက်ဖျက်ရေးနဲ့ အခြား ဆိုင်ရာဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သင့်ပါတယ်” ဟု ဖီးလ် ရောဘတ်ဆန် က မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်ပေါင်း ၈၅,၈၇၆ ဦး ရှိပြီး ပြည်တွင်း
ရွှေ့ပြောင်း ဒုက္ခသည် စခန်း (IDP) ခုနှစ်ခုတွင် ဒုက္ခသည် ၁၇,၄၄၄ ဦး ရှိသည်ဟု HRW အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဒုက္ခသည် စခန်းများရှိ လူမျိုး များအနက် ကရင်လူမျိုးမှာ ၇၈.၈ ရာခိုင်နှုန်း ရှိပြီး ကျန် တိုင်းရင်းသားများ ဖြစ်ကြသည့် ကရင်နီ (ကယား)၊ မြန်မာ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်နှင့် အခြား လူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံ၏ ဒုက္ခသည်ဆိုင်ရာပေါ်လစီ အားနည်းမှုကြောင့် အာဏာပိုင်များအတွက် အကျင့်ပျက်ခြစားမှုနှင့် ချိုးဖောက်မှုတို့ ကျူးလွန်နိုင်စေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေပြီး အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် ဒုက္ခသည်များ၏ အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ သွားလာခွင့်နှင့် အခြား ရပိုင်ခွင့်များကို ပိတ်ပင် ထားသည့် အုပ်ချုပ်မှုများ ရှိနေသည်ဟု ရောဘတ်ဆန် က ဆိုသည်။

HRW သည် နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပြီး ရုံးချုပ်အား အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ထားရှိကာ အခြား ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၄ဝ ကျော်၌လည်း ရုံးများ ဖွင့်လှစ်ထားသည်။ နိုင်ငံများ၌
ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ အစီခံစာများ ပြုစုခြင်း၊ ပညာပေးခြင်း၊ သုသေတန လုပ်ခြင်းများကို ဆောင်ရွက် လျက် ရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates