Wednesday, September 19, 2012

ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့် ကြည့် လေ့လာမှုများ ထားမည်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံးအကျိုးအတွက် လူသားချင်း စာနာ
ထောက်ထား သည့် အစီအစဉ်တခု အကောင်အထည်ဖော်ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

OIC အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ၁၆ ရက်ကြာ မြန်မာပြည်လေ့လာရေး ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် အဆိုပါ စာချွန်လွှာအရ ရန်ကုန်နှင့် စစ်တွေမြို့များတွင် “လူသားချင်းစာနာသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ စောင့်ကြည့်လေ့လာဖို့ တာဝန်ချထားခြင်း” ပြုလုပ်မည်ဟု OIC ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထိုလုပ်ငန်းများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အာဏာပိုင်များ၏ ကူညီမှုအောက်တွင် လုပ်ဆောင်သွားမည်ဟုဆိုသည်။

မြန်မာအစိုးရနှင့် OIC အကြား ရေရှည် ထိစပ်ဆောင်ရွက်မှုတခု တည်ဆောက်ရန်အပြင် ပြည်တွင်း လူမှုအုပ်စုများ အချင်းချင်း ပြန်လည်သင့်မြတ်မှုနှင့် ပြန်လည်နေရာ ချထားရေးများ အပြုသဘော
ဆောင်သည့် ခြေလှမ်းများအတွက် တိုက်တွန်း အားပေးရန် OIC သံတမန်ကြီး အူဖက် ဂေါ့ကန် Ufuk Gokcen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အာဏာပိုင်များနှင့် ကျယ်ပြန့်သော ဆက်သွယ်မှုများ ရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates