ဖနိဒါ၊ တနင်္လာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၆ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနှင့် သမီးဖြစ်သူ ပါတီဝင် ဒေါက်တာ လှကျော်ဇော်အား သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သည့် ရက်သတ္တပတ်က ဖိတ်ခေါ်လိုက်သည်ဟု သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောသည်။
အသက် ၉၃ နှစ်အရွယ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည်
ရွှေတိဂုံဘုရားဖူးလိုသည်ဟု ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ပြီးခဲ့သည့်ပတ် သောကြာနေ့က သူတို့သားအဖ နှစ်ဦးအား သမ္မတ ဦးသိန်းစိန်မှ ပြည်တော်ပြန်လာခွင့် ပြုကြောင်း ဝန်ကြီး ဦးအောင်မင်းက ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အစိုးရဖိတ်တာက ကျနော့်အဖေနဲ့ အမကို ဖိတ်ပါတယ်။ သူပြောတာက ဗိုလ်ချုပ်ကျော်ဇောက ရဲဘော်သုံးကျိပ်ဝင် တဦးအနေနဲ့ သူတို့ လက်ခံကြိုဆိုပါတယ်။ အစိုးရအနနဲ့ ဖိတ်ပါတယ်။ ဖေဖေကို
ပြုစုစောင့်ရှောက်ဖို့ သမီးနှစ်ယောက်လိုက်ပါခွင့်ပြုတယ်”ဟု သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောသည်။
လက်ရှိ တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှု ခံယူနေပြီး လက်ရှိ ဒေါက်တာ လှကျော်ဇောသည် ဖခင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောအား ပြုစုနေသည်ဟု သိရသည်။ တရုတ်-မြန်မာနယ်စပ်တလျောက် မြန်မာ့အရေးနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုနေသော ဦးအောင်ကျော်ဇောကိုမူ ယနေ့ထိ ဖိတ်ခေါ်ခြင်း မရှိသေးပေ။
ကချင်၊ ကရင်၊ ဝနှင့် ကိုးကန့်အရေးများဘက်မှ ထဲထဲဝင်ဝင် အကြံပေး ပြောဆိုမှုများ ရှိခဲ့သလို၊ လက်ရှိ အစိုးရမဟုတ်သော အစိုးရအဖွဲ့များနှင့် ဆက်သွယ်၍ ကချင်စစ်ပြေးဒုက္ခသည်များအရေး အကူအညီရရေးများ အများအပြား လုပ်ဆောင်ခဲ့ခြင်းကြောင့် တစုံတရာ ကယက်ရိုက်မည်ကို စိုးရိမ်ခြင်းကြောင့် သူ့အား မဖိတ်ခေါ်ခြင်း ဖြစ်နိုင်သည်ဟု ဦးအောင်ကျော်ဇောက ယူဆနေသည်။
“သူတို့အလုပ် သူတို့လုပ်တာဘဲ။ ကျနော်လည်း ကျနော်အနေနဲ့ ပြောမယ်ဆိုရင် ကျနော်ကို သွားခွင့်မပြုတာ ကျနော် ကျေးဇူးတောင်တင်ပါတယ်။ သူတို့က ကျနော်ကို ပြတ်ပြတ်သားသား ဒီလို သဘောထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ကို အန္တရာယ်ရှိတဲ့လူ တဦးအနေနဲ့ သတ်မှတ်ပြီး လက်မခံတာကို ကျေးဇူးတင်ပါတယ်”ဟု ဦးအောင်ကျော်ဇောက ပြောသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၁၉၅၄ ခုနှစ်တွင် ကျူးကျော်သူ ကူမင်တန် တရုတ်ဖြူတပ်များကို တိုက်ထုတ်သော ဘုရင့်နောင်စစ်ဆင်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည်။ သူကဲ့သို့ တရုတ်ဖြူတပ်များကို တိုက်ထုတ်ခဲ့သော လက်ကျန် ရဲဘော်သုံးကျိပ်ဝင်အား ပြန်တော်ပြန်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ကိုလိုနီခေတ် ဟိုင်နန်ကျွန်းသို့ သွားရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ စစ်ပညာသင်ယူခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရာ မြန်မာ့သမိုင်းတွင် ထင်ရှားသော ရဲဘော်သုံးကျိပ်ဝင်တဦး ဖြစ်သည်။
သူ့အား ၁၉၅၇ ခုနှစ်က စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည်ဟု စွပ်စွဲခံရ၍ တပ်မတော်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မိုင်း၏ ငြိမ်းချမ်းရေးအဖွဲ့မှာ ဒု-ဥက္ကဋ္ဌ လုပ်ကိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက်ထားသော တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာသွားသည်။
ရဲဘော်သုံးကျိပ်ဝင် အများစုမှာ ကွယ်လွန်သွားကြပြီ ဖြစ်၍ ယခုလက်ကျန် ဗိုလ်မှူးချုပ် ကျော်ဇောနှင့် ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ ကျန်ရှိ တော့သည်။
မကြာမီက အစိုးရအား ဆန့်ကျင်သည့် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမား အများစုအား နာမည်ပျက်စာရင်းမှ ဖယ်ရှားခဲ့သော်လည်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနှင့် သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောတို့ ပါဝင်ခြင်း မရှိသေးပေ။
ယခုလဆန်းပိုင်းက ပြည်တော်ပြန်သွားခဲ့ကြသော အတိုက်အခံများ ဖြစ်ကြသည့် ဒေါက်တာနိုင်အောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေမှ ဦးညိုအုန်းမြင့်၊ ဒေါက်တာသောင်းထွန်းနှင့်
မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ် FTUBမှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်တို့ ယမန်နေ့ တနင်္ဂနွေနေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ပြောဆိုခဲ့ပြီးနောက် ရက်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်သည်ဟု ဦးညိုအုန်းမြင့်က ပြောသည်။
“အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ထားပါတယ်။ ရက်က အကန့်အသတ်မရှိ ရွှေ့ရအုန်းမှာ ဖြစ်ပါတယ်။ ဒီတခေါက်ကတော့ သမ္မတကြီးက အရေးကြီးတဲ့ကိစ္စရှိတာနဲ့ ရက်ရွှေ့ထားပါတယ်။ နောက်ပိုင်းတော့
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု လက်ရှိ ငြိမ်းချမ်ရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီး ဦးစိုးသိန်းတို့ ကြိုးစားလုပ်ဆောင်ပေးခြင်းဖြင့် ယခုကဲ့သို့ သမ္မတနှင့် တွေ့ဆုံမည့် အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး နှစ်ဖက်တွေ့ဆုံမည့် အစီအစဉ်အား ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်ဟု ယူဆသည်ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့က မြန်မာအစိုးရက နိုင်ငံရေး ယုံကြည်ချက်ကြောင့် ပြည်ပ
ရောက်နေသော မြန်မာနိုင်ငံသားများ အပါအဝင် အမည်မဲ စာရင်း သွင်ခံထားရခြင်းနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရသူ ၆,၁၆၅ ဦးမှ ၂,၀၂၈ ဦးအား ပယ်ဖျက်လိုက်သည်။