Tuesday, September 11, 2012

ရန်ကုန်မြို့ ၃၈ လမ်း တိုက်ခန်းမီးလောင်မှု တစ်ဦးသေဆုံး

သစ်ငြိမ်း၊ ရတနာဦး | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၂၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။         ။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၆ ရပ်ကွက် ၃၈ လမ်း (အလယ်) ရှိ တိုက်ခန်း တစ်ခန်းတွင် စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မီးလောင်မှုကြောင့် တိုက်ခန်းအတွင်း နေထိုင်သော လေဖြတ်ရောဂါ ခံစားနေရသည့် အသက် ၈၁ အရွယ်ရှိ အဘိုးအို တစ်ဦး သေဆုံးသွားခဲ့ပြီး မီးလောင်မှုမှာ တိုက်ခန်းအတွင်းရှိ လျှပ်စစ် မိန်း ခလုပ်ဘုတ် အပူလွန်ကဲရာ မှ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ် တပ်ဖွဲ့မှ အရာရှိက ဆိုသည်။

မီးလောင်မှု ဖြစ်ပွားချိန်တွင် သေဆုံးသွားသော အဖိုးအို တစ်ဦးသာ တိုက်ခန်းထဲတွင် ရှိနေခဲ့ရာ မီးလောင်မှု အကြောင်းရင်းကို ဆန်းစစ်ရာတွင် လျှပ်စစ် မိန်းခလုပ်ဘုတ်မှ စတင်လောင်ကျွမ်းမှုဖြစ်သည်ဟု ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးတို့ တာဝန်ရှိသူများ စုပေါင်း အဖြေထုတ်ကောက်ချက် ချခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

တိုက်ခန်း မီးလောင်မှုကို ငြိမ်းသတ်ရန် ရောက်ရှိလာသည့် မီးသတ်ယာဉ် များကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

“မီးစလောင်တာကို အိမ်တွေဆီ ရေသန့် လိုက်ပို့တဲ့ အလုပ်သမားတစ်ယောက်က စတွေ့ပြီး အော်ပြောလို့ ကျွန်တော်တို့လည်း သိရတာပါ၊ တိုက်ခန်းထဲကနေ မီးခိုးတွေ ထွက်လာမှ လမ်းထဲကလူတွေ သိရတာပါ ” ဟု ၃၈ လမ်းအတွင်း လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူ က ပြောသည်။

မီးလောင်မှုသည် ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ အိမ်အမှတ် ၁၇၁ ရှစ်ထပ်တိုက် အပေါ်ဆုံးလွှာတွင်
ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ တိုက်ခန်း မီးလောင်ချိန်တွင် နေအိမ်ခန်းအတွင်း သေဆုံးသွားခဲ့သော အဖိုးအိုတစ်ဦး
နှင့် အတူနေထိုင်သော သားဖြစ်သူ အိမ်တွင် မရှိခိုက် ဖြစ်ပွားခြင်း ဖြစ်သည်ဟု လမ်းအတွင်း နေထိုင်သူ တစ်ဦးက ဆိုသည်။

“ မီးစွဲလောင်နေတဲ့အချိန်မှာ တိုက်ခန်းထဲကနေ မီးခိုးတွေ ထွက်လာပြီး၊ တဖျောက်ဖျောက် အသံတွေလဲ ကြားလိုက်ရတယ်၊ မီးက ၂ နာရီ ခွဲ ကျော်ကျော်လောက်မှာ ငြိမ်းသွားပါတယ်” ဟု မီးစွဲလောင်သော တိုက်ခန်း မျက်နှာချင်းဆိုင် နေအိမ်တွင် နေထိုင်သော အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါတိုက်ခန်း မီးလောင်မှုကို မီးသတ်ယာဉ် ၁၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂၇ ဦးနှင့် အရံမီးသတ် တပ်ဖွဲ့ဝင် ၅၆ ဦး မီး ငြိမ်းသတ်ရန် ရောက်ရှိလာခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates